fbpx

✅ ကုန်စည်ဖြန့်ဖြူးမှုအဆင့်များအကြောင်း သိကောင်းစရာ (Levels of distribution) ✅

ကုန်ပစ္စည်းထုတ်လုပ်သူ (သို့မဟုတ်) ဈေးကွက်ဖော်ဆောင်သူတစ်ဦးအနေဖြင့် မိမိကုန်ပစ္စည်းကို ဈေးကွက်အတွင်း (သို့မဟုတ်) သုံးစွဲသူများအကြား မည်မျှအတိုင်းအတာ မည်သည့်အဆင့်အထိ လွှမ်းခြုံပျံ့နှံ့စေလိုသည်ကို ရွေးချယ်သည့်အခါ အကြောင်းချင်းရာ အများအပြား ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်သည်။
အဓိကအားဖြင့် ကုန်စည်ဖြန့်ဖြူးမှုလမ်းကြောင်း ရှည်လျားသည်နှင့်အမျှ ကုန်ကျစရိတ် ပိုမိုများပြားလာမည်ဖြစ်ရာ ရရှိလာမည့်အကျိုးအမြတ်နှင့် ဆက်စပ်နေသည့်ကုန်ကျစရိတ်တို့အပေါ် ချင့်ချိန်သုံးသပ် ဆောင်ရွက်ကြလေ့ရှိသည်။
ကုန်စည်ဖြန့်ဖြူးရေး လွှမ်းခြုံပျံ့နှံ့မှုအတိုင်းအတာကို အောက်ပါအတိုင်း အဆင့် (၃) ဆင့် ခွဲခြားနိုင်သည် –

 (1) Mass coverage (or) intensive coverage 
လူထုအတွင်း (သို့မဟုတ်) ကျယ်ကျယ်ပြန့်ပြန့်လွှမ်းခြုံနိုင်မှု
——————————————————————
Mass coverage (or) intensive coverage ဆိုသည်မှာ မိမိကုန်ပစ္စည်းနှင့်အလားတူ ကုန်ပစ္စည်းအမျိုးအစားအား ရောင်းချနေသည့် နေရာဒေသအားလုံးနီးပါးတွင် ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဖြူးနိုင်ရန် ကြိုးပမ်းခြင်းဖြစ်သည်။
အဆိုပါကုန်စည်ဖြန့်ဖြူးမှုအဆင့်မှာ အများအားဖြင့် ဈေးနှုန်းအနည်းငယ်ဖြင့်ရောင်းချနိုင်သော ထုတ်ကုန်ပစ္စည်းမျိုးကို အလွန်ကြီးမားကျယ်ပြန့်သည့် ဈေးကွက်အတွင်း ဆွဲဆောင်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
နေရာဒေသအများအပြားတွင် ဖြန့်ဖြူးရောင်းချရသည့်အတွက် ကုန်ကျစရိတ်မှာလည်း အဆမတန်မြင့်တက်မည်ဖြစ်ရာ ရောင်းချရသည့် အရေအတွက်ပမာဏ မြင့်မားမှသာ ကုန်ကျစရိတ်ကိုကာမိနိုင်မည်ဖြစ်သည်။
လူထုအတွင်း လွှမ်းခြုံဖြန့်ဖြူးမှု နောက်နည်းလမ်းတစ်ခုမှာ အင်တာနက် (သို့မဟုတ်) Website များပေါ်မှတစ်ဆင့် ဖြန့်ဖြူးရောင်းချခြင်းဖြစ်သည်။

 (2) Selection coverage
ရွေးချယ်လွှမ်းခြုံနိုင်မှု
————————
ဤကုန်စည်ဖြန့်ဖြူးမှုအဆင့်မှာ ကုန်ထုတ်လုပ်သူ (သို့မဟုတ်) ကုန်စည်ဖြန့်ဖြူးသူအနေဖြင့် အလားတူကုန်ပစ္စည်း ရောင်းချနေသည့် နေရာဒေသများအနက် မိမိကုန်ပစ္စည်းကို မည်သည့်နေရာဒေသများတွင်သာ ရောင်းချမည်ကို သေချာစွာစိစစ်သုံးသပ်ကာ ဖြန့်ဖြူးရောင်းချခြင်းဖြစ်သည်။
မိမိရွေးချယ်ထားသည့် ဈေးကွက်ပမာဏနှင့် သဘာဝပေါ်မူတည်ကာ ဆောင်ရွက်ခြင်းသည် ဤဖြန့်ဖြူးမှု၏ အဓိကအချက်ဖြစ်သည်။
လူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့်လွှမ်းခြုံနိုင်ရန် ဖြန့်ဖြူးသည့် Mass coverage အဆင့်၏ ဈေးကွက်ပမာဏနှင့် နှိုင်းစာပါက ရွေးချယ်လွှမ်းခြုံနိုင်မှု Selective coverage အဆင့်ဈေးကွက်ပမာဏသည် ပိုမိုသေးငယ်မည်ဖြစ်သော်လည်း ရွေးချယ်ထားသည့် ဈေးကွက်အတွင်း ပိုမိုအလေးထား ဆွဲဆောင်နိုင်ရန် ကြိုးပမ်းခြင်းဖြစ်သည်။

 (3) Exclusive coverage 
အထူးသီးသန့်လွှမ်းခြုံနိုင်မှု
——————————
အချို့သောတန်ဖိုးကြီးနှင့် နောက်ဆုံးပေါ်အဆင့်မြင့်ထုတ်ကုန်များသည် သုံးစွဲနိုင်သူအရေအတွက် အနည်းငယ်မျှသာ ရှိနိုင်မည်ဖြစ်ရာ အလွန်ကျဉ်းမြောင်းသည့်ဈေးကွက် (သီးသန့်နေရာဒေသ) ကိုသာ ဦးတည်ဖြန့်ဖြူးလေ့ရှိသည်။
လူဂုဏ်တန်ဈေးဝယ်သူများအနေဖြင့် တန်ဖိုးကြီး နောက်ဆုံးပေါ် အရည်အသွေးမြင့် ပစ္စည်းမျိုးကို နှစ်သက်ယုံမက အထူးအလေးပေးဝန်ဆောင်မှုကို ခုံမင်ကြသည့်သဘောသဘာဝအရ ကုန်ပစ္စည်းထုတ်ဝေသူများအနေဖြင့် အထူးရွေးချယ်ထားသော (သို့မဟုတ်) သီးသန့်အုပ်စုမျိုးကိုသာ ၎င်းတို့ကုန်ပစ္စည်းကို ဖြန့်ဖြူးပေးလေ့ရှိသည်။
ထို့ပြင်အထူးသီးသန့် လွှမ်းခြုံနိုင်မှုအဆင့်နောက်တစ်မျိုးမှာ တန်ဖိုးကြီး (သို့မဟုတ်) နောက်ဆုံးပေါ်အဆင့်မြင့်ပစ္စည်း မဟုတ်စေကာမူ သက်ဆိုင်ရာကုမ္ပဏီ၏ အရောင်းပြခန်း (သို့မဟုတ်) အရောင်းစင်တာများတွင်သာ ပြသရောင်းချခြင်းမျိုးဖြစ်သည်။

#SuperLight #Logistics #Educating #Levels_of_Distribution

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN