fbpx

How do container terminals work?

ကုန်သေတ္တာဆိပ်ခံ (Container port) သို့မဟုတ် ကုန်သေတ္တာဝန်း (Container terminals) များသည် ကုန်စည်ထည့်သွင်းထားသော ကုန်သေတ္တာများ (Cargo container) ကို မတူညီသော သယ်ယူပို့ဆောင်ရေးယာဉ်များအကြား တစ်ဆင့်လွှဲပြောင်းပေးသည့်စခန်း (သို့မဟုတ်) နေရာဟုဆိုနိုင်သည်။
တစ်နည်းအားဖြင့် ကုန်စည်ထည့်သွင်းထားသော ကုန်သေတ္တာများကို ကုန်စည်ပေးပို့ရမည့် သက်ဆိုင်ရာဒေသများသို့ ဆက်လက်ပို့ဆောင်နိုင်ရန် အမျိုးအစားမတူညီသောယာဉ်များအကြား တစ်ဆင့်လွှဲပြောင်းပေးသည့် ကြားစခန်းဟုဆိုနိုင်သည်။
ထိုသို့ကုန်သေတ္တာများကို ထပ်ဆင့်လွှဲပြောင်းပေးပို့ရာတွင် ကုန်သေတ္တာတင်သင်္ဘောများနှင့် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးယာဉ်များ (ဥပမာ ရထား၊ ကုန်တင်ကားစသည်) အကြားလွဲပြောင်းပေးပို့မှုဖြစ်ပါက အဆိုပါကုန်သေတ္တာစခန်းကို ကုန်သွယ်ရေကြောင်းကုန်သေတ္တာဆိပ်ကမ်း (သို့မဟုတ်) ကုန်သေတ္တာဆိပ်ခံ (Maritime container port or container terminals) ဟုခေါ်ဆိုလေ့ရှိသည်။
ထိုနည်းတူပင် ကုန်သေတ္တာများ ထပ်ဆင့်လွှဲပြောင်းပေးပို့မှုသည် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးယာဉ်များအကြား (ဥပမာ ရထားနှင့် မော်တော်ယာဉ်များအကြား) လွှဲပြောင်းပေးပို့မှုဖြစ်ပါက အဆိုပါကုန်သေတ္တာစခန်းကို ကုန်းတွင်းကုန်သေတ္တာစခန်း (သို့မဟုတ်) ကုန်သေတ္တာဝန်း (Inland container port) ဟုခေါ်ဆိုကြသည်။
ကုန်သွယ်ရေကြောင်းဆိပ်ကမ်း (သို့မဟုတ်) ကုန်သေတ္တာဆိပ်ခံများကို ကြီးမားသည့်ဆိပ်ကမ်းများ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် တွေ့ရလေ့ရှိပြီး အဓိကဆိပ်ကမ်းကြီးများ၏ပတ်ဝန်းကျင်တွင် ထားရှိကြသည်။
ကုန်းတွင်းကုန်သေတ္တာစခန်း (သို့မဟုတ်) ကုန်သေတ္တာဝန်းများကို အဓိကမြို့ကြီးများအနီး (သို့မဟုတ်) မြို့ကြီးများအတွင်းတွင်တွေ့ရှိရပြီး ကုန်သွယ်ရေကြောင်းကုန်သေတ္တာဆိပ်ကမ်းများနှင့် လမ်းပန်းဆက်သွယ်ရေး (အထူးသဖြင့် ရထားလမ်း) ကောင်းမွန်အောင်စီမံထားလေ့ရှိသည်။
ကုန်သွယ်ရေကြောင်းကုန်သေတ္တာဆိပ်ကမ်းနှင့် ကုန်းတွင်းကုန်သေတ္တာစခန်း နှစ်မျိုးလုံးတွင် ကုန်စည်ထည့်သွင်းထားသော ကုန်သေတ္တာများသာမက ကုန်သေတ္တာအလွတ်များအတွက်ပါ သိမ်းဆည်းထားသိုနိုင်ရန် စီစဉ်ပေးလေ့ရှိသည်။
ကုန်စည်ထည့်သွင်းထားသော ကုန်သေတ္တာများကို ဆက်လက်ပေးပို့ခြင်းမပြုမီ ခေတ္တစောင့်ဆိုင်းစဉ် ထိန်းသိမ်းပေးထားသကဲ့သို့ ကုန်သေတ္တာအလွတ်များကိုလည်း နောက်ထပ်အသုံးမပြုမီကာလအတွင်း သိုလှောင်ထိန်းသိမ်းပေးထားခြင်းဖြစ်သည်။

✅ ကုန်သေတ္တာဆိပ်ခံတစ်ခု၏ လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့် ✅
(Processes at a container terminal)
—————————————–
ကုန်သေတ္တာတင်သင်္ဘောကြီးများသည် ကုန်သေတ္တာအတင်၊ အချ (Loading and Unloading) ကို ကုန်သေတ္တာဆိပ်ခံများတွင် ပြုလုပ်ကြရသည်။
ထိုသို့ ကုန်သေတ္တာတင်သင်္ဘောပေါ်မှ သွင်းကုန်ပစ္စည်း (Import containers) များကို ဆိပ်ခံပေါ်သို့ချခြင်း (Unloading) နှင့် ပို့ကုန်ပစ္စည်း (Export containers) များကို သင်္ဘောပေါ်သို့တင်ပို့ခြင်း (Loading) များသာမက ဆိပ်ခံအတွင်းသယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ထိန်းသိမ်းရန်နေရာချထားခြင်း၊ သက်ဆိုင်ရာဒေသများသို့ ထပ်ဆင့်လွှဲပြောင်းပေးပို့ခြင်း စသည့်လုပ်ငန်းများကို ကုန်သေတ္တာဆိပ်ကမ်းများမှ တာဝန်ယူဆောင်ရွက်ပေးကြသည်။
ကုန်သေတ္တာဆိပ်ခံများတွင် ဆောင်ရွက်ကြသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို အကျဉ်းအားဖြင့် ဖော်ပြလိုက်ပါသည် –

✅ (၁) သင်္ဘောပေါ်မှ/သို့ ကုန်တင်၊ကုန်ချ
(Loading and unloading of the ship)
————————————————
ကုန်သေတ္တာဆိပ်ခံအများစုတွင် လူမောင်းနှင်သည့် ဝန်ချီစက်အမျိုးမျိုး၊ ဘက်စုံသုံးနောက်ဆက်တွဲယာဉ်များနှင့် ပစ္စည်းသယ်မယာဉ် (Cranes, multi-trailer systems and straddle carriers etc.) စသည့် ကိရိယာများကိုအသုံးပြု၍ ပစ္စည်းအတင်၊ အချကိုပြုလုပ်ကြသည်။ ကုန်သေတ္တာဆိပ်ခံအချို့တွင်မူ အလိုအလျောက်ထိန်းသိမ်းမောင်းနှင်သည့်ယာဉ် (Automated Guided Vehicles) ၊ အလိုအလျောက်ကုန်သေတ္တာဆင့်ဝန်ချီစက်များ (Automated stocking cranes) ကဲ့သို့သော အလိုအလျောက်ပဲ့ကိုင်စနစ်သုံး ခေတ်မီကရိယာများကို အသုံးပြုဆောင်ရွက်ကြသည်။ သို့ရာတွင် သင်္ဘောပေါ်မှ ကုန်သေတ္တာများအတင်၊ အချပြုလုပ်ရာတွင်မူ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မည်သည့်ကုန်သေတ္တာဆိပ်ခံတွင်မဆို လူမောင်းနှင်သည့် ဆိပ်ခံဝန်ချီစက်ကြီးများ (Quay cranes) ကိုအသုံးပြုကြသည်။ ကုန်သေတ္တာဆိပ်ခံပေါ်ရှိသံလမ်းအတိုင်း ရွေ့လျားမောင်းနှင်နိုင်သည့် ဆိပ်ခံဝန်ချီစက်ကြီးများသည် ဆိပ်ခံတွင်ဆိုက်ကပ်ထားသည့်သင်္ဘော၏ မည်သည့်ကုန်ပေါက်နှင့် သင်္ဘောကုန်းပတ်ပေါ်ရှိ မည်သည့်နေရာမှ ကုန်သေတ္တာများကိုမဆို အတင်၊ အချပြုလုပ်နိုင်သည်။ ဆိပ်ခံဝန်ချီစက်ကြီး၏ လက်တံတစ်လျောက် ရွေ့လျားနိုင်သောထရော်လီ (Trolley) တွင်တပ်ဆင်ထားသည့် Spreader ခေါ်ဝန်ချီမသည့်ကရိယာဖြင့် ကုန်သေတ္တာများကိုသယ်မကာ သင်္ဘောပေါ်မှ ဆိပ်ခံပေါ်ရှိ ကုန်တင်ယာဉ်ပေါ်သို့ တင်ပေးနိုင်သကဲ့သို့ ကုန်တင်ယာဉ်ပေါ်မှ ကုန်သေတ္တာကို သင်္ဘောပေါ်သို့ ပို့ဆောင်ပေးနိုင်သည်။

✅ (၂) ကုန်သေတ္တာဆိပ်ခံအတွင်း သယ်ယူပို့ဆောင်ခြင်း
(Inter terminal transport)
—————————————————–
ကုန်သေတ္တာဆိပ်ခံအများစုတွင် ကုန်သေတ္တာများကိုသယ်ယူပို့ဆောင်ရာတွင် လူမောင်းနှင်သည့်ယာဉ်အမျိုးမျိုးကို အသုံးပြုကြသည်။ Forklift Trucks, reach stackers နှင့် Straddle carriers စသည့် ယာဉ်များသည် မြေပြင်ပေါ်မှကုန်သေတ္တာကို ၎င်းတို့ဘာသာ သယ်မပို့ဆောင်ပေးနိုင်သော်လည်း Yard Truck ကဲ့သို့ ကုန်တင်ယာဉ်များမှာမူ ကုန်သေတ္တာကိုသယ်မရန် ဝန်ချီစက်လိုအပ်မည်ဖြစ်သည်။သင်္ဘောပေါ်မှချသည့် Import container များကို ဆိပ်ခံအတွင်းကုန်သေတ္တာများ ထားရှိရာနေရာသို့လည်းကောင်း၊ သင်္ဘောပေါ်တင်ပို့မည့် Export container များကို ကုန်သေတ္တာများထားရှိရာမှ ဆိပ်ခံဝန်ချီစက်ရှိရာသို့လည်းကောင်း ဆိပ်ခံအတွင်းသယ်ယူပို့ဆောင်မှုကို လူမောင်းနှင်သည့် သယ်ယူပို့ဆောင်ရေးယာဉ်အမျိုးမျိုးကို အသုံးပြုကြသည်။ အလိုအလျောက်စက်များအသုံးပြုသည့် ကုန်သေတ္တာဆိပ်ခံများတွင်မူ ဆိပ်ခံအတွင်းသယ်ယူပို့ဆောင်မှုကို Automated Guide Vehicles ခေါ်ယာဉ်များကို အသုံးပြုသယ်ဆောင်ကြသည်။ Automated Guide Vehicles များသည် ကြိုတင်သတ်မှတ်ပေးထားသည့် လမ်းကြောင်းအတိုင်း အလိုအလျောက်မောင်းနှင်ပြီး အလျား ၄၅ ပေရှိ ကုန်သေတ္တာတစ်လုံးကို သယ်ယူပို့ဆောင်ပေးနိုင်သည်။

✅ (၃) ကုန်သေတ္တာများစီထပ်ခြင်း
(Stacking of containers)
—————————
ကုန်သေတ္တာဆိပ်ခံများအတွင်း ကုန်သေတ္တာများကို သိုလှောင်ထိန်းသိမ်းရာတွင် ပုံမှန်အားဖြင့် ကုန်သေတ္တာတစ်လုံးအပေါ်တစ်လုံးဆင့်၍ စီတပ် (Stacking) ထားလေ့ရှိသည်။
သို့ဖြစ်၍ ကုန်သေတ္တာများ သိုလှောင်ထိန်းသိမ်းရာနေရာကို Stack ဟုခေါ်ဆိုလေ့ရှိသည်။ ကုန်သေတ္တာများသိုလှောင်ထားရှိမှုနှင့် ပြန်လည်ရွေးထုတ်မှုများ အဆင်ပြေလွယ်ကူစေရန် ကုန်သေတ္တာများကို အုပ်စုလိုက်၊ အကန့်များ၊ အတန်းများဖြင့် ခွဲခြားထားရှိလေ့ရှိသည်။ ကုန်သေတ္တာများကို စီထပ်ထားရာတွင် Chassis system ခေါ် အသင့်ပြုလုပ်ထားသည့် ဘောင်များအပေါ်စီထပ်ခြင်းနှင့် မြေပြင်ပေါ်တွင် ကုန်သေတ္တာတစ်လုံးအပေါ်တစ်လုံးဆင့်၍ စီထပ်ခြင်း နည်းလမ်းနှစ်မျိုးရှိသည်။ Chassis system ဖြင့် စီထပ်ထားသော ကုန်သေတ္တာများမှာ အလွယ်တကူ အထုတ်၊ အသွင်းပြုလုပ်နိုင်ပြီး တစ်လုံးအပေါ်တစ်လုံးဆင့် စီထပ်ထားခြင်းမှာမူ အလွယ်တကူ အထုတ်၊ အသွင်းပြုလုပ်နိုင်ခြင်း မရှိပေ။ သို့ရာတွင် အများအားဖြင့် နေရာအခက်အခဲကြောင့် မြေပြင်ပေါ်တွင် တစ်လုံးအပေါ်တစ်လုံးဆင့်၍ စီထပ်ထားကြလေ့ရှိသည်။ ကုန်သေတ္တာလွတ်များကိုမူ သီးခြားထားလေ့ရှိသည်။
ကုန်သေတ္တာများကို စီထပ်ရာတွင် လူမောင်းနှင်သည့် Forklift Truck, Straddle carriers, reach stackers စသည့်ယာဉ်များကို အသုံးပြုကြသကဲ့သို့ Automated stacking crane ကဲ့သို့ အလိုအလျောက်ဝန်ချီစက်များကိုလည်း အသုံးပြုကြသည်။ ကုန်သေတ္တာဆိပ်ခံတစ်ခု၏ လုပ်ငန်းစဉ်များတွင် ကုန်သေတ္တာများထိန်းသိမ်းခြင်းနှင့် ပြန်လည်ထုတ်ယူခြင်းသည် အလွန်အရေးပါသည့် လုပ်ငန်းစဉ်ဖြစ်သည်။ ကုန်သေတ္တာများစီထပ်ခြင်းနှင့် ရွေးထုတ်ခြင်းလုပ်ငန်းစဉ်ကို လျင်မြန်ချောမွေ့စွာ စီစဉ်ဆောင်ရွက်နိုင်သည်နှင့်အမျှ ကျန်သည့်လုပ်ငန်းရပ်များအားလုံး ပိုမိုလျှင်မြန်ထိရောက်နိုင်မည်ဖြစ်သည်။

✅ (၄) သက်ဆိုင်ရာသို့ ဆက်လက်လွဲပြောင်းပေးခြင်း
(Transshipment to destination)
———————————–
ကုန်သေတ္တာဆိပ်ခံများတွင် အသွင်း/ အထုတ်ကုန်သေတ္တာများ (Import/ Export containers) ကို ကာလအပိုင်းအခြားတစ်ရပ်အထိ ခေတ္တထိန်းသိမ်းထားရှိကာ သင်္ဘောတင်ပို့ရမည့် Export containers များကို သက်ဆိုင်ရာကုန်သေတ္တာတင်သင်္ဘော ဆိုက်ကပ်လာချိန်တွင် တင်ပို့ပေးရသည်။ ထိုနည်းတူ Import container များကိုလည်း သင်္ဘောပေါ်မှချကာ ကုန်သေတ္တာဝန်းအတွင်းရှိ Stack တွင် ခေတ္တသိမ်းဆည်းထားပြီး သက်ဆိုင်ရာပစ္စည်းလက်ခံမည့်သူများ လာရောက်ထုတ်ယူချိန်တွင် Forklift Truck, Straddle carrier စသည့် ဝန်ချီယာဉ်များအသုံးပြုလျက် ကုန်သေတ္တာများစီထပ်ထားရာမှ ရွေးထုတ်ကာ သက်ဆိုင်ရာယာဉ်အသီးသီးပေါ်သို့ ပို့ဆောင်ပေးကြရသည်။

#SuperLight #Logistics #Knowledge

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN