fbpx

ကုန်တင်လေယာဉ်များ၏ တိုးတက်ပြောင်းလဲလာပုံအဆင့်ဆင့်

✅ ကုန်တင်လေယာဉ် (Cargo aircraft) ✅
———————————————–
Cargo aircraft များကို Freight aircraft, Freighter, Air lifter, Cargo jet စသည်ဖြင့်အမျိုးမျိုးခေါ်ဝေါ်ကြသည်။ Cargo aircraft များသည် ခရီးသည်တင်ဆောင်ရန်ထက် ကုန်စည်ပစ္စည်းများသယ်ယူရန် ဒီဇိုင်းရေးဆွဲပုံစံထုတ်ထားသော(သို့မဟုတ်) ပြန်လည်ပြုပြင် ပြင်ဆင်ပြောင်းလဲထားသောလေယာဉ်များဖြစ်သည်။ Cargo aircraft များသည် များသောအားဖြင့် ခရီးသည်စီးနင်းလိုက်ပါရန် နေရာများမပါရှိသည့်ပြင် ကုန်ပစ္စည်းများအလွယ်တကူအသွင်း၊ အထုတ်ပြုလုပ်နိုင်ရန် တစ်ခု (သို့မဟုတ်) တစ်ခုထက်ပိုသောကုန်တင်တံခါးများပါရှိသည်။ ထို့ပြင် Cargo aircraft များသည် ခရီးသည်တင်လေယာဉ်များ(Passenger airlines) များနှင့် မတူညီကွဲပြားသည့် သိသာထင်ရှားသောသွင်ပြင်လက္ခဏာများပါရှိသည်။ ဥပမာအားဖြင့် လေယာဉ်ကိုယ်ထည်ဗြက် (ကန့်လန့်ဖြတ်) ပိုကျယ်၊ ပိုမြင့်ခြင်း၊ ကုန်ပစ္စည်းထည့်သည့်နေရာကိုမြေပြင်နှင့်ပိုမိုနီးကပ်မှုရှိစေရန် လေယာဉ်တောင်ပံများကိုကိုယ်ထည်အမြင့်ပိုင်းတွင် တပ်ဆင်ထားခြင်း၊ လေယာဉ်ဘီးများသည် အရွယ်အစားပိုကြီးသည့်ပြင် အရေအတွက်ပိုမိုခြင်း၊ လေယာဉ်အမြီးပိုင်းမှာလည်းကိုယ်ထည်ထက်မြင့်အောင် မြှင့်ထားခြင်းစသည့် သွင်ပြင်လက္ခဏာထူးခြားချက်များကြောင့် ကုန်တင်လေယာဉ်များကိုခရီးသည်လေယာဉ်များနှင့် လွယ်ကူစွာခွဲခြားသိရှိနိုင်သည်။

✅ လေကြောင်းကုန်စည်ပို့ဆောင်မှုအစ (Beginning of aircargo)✅
——————————————————————–
လေယာဉ်များကိုကုန်စည်ပို့ဆောင်ရန် ၁၉၁၁ ခုနှစ်ခန့်ကပင် စတင်အသုံးပြုခဲ့ကြသည်။ သို့ရာတွင် ကုန်စည်ပို့ဆောင်ခြင်းမဟုတ်ပဲလေကြောင်းစာပို့လုပ်ငန်းဖြင့် အစပျိုးခဲ့ခြင်းဖြစ်သည်။ လေယာဉ်များမှာလည်းကုန်စည်ပို့ဆောင်ရန် ပုံစံထုတ်ထားခြင်းမဟုတ်ပဲသာမန်လေယာဉ်များကိုသာအသုံးပြုခဲ့ခြင်းဖြစ်သည်။ ၁၉၂၀ လွန်နှစ်များရောက်ရှိချိန်တွင် လေယာဉ်ထုတ်လုပ်သူများသည် ကုန်စည်ပစ္စည်းများတင်ဆောင်မည့် လေယာဉ်များကိုပုံစံထုတ်တည်ဆောက်လာခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်ကာလတွင် ဂျာမန်တို့ ဒီဇိုင်းဆွဲပုံစံထုတ်ခဲ့သောAradoAr 232 လေယာဉ်မှာကုန်တင်လေယာဉ်အဖြစ် ရည်ရွယ်ထုတ်လုပ်သည့် ပထမဆုံးလေယာဉ်ဖြစ်ခဲ့သည်။ Ar 232 လေယာဉ်သည် ၎င်းထက်အလျင် ထုတ်လုပ်ခဲ့သည့် ကုန်တင်လေယာဉ်အမျိုးအစား Junkers Ju 52 ကိုအစားထိုးရန် ရည်ရွယ်ခဲ့သော်လည်းအရေအတွက်အနည်းငယ်သာထုတ်လုပ်နိုင်ခဲ့သည်။ မဟာမိတ်တပ်ဖွဲ့များကလည်းလေကြောင်းလိုင်းများရှိကုန်တင်လေယာဉ်အမျိုးအစားများကိုကုန်စည်သယ်ဆောင်ရေးကဏ္ဍတွင် အများအပြားအသုံးခဲ့ကြပြီး၎င်းတို့အနက် Douglas DC-3 လေယာဉ်အမျိုးအစားဖြစ်သည့် C-47 Skytrainမှာမဟာမိတ်နိုင်ငံအားလုံးတွင် အသုံးပြုခဲ့ကြသည်။ ၁၉၃၉ ခုနှစ်တွင် အနာဂတ်ကုန်တင်လေယာဉ်များအတွက် အရေးပါသည့် တီထွင်ဖန်တီးမှုတစ်ရပ်ကိုအစပျိုးနိုင်ခဲ့သည်။ အဆိုပါတီထွင်မှုမှာအင်ဂျင် ၄ လုံးတပ် စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ် Junkers Ju 90 ၏ ပဉ္စမနှင့် ဆဋ္ဌမမြောက် နမူနာပုံစံများတွင် လေယာဉ်နောက်ပိုင်းကုန်တင်၊ ကုန်ချကုန်းလျောကိုတပ်ဆင်နိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ Trapoklappeခေါ်ကုန်းလျောမှာမော်တော်ယာဉ်အတက်၊ အဆင်းပြုရန် ကုန်းလျောနှစ်ခုအကြားလူသွားလှေခါးထစ်များတပ်ဆင်ထားပြီးဟိုက်ဒရောလစ်ဖြင့် လေယာဉ်အမြီးပိုင်းကိုလေထဲသို့မြှောက်တင်ထားနိုင်ကာအလွယ်တကူကုန်တင်၊ ကုန်ချ ပြုလုပ်နိုင်သည်။ဒုတိယကမ္ဘာစစ်နောက်ပိုင်းတွင် လေယာဉ်ထုတ်လုပ်သူများသည် ကုန်တင်လေယာဉ်အမျိုးအစားအများအပြားကိုစမ်းသပ်ထုတ်လုပ်ခဲ့ရာအချို့တီထွင်စမ်းသပ်ထားသည့် အစိတ်အပိုင်းများတပ်ဆင်ခဲ့ကြသည်။ ဥပမာအမေရိကန်လုပ် C-82 Packet လေယာဉ်တွင် ဖြုတ်ထုတ်နိုင်သောကုန်တင်ဧရိယာတပ်ဆင်ထားခြင်းမျိုးဖြစ်သည်။
ထို့နောက် ၂၁ ရာစုအတွင်းရောက်ရှိသည့်အခါ တာဘိုအင်ဂျင်သုံးပန်ကာတပ်လေယာဉ်များပေါ်ထွန်းလာပြီးနောက် C-130 Hercules, Lockheed Martin C-130 J စသည့် လေယာဉ်ကြီးများတီထွင်နိုင်ခဲ့သည်။ C-130 လေယာဉ်နောက်ပိုင်းတွင် ၎င်းထက်ပိုမိုအရွယ်အစားကြီးသော (သို့မဟုတ်) သေးငယ်သော (သို့မဟုတ်) ပိုမိုလျင်မြန်သောလေယာဉ်များထွက်ပေါ်ခဲ့သည့်တိုင် C-130 လေယာဉ်များမှာအခုထိ ပြုပြင်မွမ်းမံမှုများနှင့်အတူဆက်လက်ထုတ်လုပ်နေရဆဲဖြစ်သည်။

✅ မဟာဗျူဟာမြောက် ကုန်တင်လေယာဉ်များ (Strategic cargo aircrafts) ✅
——————————————————————————-
၁၉၆၀ ပြည့်နှစ်လွန်နှစ်များအတွင်း ထုတ်လုပ်ခဲ့သည့် Lockheed C-5 Galaxy လေယာဉ်သည် မဟာဗျူဟာမြောက် ကုန်တင်လေယာဉ်များ တည်ဆောက်မှုအတွက် အစပျိုးခဲ့ခြင်းဖြစ်သည်။
၁၉၇၀ နှင့် ၁၉၈၀ လွန်နှစ်များအတွင်း ဆိုဗီယက်ရုရှားမှ မဟာဗျူဟာမြောက် ကုန်တင်လေယာဉ်ကြီးများကို တည်ဆောက်ခဲ့ရာ ကမ္ဘာ့အကြီးဆုံးလေယာဉ်ဖြစ်သော Antonov An-225 ကိုပါ တည်ဆောက်နိုင်ခဲ့သည်။ Antonov An-225 မဟာဗျူဟာမြောက် ကုန်တင်လေယာဉ်သည် တိုက်ပွဲဝင်တင့်ကားများကိုပင် တင်ဆောင်ကာ အလေးလံဆုံးဝန်များကို သယ်ဆောင်နိုင်သည့် လေယာဉ်ဖြစ်သည်။ ဥရောပလေယာဉ်ထုတ်လုပ်သူဘိုးအင်းမှလည်းBoeing 747 လေယာဉ်ကြီးကိုထုတ်လုပ်ခဲ့သည်။ Boeing 747 လေယာဉ်ကြီးမှာမူလက C-5 နှင့်အလားတူခရီးသည်တင်လေယာဉ်အဖြစ် ပုံစံထုတ်လုပ်ခဲ့သော်လည်းနောက်ပိုင်းတွင်ပြုပြင်မွမ်းမံမှုများပြုလုပ်ကာခရီးသည်တင် (သို့မဟုတ်) ကုန်
တင်လေယာဉ်အဖြစ် သီးခြားမှာယူနိုင်အောင် တည်ဆောက်ပေးခဲ့သည်။ ထိုနည်းတူ Airbus A-380 ထုတ်လုပ်မည်ဖြစ်ကြောင်းစတင်ကြေငြာချိန်ကပင် ထုတ်လုပ်သူမှ ကုန်တင်လေယာဉ်အမျိုးအစားA-380 F အတွက် အမှာစာများကိုလက်ခံခဲ့သည်။ Airbus A-380 F သည် Boeing 747 ထက် ၇ ရာခိုင်နှုန်းကုန်ပိုပိုသယ်ဆောင်နိုင်ပြီးပိုမိုခရီးဝေးပျံသန်းနိုင်ကာ ရုရှားAntonov An-225 ပြီးလျှင်ဒုတိယအကြီးဆုံးကုန်တင်လေယာဉ်ကြီးဖြစ်သည်။

✅ မျက်မှောက်ကုန်တင်လေယာဉ်များ (Recent cargo aircraft) ✅
—————————————————————————–
လက်ရှိကုန်တင်လေယာဉ်အများစုမှာ ပြုပြင်မွမ်းမံထားသောလူစီးလေယာဉ်များဖြစ်သည်။ လုံခြုံစိတ်ချရမှုနှင့် ဆူညံသံစသည်တို့ကြောင့်ခရီးသည်တင်လေယာဉ်အဖြစ် ဆက်လက်အသုံးပြုရန် မသင့်တော်တော့သည့် လေယာဉ်များကိုပြုပြင်မွမ်းမံထားကြသကဲ့သို့ ခရီးသည်တင်လေယာဉ်အဖြစ် ဆက်လက်ယှဉ်ပြိုင်နိုင်စွမ်းမရှိတော့သည့် လေယာဉ်ပုံစံအမျိုးအစားများကိုလည်းကုန်တင်လေယာဉ်အဖြစ် ပြုပြင်မွမ်းမံကာအသုံးပြုနေကြလျက်ရှိသည်။ သို့ရာတွင် ကုန်ပစ္စည်းတင်ဆောင်ရန် သီးသန့်ရည်မှန်းထားသည့် လေယာဉ်ဈေးကွက်မှာလည်းရှိနေဆဲဖြစ်သည်။ ဥပမာအားဖြင့် Boeing 747 လေယာဉ်အတန်းးအစားတွင် ကုန်တင်လေယာဉ်အမျိုးအစားကိုသီးသန့်မှာယူနိုင်မည်ဖြစ်သည်။ Boeing 747 ကုန်တင်လေယာဉ်အမျိုးအစားတွင် ဦးပိုင်းကုန်တင်တံခါးပါရှိပြီးလေယာဉ်မောင်းခန်းအထက်ထိမတင်နိုင်ကာကုန်သေတ္တာများအတင်အချပြုလုပ်နိုင်သည်။ လေယာဉ်ကိုယ်ထည်အတွင်းပိုင်းမှာလည်းကုန်သေတ္တာနှစ်လုံး ယှဉ်လျက်ဝင်ဆန့်ပြီးကုန်သေတ္တာနှစ်လုံးစီထပ်ထားနိုင်သည့် အမြင့်ရှိသည်။ ထိုနည်းတူပင် အရပ်ဖက်ကုန်တင်လေယာဉ်အမျိုးအစားများဖြစ်သောCanadair CL-44 နှင့် CASA CN-235 လေယာဉ်ကြီးများကိုလည်းထုတ်လုပ်လျက်ရှိသည်။ ထို့ပြင် အနာဂတ်လေကြောင်းကုန်စည်ပို့ဆော
င်ရေးအတွက် မောင်းသူမဲ့ လေယာဉ်အမျိုးအစားများကိုလည်းစမ်းသပ်ပျံသန်းနေကြပြီဖြစ်သည်။

#SuperLight #Logistics #Knowledge #Transportation

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN