fbpx

Supply Chain Process Standards အကြောင်းသိကောင်းစရာ အဖြာဖြာ

Supply chain သည် ထုတ်ကုန်ပစ္စည်းတစ်ခု (သို့မဟုတ်) ဝန်ဆောင်မှုတစ်ရပ်ကို ကုန်ကြမ်း (သို့မဟုတ်) စက်ပစ္စည်းအစိတ်အပိုင်းပေးသွင်းသူ (Supplier) မှသည် ကုန်ကြမ်းအဖြစ်မှ ကုန်ချောအဖြစ်ထုတ်လုပ်ပြီး သုံးစွဲသူ (Customer) လက်ဝယ်သို့အရောက် ကုန်ပစ္စည်းရွေ့လျားမှု လမ်းကြောင်းတစ်လျောက် ဆက်နွယ်ပတ်သက်နေသည့် အဖွဲ့အစည်းများ၊ လုပ်ငန်းဌာနများ၊ လူပုဂ္ဂိုလ်များ၊ သတင်းအချက်အလက်များနှင့် အရင်းအမြစ်အားလုံးပါဝင်နေသည့် ကွန်ယက်တစ်ခုဖြစ်သည်။

အဆိုပါ ကျယ်ပြန့်လှသော Supply chain တစ်ခုအတွင်းမှ လုပ်ငန်းဌာနနှင့် အဖွဲ့အစည်းများ တွင် သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းများဆောင်ရွက်ကြရာ ယေဘူယျအားဖြင့် လက်ခံလိုက်နာကျင့်သုံးသင့်သည့် စံသတ်မှတ်ချက်များ (Standards) လိုအပ်မည်ဖြစ်သည်။ သို့ဖြစ်ရာ လုပ်ငန်းစဉ်အလိုက် လုပ်ဆောင်ချက်များနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်သင့်သည့် စံနှုန်းသတ်မှတ်ချက်များကို ကျွမ်းကျင်ပညာရှင်နှင့် အဖွဲ့အစည်းများမှ ရေးဆွဲတင်ပြခဲ့ကြသည်။

၎င်းတို့အနက် လူသိများအထင်ရှားဆုံး လုပ်ငန်းဆိုင်ရာ စံနှုန်းသတ်မှတ်ချက်များမှာ Supply chain process standards ဖြစ်သည်။
Supply chain process standards သည် Supply chain နှင့် ဆက်စပ်နေသော လုပ်ငန်းဆောင်ရွက်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်သည့်အခါ အကြုံးဝင်သက်ဆိုင်သည့် လုပ်ငန်းစဉ်များတွင် အဓိကပါဝင်ရမည့်/ ဆောင်ရွက်ရမည့်အချက်များ (သို့မဟုတ်) မူ/ ဘောင်များကို ဖော်ညွှန်းထားသော လမ်းညွှန်မှုများပင်ဖြစ်သည်။ အဆိုပါ စံနှုန်းသတ်မှတ်ချက် (Standards) များကို Supply chain ဆိုင်ရာ အတိုင်ပင်ခံအဖွဲ့တစ်ဖွဲ့ဖြစ်သော Supply chain vision မှ The council of supply chain management professionals အတွက် ပြုစုရေးဆွဲတင်ပြခဲ့ခြင်းဖြစ်သည်။

ထိုစံနှုန်းသတ်မှတ်ချက်များသည် လုပ်ငန်းခွင်များအတွင်း လက်တွေ့ဆောင်ရွက်နေသူများ၊ သင်တန်းပို့ချနေသူများနှင့် အကြံပေးအတိုင်ပင်ခံများအနေဖြင့် ကုမ္မဏီတစ်ခု၏ Supply chain လုပ်ငန်းစဉ်များအတွင်း ကျယ်ပြန့်လှသည့် နယ်ပယ်တစ်လွှားတွင် ဖြစ်လာနိုင်ဖွယ် လစ်ဟာမှု များကို ထောက်ပြရာတွင် အထောက်အကူဖြစ်စေမည့် ရည်ညွှန်းကိုးကားရာ တိုင်းတာရန်ကရိယာတစ်ခုအဖြစ် အသုံးပြုနိုင်ရန် ရည်ရွယ်ပြုစုခဲ့ခြင်းဖြစ်သည်။ လုပ်ငန်းခွင်များအတွင်း လက်တွေ့ဆောင်ရွက်နေသူများအနေဖြင့် အဆိုပါစံနှုန်းသတ်မှတ်ချက်များကို ရည်ညွှန်းတိုင်းတာရန်ပေတံအဖြစ် အသုံးပြုလျက် Supply chain လုပ်ငန်းဆောင်ရွက်ချက်များအတွင်း အားသာချက်၊ အားနည်းချက်များကို ထောက်ပြကာ အားနည်းချက်၊ လိုအပ်ချက်ရှိသည့်နေရာများကို ပိုမိုအလေးပေးအာရုံစူးစိုက်ပြီး ပြုပြင်ဆောင်ရွက်ခြင်းဖြင့် ပိုမိုကောင်းမွန်သော အကျိုးအမြတ်များ ဖြစ်ပေါ်စေလာနိုင်မည်ဖြစ်သည်။

အဆိုပါ စံနှုန်းသတ်မှတ်ချက် (Standards) များကို Supply chain vision မှ ပြုစုတင်ပြခဲ့ရာတွင် ပညာရှင်အသီးသီး၏ လေ့လာသုတေသနပြုချက်များနှင့် ကုမ္မဏီအသီးသီးသို့ လက်တွေ့ကွင်းဆင်း လေ့လာတွေ့ရှိချက်များကို ပေါင်းစပ်တင်ပြထားခြင်းဖြစ်သည်။ ထို့ပြင် သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ထိပ်တန်းကျွမ်းကျင်သူပညာရှင်များ၏ သုံးသပ်ဝေဖန်ချက်များနှင့် လက်တွေ့လက်ခံအသုံးပြုနိုင်မည့် ခိုင်လုံသောစံနှုန်းများကို စိစစ်လျက် ဖော်ပြထားခြင်းဖြစ်သည်။

Supply chain process standards ကို ပြုစုတင်ပြခဲ့သည့် Supply chain visions အဖွဲ့သည် ဒုတိယအကြိမ် ပြင်ဆင်တည်းဖြတ်ထုတ်ဝေမှုကို ထပ်မံဆောင်ရွက်ပေးခဲ့သည်။ ဒုတိယအကြိမ် ပြင်ဆင်တည်းဖြတ်ထုတ်ဝေရာတွင် American Productivity & Quality (APQC) ၏ Process Classification Framework (PCF) နှင့် ပေါင်းစပ်လျက် Supply chain လုပ်ငန်းစဉ်များနှင့် လုပ်ဆောင်ချက်များ၏ ကျယ်ပြန့်လှသော ဘက်ပေါင်းစုံလွှမ်းခြုံနိုင်သည့် စံနှုန်းများကို ပြင်ဆင်တည်းဖြတ် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Supply Chain Stardard အမျိုးအစား (၁၀)မျိုးအကြောင်းကို နောက်ထပ်ဆောင်းပါးများတွင် အသေးစိတ်ဆက်လက်ရေးသားဖော်ပြပေးသွားပါမယ်။

#SuperLight #Logistics #Knowledge #Supply_Chain

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN