fbpx

ပို့ကုန်ပစ္စည်းအမျိုးအစား (၅)မျိုး အကြောင်းသိကောင်းစရာ

စီးပွားရေးနယ်ပယ်တွင် cargo (သို့မဟုတ်) freight ဆိုသောစကားလုံးမှာ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းပို့ဆောင်ရေး နည်းလမ်းတစ်ရပ်ရပ်ဖြင့် စီးပွားရေးအကျိုးအမြတ်အလို့ငှါ ပေးပို့သည့်ပို့ကုန်ပစ္စည်းများ (သို့မဟုတ်) ထုတ်ကုန်ပစ္စည်းများကို ရည်ညွှန်းခေါ်ဆိုခြင်းဖြစ်သည်။

Cargo ဟူသောဝေါဟာရသည် မူလကသင်္ဘောတင်ပို့ကုန် (Shipload) ကို ခေါ်ဆိုခဲ့ခြင်းဖြစ်သော်လည်း ယခုအခါတွင်မူ cargo ဟူသောဝေါဟာရကို သဘောၤတင်ပို့မှုတစ်မျိုးတည်းတွင်သာမက လေယာဉ်၊ ရထား၊ ကုန်သေတ္တာ၊ ကုန်တင်ကားစသည့် ပို့ကုန်ပစ္စည်းအမျိုးအစားအားလုံးအတွက် လွှမ်းခြုံခေါ်ဝေါ်သုံးစွဲလျက်ရှိကြသည်။

လေကြောင်းကုန်စည်ပို့ဆောင်ရေးတွင် ကုန်တင်လေယာဉ်ကြီးများ၌အသုံးပြုသည့် Unit Load Devices (UDC) ခေါ်ကုန်သေတ္တာများကိုလည်း cargo အဖြစ် စာရင်းသွင်းခေါ်ဝေါ်နေကြသည်။ မည်သို့ပင်ခေါ်ဝေါ်နေကြစေကာမူ ပို့ကုန်ပစ္စည်းအမျိုးအစား (Types of cargo) ကို သေချာစွာခွဲခြားသိရှိနိုင်ရေးအတွက် cargo ဟူသောဝေါဟာရ၏ပင်ရင်းဖြစ်သည့် ပင်လယ်ရေကြောင်းသယ်ယူပို့ဆောင်မှုလုပ်ငန်း၏ ဆောင်ရွက်မှုကိုသိရှိနိုင်ရန် လိုအပ်မည်ဖြစ်သည်။ ပင်လယ်ရေကြောင်းသယ်ယူပို့ဆောင်မှုတွင် ကုန်ပစ္စည်းအရွယ်အစား၊ ပမာဏအနည်းအများနှင့် ပစ္စည်း၏သဘောသဘာဝပေါ်မူတည်၍ ပို့ကုန်ပစ္စည်းများကို အောက်ပါအတိုင်းအမျိုးအစားများ (Types of cargo) ခွဲခြားသတ်မှတ်ထားသည်။

(၁) Break bulk cargo (or) General cargo
အထွေထွေကုန်ပစ္စည်းများ

Break bulk cargo ဆိုသည်မှာ အထွေထွေကုန်ပစ္စည်းများပင်ဖြစ်ပြီး ပုံမှန်သင်္ဘောတင်ကုန်သေတ္တာများတွင် ထည့်သွင်းပို့ဆောင်ရန်မဖြစ်နိုင်သည့် ပစ္စည်းများဖြစ်သည်။ ဥပမာအားဖြင့် ဆောင်လုပ်ရေးလုပ်ငန်းသုံးကိရိယာများ၊ ကုန်ထုတ်လုပ်မှုဆိုင်ရာကိရိယာများ၊ အရွယ်အစားကြီးမားသောယာဉ်များ၊ မော်တော်ဘုတ်များ၊ ဝန်ချီစက်များ၊ တာဘိုင်ပန်ကာ၊ သင်္ဘောရေယက်၊ ဂျင်နရေတာများ၊ ကြီးမားသည့်အင်ဂျင်များ စသည်တို့ဖြစ်သည်။ အဆိုပါပစ္စည်းများသည် ပစ္စည်းတစ်ခုချင်းစီသယ်ယူပို့ဆောင်နိုင်ပြီး ၎င်းတို့ကို ကုန်ပစ္စည်းတင်စင်အမျိုးအစားတစ်ခုခုပေါ်တွင် တင်ဆောင်၍လည်းကောင်း၊ ထည့်သွင်း၍လည်းကောင်း သင်္ဘောကုန်ပေါက်အတွင်း ဝန်ချီစက်များဖြင့် အထုပ်အသွင်းပြုလုပ်နိုင်သည်။ ၎င်းတို့ကို General cargo vessels ခေါ်ကုန်တင်သင်္ဘောများဖြင့် သယ်ယူပို့ဆောင်လေ့ရှိသည်။

(၂) Bulk cargo
အရေအတွက်များပြားသောကုန်အမျိုးအစား

Bulk cargo ဆိုသည်မှာ ပစ္စည်းတင်စင်များ (သို့မဟုတ်) ကုန်သေတ္တာများအတွင်း ထည့်သွင်းပို့ဆောင်လေ့မရှိသည့် ကုန်ပစ္စည်းများဖြစ်ပြီး ၎င်းတို့ကို Dry bulk နှင့် Liquid bulk ဟူ၍နှစ်မျိုးခွဲခြားနိုင်သည်။ Dry bulk ဆိုသည်မှာ စပါး၊ ဂျုံစေ့ကဲ့သို့ သီးနှံများ၊ သကြားနှင့်ဆား (အကြမ်း) များ၊ သံသတ္တုပါဝင်သည့်မြေ (Iron ore)၊ ဘိလပ်မြေ၊ ကျောက်မီးသွေးကဲ့သို့ ကုန်ပစ္စည်းများဖြစ်သည်။
၎င်းကုန်ပစ္စည်းမျိုးကို သင်္ဘောကုန်ပေါက်အတွင်း သွန်ထည့်၊ လောင်းထည့်နိုင်သကဲ့သို့ အိတ်ကဲ့သို့ထုတ်ပိုးပစ္စည်းများ အသုံးပြု၍လည်း ထည့်သွင်းနိုင်သည်။ Dry bulk ကုန်ပစ္စည်းများကို bulk carrier ခေါ် ကုန်တင်သဘောၤများဖြင့် တင်ဆောင်လေ့ရှိသည်။  ရေနံစိမ်း၊ လောင်စာဆီ၊ သဘာဝဓာတ်ငွေ့ရည်၊ ဟင်းသီးဟင်းရွက်ဆီနှင့် ဝိုင်ကဲ့သို့သောအရည်များကို Liquid bulk ဟုခေါ်ဝေါ်သည်။ Liquid bulk များကိုအများအားဖြင့် Tankers များဖြင့် ပို့ဆောင်လေ့ရှိပြီး Drums, barrels များဖြင့် ထည့်သွင်းလျက် bulk carrier များဖြင့်လည်း ပို့ဆောင်လေ့ရှိသည်။

(၃) Container cargo
ကုန်သေတ္တာပို့ကုန်

ကုန်သေတ္တာအတွင်း ထည့်သွင်းသယ်ဆောင်သော ကုန်ပစ္စည်းများကို ကုန်သေတ္တာပို့ကုန်ဟု ခေါ်ဆိုသည်။ ကုန်သေတ္တာများအတွင်းတွင် ကုန်ပစ္စည်းတစ်ခုချင်းဖြစ်စေ၊ အမျိုးအစားတူများကို စုစုပေါင်းထုတ်ပိုး၍ဖြစ်စေ ထည့်သွင်းပို့ဆောင်နိုင်သည်။  ကုန်သေတ္တာအတွင်းထည့်သွင်းသယ်ပို့သည့် ကုန်ပစ္စည်းအမျိုးအစားများမှာ Dry cargo ခေါ် ကုန်ခြောက်ပစ္စည်းအမျိုးအစားပင်ဖြစ်သည်။ ပုံမှန်အားဖြင့် သင်္ဘောတင်ပို့သည့် ကုန်သေတ္တာများမှာ အလျား၊ အနံ၊ အမြင့်တိကျသည့် အတိုင်းအတာသတ်မှတ်ချက်ရှိပြီး အဆိုပါကုန်သေတ္တာများကို ရထား၊ ကုန်တင်လေယာဉ်များဖြင့်ပါ တစ်ဆက်တစ်စပ်တည်း သယ်ယူပို့ဆောင်နိုင်သည်။ သို့ရာတွင် ပစ္စည်းအမျိုးအစား၊ သဘာဝနှင့်အရွယ်အစားပေါ်မူတည်၍ ကုန်သေတ္တာအမျိုးအစားများ သီးခြားစီပုံစံထုတ် တည်ဆောက်ထားမှုများလည်းရှိသည်။

(၄) Ro – ro
လှိမ့်ဝင်၊ လှိမ့်ထွက်နိုင်သောကုန်ပစ္စည်းများ

Ro-ro ဟူသောဝေါဟာရမှာ rollon/ roll off ဟူသောစကားကို ရည်ညွှန်းခြင်းဖြစ်သည်။ ဧရာမကားတင်သင်္ဘောကြီးများပေါ်သို့ အတင်၊ အချပြုလုပ်ရာတွင် အထူးသင်တန်းပေးထားသည့် ယာဉ်မောင်းများမှ အတက်၊ အဆင်း မောင်းနှင်ပေးခြင်းဖြစ်သည်။ အိမ်သုံးကားအမျိုးမျိုး၊ ခရီးသည်တင်ကား၊ ကုန်တင်ကား၊ လယ်ယာသုံးယာဉ်နှင့် ဝန်ချီစက်များအပါအဝင် ယာဉ်အမျိုးမျိုးကို Ro-ro ဟုရည်ညွှန်းခေါ်ဝေါ်ခြင်းဇြစ်သည်။

(၅) Neo-bulk cargo

Neo-bulk cargo ဆိုသည်မှာ ကြိုတင်ထုတ်ပိုးနိုင်ပြီး ရေတွက်နိုင်သည့်ကုန်ပစ္စည်းများဖြစ်သည်။ သို့ရာတွင်ကုန်သေတ္တာများအတွင်း ထည့်သွင်းသယ်ဆောင်ခြင်းမပြုနိုင်သည့် ကုန်ပစ္စည်းမျိုးဖြစ်သည်။ ဥပမာအားဖြင့် လေးလံသည့်စက်ပစ္စည်းများ၊ ပရိဘောဂဟောင်းများ၊ စွန့်ပစ်စက္ကူများ စသည်တို့ဖြစ်သည်။

#SuperLight #Logistics #Knowledge #Supply_Chain

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN