fbpx

သုံးစွဲသူဗဟိုပြု Supply Chain လုပ်ငန်းစဉ်တစ်ရပ်ဖန်တီးခြင်း

လွန်ခဲ့သောနှစ်အတော်များများအတွင်း ကမ္ဘာ့ဈေးကွက်အခြေအနေသည် ဒေသန္တရပထဝီဝင်အရလည်းကောင်း၊ လူမှုပထဝီအရလည်းကောင်း သိသိသာသာပြောင်းလဲမှုကြုံတွေ့ခဲ့ရသည်။ ယခုရာစုနှစ်ရှေ့ပိုင်းတွင်ပင် တစ်ဟုန်ထိုးဖွံ့ဖြိုးလာသည့် ဈေးကွက်များ (ဥပမာ တရုတ်၊ အိန္ဒိယစသည်) တွင် လူလတ်တန်းစားလူဦးရေသည် နှစ်ဆနီးပါးခုန်တက်လာခဲ့သည်။ ယခုနှုန်းထားအတိုင်းဆိုလျှင် လာမည့်သက္ကရာဇ် ၂၀၃၀ တွင် လူလတ်တန်းစားလူဦးရေသည် ၄ ဒသမ ၉ ဘီလျံခန့်ထိရောက်ရှိလာမည်ဟု ခန့်မှန်းထားကြသည်။ အဆိုပါအဆက်မပြတ်တိုးပွားလာသည့် လူလတ်တန်းစားများသည် ဒေသတွင်းနှင့် နိုင်ငံတကာကုမ္မဏီများအတွက် ဈေးကွက်သစ်များ ဖန်တီးဖြစ်ပေါ်လာစေခဲ့သည်။

တိုးပွားလာသည့် ကုန်ပစ္စည်းလိုအပ်ချက်များနှင့်အညီ အဆိုပါလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် ကုန်စည်စီးဆင်းမှုကွန်ယက်များကိုလည်း ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်လာခဲ့ရသည်။ ထို့ပြင် နည်းပညာခေတ်မှီတိုးတက်မှုနှင့်အတူ Internet အသုံးပြုမှု ကျယ်ပြန့်လာသည့်အလျောက် ကုန်စည်ဖြန့်ဖြူးမှုလမ်းကြောင်းများကိုလည်း ဘက်ပေါင်းစုံမှ မြှင့်တင်ဖြည့်ဆည်းလာခဲ့ရသည်။ သုံးစွဲသူတစ်ဦးအနေဖြင့် ယခင်ကကဲ့သို့ စတိုးဆိုင်များ၊ Shopping mall များသို့ သွားရောက်ရန်မလိုတော့ပဲ မိမိအိမ်အတွင်းမှပင် မိမိလိုအပ်သောကုန်ပစ္စည်းနှင့် အရည်အသွေးကို PC (သို့မဟုတ်) Mobile device တစ်ခုခုဖြင့် ရှာဖွေမှာယူနိုင်ကြပြီဖြစ်သည်။

မျက်မှောက်ခေတ်သုံးစွဲသူများနှင့် စပ်လျဉ်း၍ သေချာသည့်အချက်တစ်ရပ်မှာ နည်းလမ်းမျိုးစုံဖြင့် ဖြန့်ကျက်နေသည့်ဈေးကွက်အတွင်း ၎င်းတို့စိတ်ကြိုက်နည်းလမ်းဖြင့် ရွေးချယ်ဝယ်ယူခွင့် ရရှိနေခြင်းပင်ဖြစ်သည်။ အဆိုပါသုံးစွဲသူများ၏ ပြောင်းလဲလာသည့် ဝယ်ယူမှုအလေ့အထများက စီးပွားရေးလုပ်ငန်းဆိုင်ရာ အမြင်သဘောထား၊ လုပ်ငန်းဖွဲ့စည်းမှု၊ ကုန်ပစ္စည်းထုတ်လုပ်မှုနှင့် ကုန်စည်ဖြန့်ချိမှုနည်းလမ်းများကိုပါ ပြောင်းလဲလာစေခဲ့သည်။ ကုန်ပစ္စည်းထုတ်လုပ်သူ၊ ဖြန့်ချိသူများအနေဖြင့် သုံးစွဲသူများ၏ အာရုံစူးစိုက်ခံရမှုကို ဖမ်းဆုပ်နိုင်မည့်နည်းလမ်းသစ်များကို စဉ်ဆက်မပြတ်လေ့လာဆန်းစစ်ကြရသည်။ သို့ဖြစ်၍ သုံးစွဲသူများနှင့် ၎င်းတို့၏လိုလားတောင့်တချက်များကို ဗဟိုပြုနိုင်မည့် လုပ်ငန်းဆိုင်ရာအစီအစဉ်များကို တွန်းအားပေးဆောင်ရွက်ရန် လိုအပ်လာခြင်းဖြစ်သည်။ သုံးစွဲသူဗဟိုပြုခြင်းနှင့် စပ်လျဉ်း၍ Supply chain ခေါင်းစဉ်အောက်တွင် ဝယ်လိုအားလှုံ့ဆော်မှုအဖြစ် လွန်ခဲ့သောနှစ်များစွာကပင် ဆွေးနွေးပြောဆိုခဲ့ကြသည်။ သို့ရာတွင် ဝယ်လိုအားလှုံ့ဆော်မှုမျှဖြင့် ပြည့်စုံလုံလောက်မှုမရှိတော့ပဲ ဈေးကွက်လှုံဆော်မှုအဖြစ် တွန်းအားပေးရန် လိုအပ်လာပြီဖြစ်သည်။ ဆိုလိုသည်မှာ သုံးစွဲသူများ၏ ဝယ်လိုအားခန့်မှန်းယုံမျှနှင့် မလုံလောက်ပဲ သုံးစွဲသူများ၏သဘောထားကိုပါ ထည့်သွင်းတွက်ချက်ရန် လိုအပ်လာပြီဖြစ်သည်။

လမ်းကြောင်းများ (တနည်းအားဖြင့် ဝယ်ယူရေးလမ်းကြောင်းများ) ပေါင်းဆုံစုစည်းလာမှုနှင့်အတူ ကုမ္ပဏီများအနေဖြင့် ဝယ်လိုအားကွန်ယက်ကြီးတစ်ခုလုံးကို လွှမ်းခြုံအဖြေထုတ်နိုင်မည့် နည်းလမ်းသစ်တစ်ရပ်ကို ညှိနှိုင်းသုံးသပ်ရန် လိုအပ်မည်ဖြစ်သည်။ အဆိုပါလိုအပ်ချက်နှင့်အညီ ကုမ္ပဏီများအနေဖြင့် ယခင်သမားရိုးကျ Supply chain မှ သုံးစွဲသူဗဟိုပြု Supply chain ကွန်ယက်အဖြစ် ပြောင်းလဲကျင့်သုံးလာကြခြင်းဖြစ်သည်။

သုံးစွဲသူဗဟိုပြု Supply chain တစ်ခု ဖန်တီးတည်ဆောက်ရာတွင် အထူး သတိပြုဆောင်ရွက်သင့်သည့် အဓိက အချက်တွေကို ယခုတစ်ပတ် ဆာင်းပါးမှာ အသေးစိတ်ရေးသားမျှဝေလိုက်ပါတယ်။

  • သုံးစွဲသူများ၏ ယုံကြည်မှုရရှိအောင်ဆောင်ရွက်ပါ
    ———————————————————————-
    သုံးစွဲသူဗဟိုပြု Supply chain တစ်ခုဖန်တီးရာတွင် သုံးစွဲသူများ၏ယုံကြည်အားထားမှုရရှိရေးသည် အဓိကသော့ချက်ပင်ဖြစ်သည်။ အကြမ်းဖျင်းအားဖြင့် သုံးစွဲသူများ၏ယုံကြည်အားထားမှုရရှိရေးအတွက် အရည်အသွေးမှန်ပစ္စည်းများကို ကတိပြုထားချိန်တွင် အရောက်ပို့ဆောင်ပေးရန် လိုအပ်မည်ဖြစ်သည်။ အချိန်မှီမပေးပို့နိုင်ပဲ ကတိပျက်ယွင်းမှုသည် သုံးစွဲသူများ၏ ယုံကြည်အားထားမှုကိုသာမက ကျေနပ်နှစ်သက်မှုကိုပါ လျော့ကျစေမည်ဖြစ်သည်။သို့ဖြစ်၍ သုံးစွဲသူအမှာစာတိုင်းကို တပြေးညီသဘောမ ထားပဲ အမှာစာအမျိုးအစားပေါ်မူတည်၍ (ဥပမာ Special order, Rush order, Normal order, New product order စသည်) ဦးစားပေးသတ်မှတ်ကာ ဆောင်ရွက်သင့်သည်။ ထို့ပြင် အမှန်တကယ်ရောက်ရှိနိုင်မည့်(ပေးပို့နိုင်မည့်) ရက်ကိုတွက်ချက်လျက် သုံးစွဲသူထံသို့ အသိပေးကတိပြုရမည်ဖြစ်သည်။
  • သုံးစွဲသူများအပေါ် အပြည့်အဝသိရှိနားလည်ပါ
    ————————————————————–
    သုံးစွဲသူဗဟိုပြု Supply chain တစ်ခုတည်ဆောက်သည့်အခါ သုံးစွဲသူများအပေါ် အပြည့်အဝသိရှိနားလည်ခြင်းသည် ဒုတိယအရေးကြီးဆုံးအချက်ပင်ဖြစ်သည်။ သုံးစွဲသူများအပေါ် နားလည်သိရှိရေးအတွက် သုံးစွဲသူများ၏သဘောထား၊ ဝေဖန်ချက်နှင့်အကြံပြုချက်များကို စဉ်ဆက်မပြတ်အလေးထားဂရုပြု ဆန်းစစ်နေရမည်ဖြစ်သည်။ တစ်ခါတစ်ရံတွင်လိုအပ်ပါက သုံးစွဲသူများနှင့်စပ်လျဉ်း၍ သတင်းပေးနိုင်မည့် လက်လီ၊ လက်ကားစသည့် လုပ်ငန်းလက်တွဲဖက်များအား မက်လုံးပေးဆွဲဆောင်မှုနည်းလမ်းများ ကျင့်သုံးဆောင်ရွက်သင့်သည်။ ဥပမာအားဖြင့် အချက်အလက်မျှဝေခြင်း (Data sharing) နှင့်စပ်လျဉ်း၍ သတင်းပေးသည့်အကြိမ်အရေအတွက်၊ သတင်းတိကျမှန်ကန်မှု စသည်တို့အပေါ်မူတည်၍ ကုန်ပစ္စည်းများအပေါ် Discount ပေးခြင်းမျိုးဖြစ်သည်။
  • လုပ်ငန်းဆောင်ရွက်ချက်များအပေါ် သုံးသပ်အကဲဖြတ်ပါ
    ————————————————————————-
    သုံးစွဲသူဗဟိုပြု Supply chain တစ်ခုသည် သုံးစွဲသူများ၏သဘောထားအပေါ်အခြေခံလျက် လုပ်ငန်းဦးတည်ရည်မှန်းချက်များကို ချမှတ်ဆောင်ရွက်ရာ၌ လုပ်ငန်းစဉ်အသီးသီး၏ စွမ်းဆောင်ချက်များအပေါ် သုံးသပ်အကဲဖြတ်ဆောင်ရွက်ရန်လိုအပ်မည်။
  • သုံးစွဲသူဝန်ဆောင်မှုနှင့် ကုန်ကျစရိတ်ကိုချင့်ချိန်ပါ
    ——————————————————————
    လုပ်ငန်းဆောင်ရွက်မှုအားလုံးအတွက် အမှန်တကယ်ကုန်ကျစရိတ်နှင့် သုံးစွဲသူဝန်ဆောင်မှုအတွက် ကုန်ကျစရိတ်များအပေါ်အခြေခံလျက် အမှန်တကယ်အမြတ်အစွန်းရရှိနိုင်မှု အခြေအနေကို တွက်ချက်ဆောင်ရွက်သင့်သည်။
  • သတင်းစုစည်းသူများ တာဝန်ပေးခန့်ထားပါ
    ———————————————————
    သုံးစွဲသူများ၏ကုန်ပစ္စည်းအပေါ် သဘောထားမှတ်ချက် (Comments) များအပါအဝင် Online သတင်းအချက်အလက်များ၊ လုပ်ငန်းဆိုင်ရာသုံးသပ်မှုအချက်အလက်များ၊ ဈေးကွက်ဆိုင်ရာအချက်အလက်များအတွက် သတင်းစုစည်းတင်ပြမည့်ရာထူးများ တာဝန်ပေးဆောင်ရွက်ပါ။ အချုပ်အားဖြင့် သုံးစွဲသူဗဟိုပြု Supply chain တစ်ခုဖန်တီးရာတွင် သုံးစွဲသူဆိုင်ရာအချက်အလက်များကို အသုံးပြုရမည်ဖြစ်သော်လည်း အချက်အလက်တိုင်းကိုသေချာစွာ ဝေဖန်သုံးသပ်ပြီးမှ သုံးစွဲသွားခြင်းဖြင့် အမှားအယွင်းနည်းပါးနိုင်မည်ကို သတိပြုဆောင်ရွက်ကြရမည်ဖြစ်သည်။
Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
my_MMMY