fbpx

ကုန်စည်ဖြန့်ဖြူးမှု မဟာဗျူဟာများ (Distribution Strategies)

✅ ကုန်စည်ဖြန့်ဖြူးမှု မဟာဗျူဟာ (Distribution strategy) ဆိုသည်မှာ ကုမ္ပဏီတစ်ခု၏ ထုတ်ကုန်ပစ္စည်းတစ်မျိုး (သို့မဟုတ်) ဝန်ဆောင်မှုတစ်ရပ်ကို ရည်မှန်းထားသည့် သုံးစွဲသူများထံသို့ ရောက်ရှိစေရန် မည်သည့်နည်းလမ်းဖြင့် ပို့ဆောင်ပေးသင့်သည်ကို ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံသုံးသပ်ကာ ဦးတည်ချက်၊ ရည်မှန်းချက်များဖြင့် ပြည့်ပြည့်စုံစုံ စနစ်တကျချမှတ် ဆုံးဖြတ်ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်ပင်ဖြစ်သည်။

✅ ကုန်စည်ဖြန့်ဖြူးမှု မဟာဗျူဟာချမှတ်ရာတွင် ထုတ်ကုန်ပစ္စည်းအမျိုးအစား၊ ဈေးကွက်အခြေအနေ၊ ရောင်းချမည့်ဒေသ၏ ပထဝီဝင်၊ သက်ဆိုင်ရာလုပ်ငန်း၏ အမြင့်နှင့်သဘောထား စသည်တို့အပေါ် လွှမ်းခြုံသုံးသပ်ကာ မည်သည့်ကုန်စည်ဖြန့်ဖြူးမှုလမ်းကြောင်းက အသင့်လျော်ဆုံးဖြစ်မည်ကို ဆုံးဖြတ်ဆောင်ရွက်ကြခြင်းဖြစ်သည်။

✅ ထိုသို့ကုန်စည်ဖြန့်ဖြူးမှု မဟာဗျူဟာများ ချမှတ်ရာတွင် အောက်ဖော်ပြပါ အဓိကအချက်များကို အလေးထားဆောင်ရွက်ကြလေ့ရှိသည်
—————————————————————

(၁) ထုတ်လုပ်ရာနေရာမှ သုံးစွဲသူထံသို့ ထုတ်ကုန်ပစ္စည်းကို မည်သည့်နည်းလမ်းဖြင့် (လမ်းကြောင်း) ဖြင့် ပို့ဆောင်ပေးမည်

(၂) ကုန်ကျစရိတ်သက်သာရန်နှင့် အချိန်တိုတောင်းရန် မည်သို့ဆောင်ရွက်မည်

(၃) ဈေးကွက်အတွင်း မိမိကုန်ပစ္စည်း၏ ယှဉ်ပြိုင်နိုင်စွမ်းကို မည်သို့မြှင့်တင်မည်။

✅ ကုန်ပစ္စည်းဖြန့်ဖြူးမှု ဆောင်ရွက်ရာတွင် အဓိကအားဖြင့် တိုက်ရိုက်ဖြန့်ဖြူးမှု (Direct distribution) နှင့် တစ်ဆင့်ခံဖြန့်ဖြူးမှု (Indirect distribution) ဟူ၍ နှစ်မျိုးရှိရာ မည်သည့်နည်းလမ်းဖြင့် ပို့ဆောင်သင့်သည်ကို မဟာဗျူဟာစီစဉ်ရေးဆွဲသူများက စိစစ်သုံးသပ်ဆောင်ရွက်ကြရမည်ဖြစ်သည်။

✅ ကုန်စည်ဖြန့်ဖြူးမှု မဟာဗျူဟာများအနက် အရေးပါသည့် မဟာဗျူဟာတစ်ရပ်မှာ တိုက်ရိုက်တင်ပို့မှု (Direct shipping) နည်းလမ်းဖြစ်သည်။

✅ အဆိုပါနည်းလမ်းမှာ ထုတ်လုပ်သူ (သို့မဟုတ်) ဖြန့်ဖြူးသူထံမှ လက်လီအရောင်းဆိုင်များထံ တိုက်ရိုက်ပေးပို့ခြင်းဖြစ်ပြီး ကြားခံအဖွဲ့အစည်းများနှင့် လုပ်ငန်းစဉ်များကို ကျော်လွှားသည့်နည်းလမ်းဖြစ်သည်။

ကြားခံကုန်စည်ဖြန့်ဖြူးမှု (Indirect distribution) ဆောင်ရွက်ရာတွင် အဓိကအားဖြင့် အောက်ပါမဟာဗျူဟာသုံးရပ်ကို အသုံးပြုလေ့ရှိသည်
—————————————————————————

(၁) Intensive distribution (လွှမ်းခြုံဖြန့်ဖြူးခြင်း)
===================================

လွှမ်းခြုံဖြန့်ဖြူးသည့် မဟာဗျူဟာမှာ မိမိကုန်ပစ္စည်းကို ဈေးကွက်အတွင်း ဖြစ်နိုင်သမျှ လွှမ်းခြုံနိုင်စေရေးအတွက် ကြိုးပမ်းသည့်နည်းလမ်းဖြစ်သည်။ အရေအတွက်မကန့်သတ်ပဲ ထုတ်လုပ်သည့် ကုန်ပစ္စည်းတစ်မျိုးမျိုးကို ဆိုင်ခွဲအရေအတွက်များနိုင်သမျှများများပေါ်တွင် တင်ပို့ရောင်းချသည့် မဟာဗျူဟာဖြစ်သည်။ အခြေခံလူသုံးကုန်ပစ္စည်းများ၊ စားသောက်ဖွယ်များ၊ အရက်၊ ဘီယာ၊ စီးကရက်စသည့် ပစ္စည်းများအတွက် အဓိကသုံးသည်။

(၂) Selection distribution (ရွေးချယ်ဖြန့်ဖြူးခြင်း)
==================================
ရွေးချယ်ဖြန့်ဖြူးခြင်း မဟာဗျူဟာမှာ ကုန်ပစ္စည်းထုတ်လုပ်မှု အရေအတွက်ကို သင့်လျော်စွာထိန်းချုပ်ရင်း ကုန်ပစ္စည်းအလိုက် သက်ဆိုင်ရာ သတ်မှတ်အရောင်းဆိုင်များတွင်သာ တင်ပို့ရောင်းချသည့် နည်းလမ်းဖြစ်သည်။ ကွန်ပြူတာ၊ စမတ်ဖုန်းစသည့် တန်ဖိုးမြင့်ကုန်ပစ္စည်းများအတွက် အသုံးပြုလေ့ရှိသည်။

(၃) Exclusive distribution (သီးသန့်ဖြန့်ဖြူးခြင်း)
===================================
သီးသန့်ဖြန့်ဖြူးသည့် မဟာဗျူဟာမှာ ကုမ္ပဏီမှ လုပ်ငန်းလက်တွဲဖက်အဖြစ် ရွေးချယ်ထားသော အရေအတွက် ကန့်သတ်ထားသည့် ကြားခံအရောင်းကိုယ်စားလှယ်များထံတွင်သာ ပစ္စည်းတင်ပို့ရောင်းချသည့် နည်းလမ်းဖြစ်သည်။ ဒီဇိုင်နာအဝတ်အထည်များ၊ ပြိုင်ကားများကဲ့သို့ တန်ဖိုးကြီးနှင့် ဇိမ်ခံပစ္စည်းများကို ဖြန့်ဖြူးရာတွင် အသုံးပြုလေ့ရှိသည်။

#SuperLight #Logistics #Educating #Distribution_Strategy

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
my_MMMY