fbpx

Distribution channels အကြောင်းသိကောင်းစရာ

✅ ကုန်စည်ဖြန့်ဖြူးမှုလမ်းကြောင်း (Distribution channels) ဆိုသည်မှာ ကုမ္ပဏီတစ်ခုမှ ၎င်း၏ထုတ်ကုန်ပစ္စည်းတစ်မျိုး (သို့မဟုတ်) ဝန်ဆောင်မှုတစ်ရပ်ကို သုံးစွဲမည့် သူများထံသို့အရောက် ပို့ဆောင်ပေးရန် ရွေးချယ် သတ်မှတ်ထားသည့်လမ်းကြောင်း (သို့မဟုတ်) နည်းလမ်းကိုဆိုလိုပါသည်။

✅ ကုန်စည်ဖြန့်ဖြူးမှုလမ်းကြောင်းသည် ထုတ်လုပ်သူနှင့် သုံးစွဲသူအကြား တိုက်ရိုက်ထိတွေ့နိုင်သည်အထိ တိုတောင်းနိုင်သကဲ့သို့ သိုလှောင်ရုံများ၊ ကုန်စည်ဖြန့်ဖြူးရာနေရာများ၊ လက်ကားဆိုင်ကြီးများ၊ လက်လီအရောင်းဆိုင်များစသည့် ကြားခံအများအပြားပါဝင်သော ရှည်လျားသည့်လမ်းကြောင်းများလည်း ရှိနိုင်မည်ဖြစ်သည်။

ကုန်စည်ဖြန့်ဖြူးမှုလမ်းကြောင်းကို အဓိကအားဖြင့် အောက်ပါအတိုင်း နှစ်မျိုးခွဲခြားနိုင်သည်
——————————————————–

(၁) Direct channel or Zero-level channel
(တိုက်ရိုက်လမ်းကြောင်း သို့မဟုတ် ကြားခံမရှိလမ်းကြောင်း)
======================================

တိုက်ရိုက်လမ်းကြောင်း (သို့မဟုတ်) ကြားခံမရှိလမ်းကြောင်းမှာ ကုန်ပစ္စည်းထုတ်လုပ်သူနှင့် သုံးစွဲသူများအကြား တိုက်ရိုက်ထိတွေ့ခွင့်ရရှိပြီး တစ်ဆင့်ကြားခံများ ပါဝင်ပတ်သက်မှုမရှိသည့် လမ်းကြောင်းဖြစ်သည်။ ကုမ္ပဏီမှ ထုတ်ကုန်ပစ္စည်းကို ကုမ္ပဏီ၏ အရောင်းဝန်ထမ်းများကိုယ်တိုင် လှည့်လည်ရောင်းချခြင်း၊ ကုမ္ပဏီအရောင်းပြခန်း ဖွင့်လှစ်ခြင်း၊ ကုမ္ပဏီအမှတ်တံဆိပ်ဖြင့် လက်လီအရောင်းဆိုင်များဖွင့်လှစ်ခြင်း၊ ကုမ္ပဏီ၏ Website တွင် အမှာစာများလက်ခံကာ ရောင်းချပေးခြင်းစသည့် နည်းလမ်းမျိုးဖြစ်သည်။ လက်ဝတ်ရတနာကဲ့သို့ တန်ဖိုးကြီးပစ္စည်းများ၊ စားသောက်ကုန်ကဲ့သို့ သက်တမ်းကုန်လွယ် (ပျက်စီးလွယ်) ကုန်ပစ္စည်းများကို ရောင်းချရာတွင် အသုံးပြုလေ့ရှိသည်။

(၂ ) Indirect channels (Selling through intermediaries)
တစ်ဆင့်ကြားခံလမ်းကြောင်းများ (ကြားခံများမှတစ်ဆင့်ရောင်းချခြင်း)
==========================================

တစ်ဆင့်ကြားခံလမ်းကြောင်းများဆိုသည်မှာ ထုတ်ကုန်ပစ္စည်းတစ်မျိုးကို သုံးစွဲသူများထံအရောက် ပို့ဆောင်ရောင်းချရာတွင် တစ်ဆင့်ကြားခံအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များပါဝင်ပတ်သက်သည့် လမ်းကြောင်းများကိုဆိုလိုသည်။

တစ်ဆင့်ကြားခံလမ်းကြောင်းများကို အောက်ပါအတိုင်း သုံးမျိုးခွဲခြားနိုင်သည်
—————————————————

🔹 One-level channel (ကြားတစ်ဆင့်ခံလမ်းကြောင်း)
=====================================

ထုတ်လုပ်သူနှင့် သုံးစွဲသူအကြား လက်လီအရောင်းကိုယ်စားလှယ်တစ်ဦးတည်းသာ ပါဝင်ပတ်သက်သည့် လမ်းကြောင်းဖြစ်သည်။ ထုတ်လုပ်သူထံမှ ထုတ်ကုန်ပစ္စည်းကို လက်လီအရောင်းကိုယ်စားလှယ်မှ ဝယ်ယူပြီး သုံးစွဲသူထံရောင်းချသည့် နည်းလမ်းဖြစ်သည်။ အဝတ်အစား၊ ဖိနပ်၊ ကစားစရာစသည့် ကုန်ပစ္စည်းများကို ဖြန့်ဖြူးရောင်းချရာတွင် အကောင်းဆုံးနည်းလမ်းဖြစ်သည်။

🔹 Two-level channel (ကြားနှစ်ဆင့်ခံလမ်းကြောင်း)
====================================

ထုတ်လုပ်သူနှင့် သုံးစွဲသူအကြား လက်ကားအရောင်းဆိုင်ကြီးများနှင့် လက်လီအရောင်းဆိုင်များ နှစ်ဆင့်ပါဝင်ပတ်သက်သည့် လမ်းကြောင်းဖြစ်သည်။ လက်ကားအရောင်းကိုယ်စားလှယ်များမှ ထုတ်ကုန်ပစ္စည်းကို အရေအတွက်အမြောက်အများ ဝယ်ယူပြီး လက်လီအရောင်းဆိုင်လေးများထံမှတစ်ဆင့် သုံးစွဲသူများထံ ရောင်းချသည့်နည်းလမ်းဖြစ်သည်။ ရာသီကုန်များ၊ တန်ဖိုးများစွာမကြီးသည့် ကုန်ပစ္စည်းများကို ရောင်းချရာတွင် အသုံးပြုလေ့ရှိသည်။

🔹 Three-level channel (ကြားသုံးဆင့်ခံလမ်းကြောင်း)
======================================

အဆိုပါလမ်းကြောင်းမှာ လက်ကားအရောင်းဆိုင်ကြီးများ၊ လက်လီအရောင်းဆိုင်များအပြင် အရောင်းကိုယ်စားလှယ် (Agents) ပါဝင်သည့်လမ်းကြောင်းဖြစ်သည်။ ဈေးကွက်အတွင်း အချိန်နှင့်တပြေးညီ အလျင်အမြန်ဖြန့်ချိရမည့် ကုန်ပစ္စည်းမျိုးတွင် အသုံးပြုလေ့ရှိသည်။ အရောင်းကိုယ်စားလှယ်များသည် သတ်မှတ်ထားသည့်ဒေသ၊ ဧရိယာအတွင်း ကုန်ပစ္စည်းများအချိန်မီ ဖြန့်ဖြူးရေးအတွက် ကုမ္ပဏီကိုယ်စား တာဝန်ခံပြီး လက်လီ၊ လက်ကားအရောင်းဆိုင်များမှ တစ်ဆင့်ရောင်းချခြင်းဖြစ်သည်။

✅ ကုန်စည်ဖြန့်ဖြူးမှု လမ်းကြောင်းများတွင် တိုက်ရိုက်လမ်းကြောင်း Direct channel နှင့် တဆင့်ခံလမ်းကြောင်း Indirect channel အပြင် နည်းလမ်းနှစ်သွယ် ဖြန့်ဖြူးမှုမဟာဗျူဟာ (Dual distribution strategy) ကိုလည်း အသုံးပြုလေ့ရှိကြသည်။

✅ ထုတ်လုပ်သူတစ်ဦးသည် ၎င်း၏ထုတ်ကုန်ပစ္စည်းကို သုံးစွဲသူများထံ စဉ်ဆက်မပြတ်ရောင်းချနိုင်စေရန် ကုန်စည်ဖြန့်ဖြူးရောင်းချမှု လမ်းကြောင်းတစ်ခုထက် ပိုမိုအသုံးပြုဆောင်ရွက်ခြင်းမျိုးဖြစ်သည်။

– ဥပမာအားဖြင့် ကုမ္ပဏီပိုင်အရောင်းပြခန်း ဖွင့်လှစ်ခြင်း၊ internet မှတဆင့် ဈေးကွက်ဖော်ဆောင်ခြင်းစသည့် သုံးစွဲသူများ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်ကြိုးပမ်းရင်း တစ်ချိန်တည်းမှာပင် လက်လီ၊ လက်ကားအရောင်းဆိုင်များမှတဆင့် ရောင်းချနေခြင်းမျိုးဖြစ်သည်။

#SuperLight #Logistics #Educating #Distribution_Channels

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
my_MMMY