fbpx

ကုန်စည်ဖြန့်ဖြူးမှုတွင် ဆောင်ရန် နှင့် ရှောင်ရန် အချက်များ

ကုန်စည်ဖြန့်ဖြူးမှု (Distribution) သည် ကုန်ပစ္စည်းထုတ်လုပ်ရာဒေသမှ သုံးစွဲသူအသီးသီးထံသို့ အချိန်နှင့်တပြေးညီ ကုန်စည်စီးဆင်းနိုင်ရေးအတွက် ဆောင်ရွက်ပေးရသည့် လုပ်ငန်းပင်ဖြစ်သည်။ ကုန်စည်ဖြန့်ဖြူးမှုကို ဆောင်ရွက်ရာတွင် အောက်ပါအချက် (၃) ချက်ကို ဦးတည်အလေးထားဆောင်ရွက်ကြရသည် –

👉 (၁) ကုန်ပစ္စည်းထုတ်လုပ်ရာမှ သုံးစွဲသူများထံသို့ ကုန်ပစ္စည်းကိုရောက်ရှိအောင် မည်သို့ပို့ဆောင်ပေးမည်

👉 (၂) ကုန်စည်ပို့ဆောင်သည့်အခါ အသုံးစရိတ်ချွေတာနိုင်ရေးနှင့် အချိန်ကုန်သက်သာမှုရှိစေရေး မည်သို့ဆောင်ရွက်မည်

👉 (၃) ဈေးကွက်အတွင်း မိမိကုန်ပစ္စည်း၏ ယှဉ်ပြိုင်နိုင်စွမ်းကို မည်သို့တည်ဆောက်မည်

အဆိုပါ ဦးတည်ချက်များနှင့်အညီ ကုန်စည်ဖြန့်ဖြူးမှုကို ဆောင်ရွက်ရာတွင် လုပ်ဆောင်သင့်သည့်အချက်များ (ဆောင်ရန်) နှင့် ရှောင်ကျဉ်သင့်သည့်အချက်များ (ရှောင်ရန်) ကို သိရှိထားရန်လိုအပ်မည်ဖြစ်သည်။

✅ Dos (ဆောင်ရန်) ✅
=================

✅ (၁) First and foremost priority (ပထမနှင့် အရေးပါဆုံးဦးစားပေး)
—————————————————————————-
ကုန်စည်ဖြန့်ဖြူးမှုတွင် ပထမနှင့်အရင်ဆုံး ဦးစားပေးဆောင်ရွက်ရမည့်ကိစ္စမှာ မိမိ၏ထုတ်ကုန်ပစ္စည်းကို မည်သည့်ကုန်စည်ဖြန့်ဖြူးရေးလမ်းကြောင်း (Distribution channel) ဖြင့် သုံးစွဲသူများထံ ပို့ဆောင်ပေးရမည်ကို စဉ်းစားဆုံးဖြတ်ရန်ဖြစ်သည်။
ကုန်စည်ဖြန့်ဖြူးမှုလမ်းကြောင်း ရွေးချယ်သည့်အခါ မိမိထုတ်ကုန်ပစ္စည်း၏ သဘောသဘာဝ၊ သက်တမ်း၊ တန်ဖိုး၊ ထုတ်လုပ်နိုင်မှုပမာဏ၊ ဈေးကွက်အရွယ်အစား၊ ဈေးကွက်မြှင့်တင်ရေးမူဝါဒနှင့် သုံးစွဲသူဝန်ဆောင်မှု စသည်တို့ကိုပါ ထည့်သွင်းတွက်ချက်ရမည်ဖြစ်သည်။

✅ (၂) Reach (ပျံ့နှံ့မှု)
———————–
သင့်ကုန်ပစ္စည်းကို ရည်ရွယ်ထားသည့်အတိုင်း ထိရောက်စွာပျံ့ှနှံ့မှု ရှိ၊ မရှိ လေ့လာဆန်းစစ်ပါ။
သင့်ကုန်ပစ္စည်းကို ပိုမိုတွင်ကျယ်စွာ ပျံ့နှံ့နိုင်ရေးအတွက် မည်သည့်နေရာဒေသများတွင် ပိုမိုအားဖြည့်ထောက်ကူပေးရမည်၊ အဆိုပါဒေသမှ မည်သည့်လုပ်ငန်းလက်တွဲဖက်ကို ပိုမိုအားဖြည့်ထောက်ကူရမည်ကို လေ့လာသုံးသပ်ပါ။

✅ (၃) Cost (ကုန်ကျစရိတ်)
——————————
ကုန်စည်ဖြန့်ဖြူးမှု အစီအစဉ်ချမှတ်စဉ်ကပင် မည်သည့်ကုန်စည်ဖြန့်ဖြူးမှုလမ်းကြောင်းသည် ကုန်ကျစရိတ်အသက်သာဆုံးဖြစ်မည်ကို စဉ်းစားသုံးသပ်ရမည်ဖြစ်သည်။
တစ်ဆင့်ခံလမ်းကြောင်းများ (Indirect channel) အသုံးပြုမည်ဆိုပါက လက်ရှိကုန်စည်ဖြန့်ဖြူးနေသော လက်လီ၊ လက်ကားအရောင်းဆိုင်များစသည့် ကြားခံအဖွဲ့အစည်း၊ လုပ်ငန်းရှင်များနှင့် စီးပွားဖက်အဖြစ် လက်တွဲဆောင်ရွက်မည်လား၊ ကိုယ်ပိုင်ကြားခံအဖွဲ့အစည်း ကွန်ယက်ထူထောင်မည်လားဆိုသည်ကို ရွေးချယ်ပါ။
ကိုယ်ပိုင်ကွန်ယက်ထူထောင်မည်ဆိုပါက အမှာစာလုပ်ငန်း၊ ငွေတောင်းခံလွှာနှင့် သုံးစွဲသူဝန်ဆောင်မှုစသည်တို့ စီစဉ်ဆောင်ရွက်ပေးရန် လိုအပ်မည်ကိုသတိပြုပါ။

✅ (၄) Contribution (ဖြည့်တင်းခြင်း)
——————————————-
သင့်ကုန်ပစ္စည်းအတွက် ဈေးကွက်သစ်တိုးချဲ့နိုင်ရန် အခွင့်အလမ်းရရှိစေမည့် လမ်းကြောင်းသစ်ကိုရှာဖွေပါ။

✅ (၅) Support (အထောက်အကူပေးခြင်း)
————————————————-
ကုန်စည်ဖြန့်ဖြူးမှု လမ်းကြောင်းတစ်ရပ်အတွက် အထောက်အကူများပေးအပ်ခြင်းသည် သင့်လုပ်ငန်းအောင်မြင်မှု၏ သော့ချက်ဖြစ်သည်ကို သတိပြုပါ။
သုံးစွဲသူများ၏ မျှော်လင့်ချက်ကို ပံ့ပိုးပေးနိုင်မည့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် သုံးစွဲသူများ၊ ကြားခံအဖွဲ့အစည်း၊ လုပ်ငန်းရှင်များနှင့် ဆက်ဆံရေးကို အဆင်ပြေပြေဆောင်ရွက်ပေးနိုင်ရန် ဒေသခံမန်နေဂျာ (သို့မဟုတ်) ကိုယ်စားလှယ်တစ်ဦးကို တာဝန်ပေးပါ။

❎ Don’ts (ရှောင်ရန်) ❎
==================

❎ (၁) Make mistakes (အမှားဆောင်ရွက်ခြင်း)
————————————————–
ကုန်စည်ဖြန့်ဖြူးမှု (Distribution) တွင် လိုက်နာဆောင်ရွက်သင့်သည့်အချက်များ (ဆောင်ရန်) ကို အလေးမထားမလိုက်နာခြင်းသည် အမှားကျူးလွန်ခြင်းပင်ဖြစ်သည်။

❎ (၂) Risk into a new market (ဈေးကွက်သစ်သို့စွန့်စားဝင်ရောက်ခြင်း)
——————————————————————————–
ဈေးကွက်အတွင်း လေ့လာဆန်းစစ် သုတေသနပြုလုပ်ခြင်းမရှိပဲ စွန့်စားဝင်ရောက်မှုကို ရှောင်ရှားရန်လိုအပ်မည်ဖြစ်သည်။
မိမိရည်ရွယ်ထားသည့် ဈေးကွက်သစ်အတွင်း မဝင်ရောက်မီ ဈေးကွက်အခြေအနေ၊ ယှဉ်ပြိုင်ဖက်များ၊ သုံးစွဲသူများ၏သဘောထား စသည်တို့ကို လေ့လာဆန်းစစ်သင့်သည်။

❎ (၃) Neglect the information (သတင်းအချက်အလက်များကို အလေးဂရုမပြုခြင်း)
——————————————————————————————–
ကြားခံအဖွဲ့အစည်း၊ လုပ်ငန်းရှင်များသည် တန်ဖိုးရှိသော သတင်းအချက်အလက်များကို ပေးစွမ်းနိုင်သည်ကို သတိပြုရန်လိုမည်ဖြစ်သည်။
ကြားခံများ၏ သတင်းပေးပို့မှုနှင့် သုံးစွဲသူများ၏ သဘောထားတုံ့ပြန့်မှုများကို အလေးဂရုမပြုခြင်းကို ရှောင်ရှားရမည်ဖြစ်သည်။

❎ (၄) Lose consistency (တည်ငြိမ်မှုပျက်ပြားခြင်း)
———————————————————-
ကြားခံအဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များစသည့် လုပ်ငန်းလက်တွဲဖက်များ၏ မိမိကုန်ပစ္စည်းနှင့် မိမိကုမ္ပဏီအပေါ်သဘောထား၊ အပြုအမူပြောင်းလဲမှု ရှိ၊ မရှိ ဆန်းစစ်နေရန် လိုအပ်မည်ဖြစ်သည်။ လုပ်ငန်းလက်တွဲဖော်များနှင့် ရေရှည်ခိုင်မြဲသည့် ဆက်ဆံရေးကို ဖော်ဆောင်နိုင်မှ သဘောထား၊ အပြုအမူမပြောင်းမလဲ ခိုင်မြဲနေမည်ဖြစ်သည်။

#SuperLight #Logistics #Knowledge #Distribution

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
my_MMMY