fbpx

ကုန်စည်ဖြန့်ဖြူးမှုပုံစံ နှင့် ကုန်စည်ဖြန့်ဖြူးရေးဌာန တည်နေရာ-အဓိကအချက်များ

ကုန်စည်ဖြန့်ဖြူးမှုပုံစံ (Distribution structure) နှင့် ကုန်စည်ဖြန့်ဖြူးရေးဌာန၊ တည်နေရာ (Distribution Center, Location) တို့သည် ကုန်စည်စီးဆင်းမှုဆိုင်ရာကုမ္ပဏီများ (Logistics company) အတွက်အလွန်အရေးပါသည်။

ကုန်စည်စီးဆင်းမှုလုပ်ငန်းတွင် ကုန်စည်ဖြန့်ဖြူးမှုပုံစံ မှန်ကန်စွာရွေးချယ်ဆောင်ရွက်ခြင်းနှင့် ကုန်စည်ဖြန့်ဖြူးရေးဌာနကို မှန်ကန်သည့်နေရာတွင် ထားရှိဆောင်ရွက်ခြင်းသည် ကုန်စည်စီးဆင်းမှုကုန်ကျစရိတ်များကို လျော့နည်းသက်သာစေပြီး သုံးစွဲသူဝန်ဆောင်မှုအဆင့်ကို ပိုမိုမြင့်မားစွာဖော်ဆောင်ပေးနိုင်ခြင်းဖြင့် ဈေးကွက်အတွင်းယဉ်ပြိုင်နိုင်မှု အဆင့်တစ်ရပ်ကိုရရှိစေနိုင်မည်ဖြစ်သည်။

မှန်ကန်သည့်ကုန်စည်ဖြန့်ဖြူးမှုပုံစံနှင့် မှန်ကန်သည့်ကုန်စည်ဖြန့်ဖြူးရေးဌာန၊ တည်နေရာကိုရွေးချယ်ရာတွင် အဓိကစဉ်းစားဆုံးဖြတ်ရမည့်အဆင့်များကို ဖော်ပြခြင်းမပြုမီ ကုန်စည်ဖြန့်ဖြူးမှုပုံစံ (Distribution structure) နှင့်စပ်လျဉ်း၍ အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုဖော်ပြလိုက်ပါသည်။

ကုန်စည်ဖြန့်ဖြူးမှုပုံစံ (Distribution structure) ဆိုသည်မှာ ကုန်ပစ္စည်းထုတ်လုပ်ရာဒေသနှင့် သုံးစွဲမည့်ဒေသအကြား ကုန်စည်ပစ္စည်းများဖြန့်ဖြူးပေးပို့ရာတွင် အသုံးပြုသည့်သယ်ယူပို့ဆောင်မှုနှင့် သိုလှောင်ထိန်းသိမ်းမှုဆိုင်ရာ စနစ်များကို စနစ်တကျစီမံဆောင်ရွက်မှုအခင်းအကျင်း (သို့မဟုတ်) နည်းလမ်း (သို့မဟုတ်) ပုံစံပင်ဖြစ်သည်။

ကုန်စည်ဖြန့်ဖြူးမှုပုံစံတွင် တိုက်ရိုက်ကုန်စည်ဖြန့်ဖြူးမှုပုံစံ (Direct dustribution system)နှင့် ကြားခံကုန်စည်ဖြန့်ဖြူးမှုပုံစံ (Transit distribution system) ဟူ၍နှစ်မျိုးခွဲခြားနိုင်သည်။

တိုက်ရိုက်ကုန်စည်ဖြန့်ဖြူးမှုပုံစံ (Direct distribution system) မှာ ကုန်ထုတ်လုပ်သူ (သို့မဟုတ်) ကုန်စည်ဖြန့်ဖြူးသူက သုံးစွဲသူများထံ (သို့မဟုတ်) လက်လီ၊ လက်ကားဆိုင်များထံ တိုက်ရိုက်ဖြန့်ဖြူးပေးပို့မှုဖြစ်သည်။

ကြားခံကုန်စည်ဖြန့်ဖြူးမှုပုံစံ (Transit distribution system) တွင် Centralized distribution system (ဗဟိုချုပ်ကိုင်ဖြန့်ဖြူးမှုစနစ်) နှင့် Decentralized distribution system (ဗဟိုချုပ်ကိုင်မှုကင်းလွတ်သောဖြန့်ဖြူးမှုစနစ်) ဟူ၍နှစ်ပိုင်းခွဲခြားနိုင်သည်။

(Centralized distribution system) မှာကြားခံ ဗဟိုကုန်စည်ဖြန့်ဖြူးရေးဌာန တစ်ခုတည်းသာထားရှိပြီး ၎င်းမှတစ်ဆင့် ကုန်စည်ပစ္စည်းအားလုံးကို ခွဲဝေဖြန့်ဖြူးပေးသည့်စနစ်ဖြစ်သည်။
(Decentralized distribution system) မှာကြားခံတစ်ခုထက်ပိုမိုသော ကုန်စည်ဖြန့်ဖြူးရေးဌာနများမှတစ်ဆင့် ခွဲဝေဖြန့်ဖြူးသည့်စနစ်ဖြစ်သည်။ ကုန်စည်ဖြန့်ဖြူးမှုပုံစံအမျိုးမျိုးတွင် အားသာချက်များရှိသကဲ့သို့ အားနည်းချက်များလည်းရှိသည့်ပြင် ကြားခံကုန်စည်ဖြန့်ဖြူးရေးဌာနများ၏ တည်နေရာသည်လည်း လျင်မြန်ထိရောက်သည့် ကုန်စည်ဖြန့်ဖြူးမှုအတွက် အရေးပါနေရာ မှန်ကန်သောကြန်စည်ဖြန့်ဖြူးမှုပုံစံ (Right distribution system) နှင့် မှန်ကန်သည့်ကုန်စည်ဖြန့်ဖြူးရေးဌာန၊ တည်နေရာ (Right distribution center location) စိစစ်ရွေးချယ်ဆောင်ရွက်ခြင်းသည် လုပ်ငန်းအောင်မြင်မှုအတွက် သော့ချက်ပင်ဖြစ်သည်။ မှန်ကန်သည့်ကုန်စည်ဖြန့်ဖြူးမှုပုံစံနှင့် မှန်ကန်သည့်ကုန်စည့်ဖန့်ဖြူးရေးဌာန၊ တည်နေရာရွေးချယ်ရာတွင် အဓိကထားစဉ်းစားဆုံးဖြတ်ရမည့် အချက်များ (Factors)မှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) Demand level (ဝယ်လိုအားအဆင့်)

ထုတ်ကုန်ပစ္စည်းများ၏ရောင်းလိုအားသည် သုံးစွဲသူများ၏ဝယ်လိုအားအပေါ် အဓိကတည်မှီနေရာ ဝယ်လိုအားအဆင့်မြင့်မားရန် လိုအပ်မည်ဖြစ်သည်။ ထို့ပြင်သုံးစွဲသူများ၏ သဘောထား(ဝယ်လိုအား)မှာ လျင်မြန်စွာပြောင်းလဲတတ်သည့် သဘာဝအရ မျက်ခြေမပြတ်လေ့လာဆန်းစစ်ကာ ကုန်စည်ဖြန့်ဖြူးမှုပုံစံနှင့် ကုန်စည်ဖြန့်ဖြူးရေးဌာန၊ တည်နေရာကိုလိုအပ်သလို ပြင်ဆင်ပြောင်းလဲဆောင်ရွက်ရမည်ဖြစ်သည်။

(၂) Service level (ဝန်ဆောင်မှုအဆင့်)
သုံးစွဲသူများ၏ဝယ်လိုအား စဉ်ဆက်မပြတ်တိုးမြှင့်ရေး တနည်းအားဖြင့် သုံးစွဲသူများကြေနပ်နှစ်သိမ့်မှု ရရှိစေရေးအတွက် ထုတ်ကုန်ပစ္စည်းများကို အချိန်နှင့်တပြေးညီရရှိစေရန် ဆောင်ရွက်ခြင်းနှင့် Lead time (ပစ္စည်းမှာယူချိန်မှ သုံးစွဲသူထံပေးပို့နိုင်မည့်အထိကြာမြင့်ချိန်)ကို အတတ်နိုင်ဆုံးလျော့ချနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်သည်။ ထို့ပြင်မိမိကုန်ပစ္စည်းနှင့်စပ်လျဉ်း၍ တာဝန်ခံမှု၊ လုပ်ငန်းဆောင်ရွက်မှုကို လိုအပ်သလိုပြုပြင်ပြောင်းလဲလွယ်မှု စသည်များသည်လည်း ဝန်ဆောင်မှုပေးရာတွင် သတိပြုရမည့်အချက်များဖြစ်သည်။

(၃) Product characteristics (ထုတ်ကုန်ပစ္စည်းသဘောသဘာဝ)

ထုတ်ကုန်ပစ္စည်း၏တန်ဖိုး၊ ထုတ်ပိုးမှုပမာဏ၊ အရည်အသွေး၊ ထုတ်ကုန်ပစ္စည်းသက်တမ်းစသည့် သဘာဝပေါ်မူတည်၍ ကုန်စည်ဖြန့်ဖြူးမှုပုံစံကို ရွေးချယ်ရမည်ဖြစ်သည်။ ဥပမာ တန်ဖိုးကြီးပစ္စည်းများကို Direct distribution system ဖြင့်ပို့ဆောင်ခြင်းက ပိုမိုအဆင်ပြေစေနိုင်ပြီး တန်ဖိုးနည်းလူသုံးကုန်ပစ္စည်းများကို ကြားခံကုန်စည်ဖြန့်ဖြူးမှုပုံစံ Transit distribution system ကပိုမိုထိရောက်စေနိုင်မည်ဖြစ်သည်။ ထို့ပြင်ကုန်ထုတ်လုပ်ရာနေရာနှင့် ကုန်ပစ္စည်းပို့ဆောင်ရမည့် ယာဉ်အမျိုးအစား (ကုန်း၊ ရေ၊ လေ)နှင့် ခရီးအကွာအဝေးသည်လည်း ထည့်သွင်းစဉ်းစားရမည့်အချက်ဖြစ်သည်။

(၄) Logistics Cost (ကုန်စည်စီးဆင်းမှုစရိတ်စက)

ကုန်စည်စီးဆင်းမှုကုန်ကျစရိတ် (Logistics cost) တွင် သယ်ယူပို့ဆောင်စရိတ် (Transport cost)၊ ကုန်ပစ္စည်းစရိတ် (Inventory cost)၊ သိုလှောင်ရုံစရိတ် (Warehousing cost) များပါဝင်မည်ဖြစ်သည်။ သိုလှောင်ရုံစရိတ် (Warehousing cost) တွင်လည်း Receiving cost, Handling cost နှင့် Storing cost များပါဝင်မည်ဖြစ်သည်။ ကုန်စည်စီးဆင်းမှုကုန်ကျစရိတ်အနက် သယ်ယူပို့ဆောင်မှုစရိတ်သည် စုစုပေါင်းကုန်စည်စီးဆင်းမှုစရိတ်၏ ၅၀ရာခိုင်နှုန်းမှ ၆၀ရာခိုင်နှုန်းအထိ ရှိနေနိုင်သဖြင့် အလွန်အရေးပါသည့် ကုန်ကျစရိတ်ဖြစ်သည်။ ကုန်ထုတ်လုပ်ရာနေရာမှ သုံးစွဲသူဈေးကွက်ထံ သယ်ယူပို့ဆောင်ရသည့် ခရီးအကွာအဝေးရှည်လျားသည်နှင့်အမျှ ကုန်ကျစရိတ်ပိုမိုနိုင်သည်ကို သတိပြုရန်လိုမည်ဖြစ်သည်။

(၅) Labour and land availability (လုပ်အားနှင့်မြေနေရာ အလွယ်တကူရရှိနိုင်မှု)

ကုန်စည်ဖြန့်ဖြူးမှုပုံစံနှင့် ကုန်စည်ဖြန့်ဖြူးရေးဌာန၊ တည်နေရာကို စိစစ်ရွေးချယ်ရာတွင် မြေတန်ဖိုး (Land cost)၊ အဆောက်အအုံဝယ်ယူငှါးရမ်းခ (Real estate cost) တို့ကအရေးပါသည်။ ထို့ပြင်ဒေသခံ လုပ်သားအင်အားအရည်အသွေး (Local workforce quality)၊ လုပ်အားခနှုန်းထား၊ ကျွမ်းကျင်လုပ်သားရရှိနိုင်မှု အခြေအနေများကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။

(၆) Accessibility (အလွယ်တကူရောက်ရှိနိုင်မှု)

ကုန်စည်ဖြန့်ဖြူးရေးဌာန၊ တည်နေရာသည် သယ်ယူပို့ဆောင်ရေးဆိုင်ရာအရင်းအမြစ်များ (ဥပမာ သဘောၤဆိပ်၊ လေယာဉ်ကွင်း၊ ကားဂိတ်)နှင့် အလွယ်တကူသွားလာနိုင်မှုရှိ၊ မရှိ၊ အဓိကလမ်းမများ (သို့မဟုတ်) အဝေးပြေးလမ်းမပေါ်တွင်ရှိ၊ မရှိ စသည်များသည် အရေးပါသည့်အချက်များဖြစ်သည်။ ထို့ပြင်လုပ်သားများနှင့် တာဝန်ရှိသူများအတွက် သွားလာရသည့်ခရီးအကွာအဝေးသည်လည်း ထည့်သွင်းစဉ်းစားရမည့်အချက်ဖြစ်သည်။

(၇) Contextual Factors (အခြားဆက်စပ်နေသောအချက်များ)

ကုန်စည်ဖြန့်ဖြူးမှုပုံစံနှင့် ကုန်စည်ဖြန့်ဖြူးရေးဌာန၊ တည်နေရာရွေးချယ်ရာတွင် လမ်းပန်းဆက်သွယ်ရေး၊ အလုပ်အကိုင်အခွင့်အလမ်း၊ ဈေးကွက်အခြေအနေ၊ လုပ်ငန်းဆောင်ရွက်ရန်ကုန်ကျစရိတ်၊ လူနေထိုင်မှုစရိတ်စက၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု (မြေ၊ ရေ၊ လေ)၊ အခွန်အခ၊ လုပ်ငန်းဆောင်ရွက်ရန်အဆင်ပြေချောမွေ့မှု (ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း)၊ ဒေသခံအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုစသည့် အချက်များသည်လည်း အရေးပါမည်ဖြစ်သည်။ ထို့ပြင်မိမိအဖွဲ့အစည်း၏ အနာဂတ်လုပ်ငန်းတိုးချဲ့ရန် မျှော်မှန်းချက်များအတွက်ပါ ထည့်သွင်းတွက်ချက်ရမည်ဖြစ်သည်။

ကုန်စည်ဖြန့်ဖြူးမှုပုံစံနှင့် ကုန်စည်ဖြန့်ဖြူးရေးဌာန၊ တည်နေရာရွေးချယ်ရာတွင် အခြေခံရမည့်အချက်များသည် တစ်ခုနှင့်တစ်ခု အပြန်အလှန်ဆက်သွယ်လျက်ရှိကြသည်။
အထူးသဖြင့် ဝန်ဆောင်မှုအဆင့် (Service level) နှင့် ကုန်စည်စီးဆင်းမှုကုန်ကျစရိတ် (Logistics cost) တို့ကိုဟန်ချက်ညီအောင် အလေးထားစိစစ် သုံးသပ်ဆုံးဖြတ်ဆောင်ရွက်သွားရမည်ဖြစ်သည်။

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
my_MMMY