fbpx

Amazon (သို့) လိုတရစတိုးကြီး၏ သမိုင်းအကျဉ်း

ယခုအခါ Amazon သည် ဧရာမအင်တာနက် လိုတရ စတိုးကြီး တစ်ခုအဖြစ် ရပ်တည်နေပြီဖြစ်သည်။ ထို လိုတရစတိုးကြီးကို ဘယ်အချိန် ၊ ဘယ်နေရာမှာ ဘယ်လို စတင်ခဲ့ပါသလဲ?

——————————–
ကုမ္ပဏီ၏ ဝင်ငွေအရကြည့်လျှင် Amazon သည် ကမ္ဘာပေါ်တွင် အင်တာနက်အခြေပြု အကြီးဆုံးကုမ္ပဏီကြီးတစ်ခု ဖြစ်သည်။ Online ပေါ်တွင် စာအုပ်များ ရောင်းချမှု စတင်ခဲ့သည့် 1994 ခုနှစ်ကပင် Jeff Bezos (Amazon ကို တည်ထောင်သူ)က online ပေါ်တွင် အောင်မြင်မှု ရရှိစေမည့် တစ်ခုတည်းသော နည်းလမ်းမှာ မြန်မြန်ဆန်ဆန် နှင့် လုပ်ငန်းကြီးထားလာရန်ဖြစ်ကြောင်း သိရှိခဲ့သည်။ ယနေ့ Amazon ကုမ္ပဏီမှ စာအုပ်များမှသည် အီလက်ထရွန်နစ် စာအုပ်ဖတ်စက်များ ၊ သင်္ဘောတင်ကုန်သေတ္တာနေအိမ်များ (လူနေထိုင်ရန်) အထိ ရောင်းချနေသည်။ တစ်နေရာတည်းတွင် ပစ္စည်းအစုံ ရရှိနိုင်သော စတိုးဆိုင်ဖြစ်လာခဲ့ပြီဖြစ်ကြောင်း ကုမ္ပဏီ၏ အနာဂတ်အတွက် ရည်မှန်းချက် အမြောက်အမြား ရှိနေပြီဖြစ်သည်။ Amazon ၏ အစောပိုင်းနေ့ရက်များနှင့် ကုမ္ပဏီ၏ အရေးပါဆုံး အောင်မြင်မှုမှတ်တိုင်အချို့ကို လေ့လာပြီး ကုမ္ပဏီအနေဖြင့် မည်သည့်အတွက် ဤမျှလူသိများထင်ရှားကျော်ကြားမှု ရလာသည်ကို စူးစမ်းတင်ပြသွားမည်ဖြစ်သည်။

Amazon ကို မည်သည့်အချိန်က ပထမအစပြုခဲ့ပါသလဲ ?
————————————————————–
Amazon (သို့) ပိုမိုမှန်ကန်သည့် အခေါ်အဝေါ် Amazon.com မှာ မူလအစက “Cadabra” ဟု မှည့်ခေါ်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ဆွဲဆောင်မှုရှိစေမည့် ပိုမိုပေါ်လွင်သော အမည်ကို ရွေးချယ်ရန် ရှေ့နေဖြစ်သူ၏ အကြံပေးချက်အရ Jeff Bezos (Amzon တည်ထောင်သူ) နှင့် ထိုချိန်က သူ၏ဇနီးဖြစ်သူ Mackenzie Bezos တို့သည် ၎င်းတို့၏ အလားအလာရှိသည့် လုပ်ငန်းသစ်အတွက် လွှမ်းမိုးမှုရှိနိုင်မည့် အမည်အချို့ဖြင့် ကုမ္ပဏီမှတ်ပုံတင်ရန် အစပျိုးခဲ့ကြသည်။ Awake.com/ Browse.com/ Bookmall.com နှင့် Relentless.com စသည့် အမည်အမျိုးမျိုးဖြင့် မှတ်ပုံတင်ခဲ့ကြသည်။ ထို့နောက် Amzaon ဟူသော စာလုံးကို တွေ့ရှိသွားရာမှ ကမ္ဘာပေါ်မှ အကြီးဆုံးမြစ်တစ်မြစ်ဖြစ်သော အမေဇုံကဲ့သို့ ၎င်းမျှော်မှန်းထားသည့် online စတိုးမှာလည်း ကမ္ဘာ့အကြီးဆုံး ဖြစ်လာရမည်ဆိုသည့် စိတ်ကူးနှင့် အတိအကျ လိုက်ဖက်သည့်အမည်ဟု Jeff က တွေးထင်ခဲ့သည်။ဤသို့ဖြင့် Amazon.com ကို ၁၉၉၄ ခုနှစ်နိုဝင်ဘာ တစ်ရက်နေ့တွင် မှတ်ပုံတင်ခဲ့လိုက်သည်။
အမည်ရွေးချယ်မှတ်ပုံတင်ပြီးသည့်တိုင်အောင် မည်သည့်ပစ္စည်းရောင်းချရမည်ကို မဝေခွဲနိုင်သေးပေး။ Jeff အနေဖြင့် online လက်လီဖြန့်ချီမှုလုပ်ငန်းပုံစံတစ်မျိုးမျိုး ထူထောင်လိုခြင်းသာ ရှိခဲ့ပြီး မည်သည့် ကုန်အမျိုးအစားရောင်းချရမည်ကို မသေချာသေးပေ။လေ့လာစူးစမ်းမှုအချို့ပြုလုပ်ပြီးနောက် စာအုပ်များ ရောင်းချရန် ရွေးချယ်လိုက်သည်။ စာအုပ်များမှာ အခြား ကုန်ပစ္စည်းများနှင့် နှိုင်းယှဉ်လျှင် အရင်းအမြစ် ၊ထုတ်ပိုးမှုနှင့် ဖြန့်ချီမှုပြုလုပ်ရန် ပိုမိုလွယ်ကူသည်။ သို့ရာတွင် online ပေါ်တွင် စာအုပ်များဖြန့်ချီရောင်းချမှုကို အမေဇုံမှ ပထမ စတင်ခဲ့ခြင်းမဟုတ်ပေ။ စာအုပ်စတိုး တစ်ခုဖြစ်သည့် Computer Literacy မှ 1991 ခုနှစ်ကပင် online ရောင်းချမှုကို စတင်ခဲ့ပြီးဖြစ်သည်။ Amazon.com မှ ဝယ်ယူအားပေးသူများအတွက် ပိုမိုအဆင်ပြေချောမွေ့စေမည့် နည်းလမ်းများကို ပေးစွမ်းနိုင်ခဲ့သည်။ ကမ္ဘာပေါ်ရှိ မည်သည့်နေရာကိုမဆို online ပေါ်မှ မှာယူသူများ၏ လိပ်စာအရောက် တိုက်ရိုက်ပေးပို့သည့် ပုံစံကို အခြေခံဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။ ကုမ္ပဏီစတင်ထူထောင်ချိန် အစောပိုင်းကာလကတည်းကပင် Jeff အနေဖြင့် အမေဇုံကုမ္ပဏီသည် သုံးကုန်ပစ္စည်းများ ရောင်းချသည့် Online လက်လီဖြန့်ချီရေးလုပ်ငန်းတစ်ခုမျှသာမဟုတ်ပဲ နည်းပညာကုမ္ပဏီတစ်ခု ဖြစ်လာစေရန် ရည်မှန်းခဲ့ခြင်းဖြစ်သည်။

အမေဇုံမှ စာအုပ်များအပြင် အခြားပစ္စည်းများရောင်းချခြင်း စတင်ခဲ့သည့်အချိန်
——————————————————————————————
အမေဇုံအနေဖြင့် Online ပေါ်တွင် စာအုပ်များရောင်းချခြင်းဖြင့် အစပျိုးခဲ့သည်ကို သိရှိကြပြီးဖြစ်သည်။ ထိုအချိန်က အမေဇုံ၏ ပေးစွမ်းနိုင်ခဲ့သည့် ဆောင်ရွက်ချက်မှာ အလွန် အံ့မခန်းဖွယ်ဖြစ်ခဲ့ပြီး အမေဇုံဆောင်ရွက်ပေးခဲ့သည့် အဆင့်မျိုးကို အလွန်နည်းပါးလှသော ကုမ္ပဏီအချို့ကသာ ဆောင်ရွက်ပေးနိုင်ခဲ့သည်။ Bezos ၏ မဏာမလုပ်ငန်းခြေလှမ်းများ နောက်ကုမ္ပဏီအနေဖြင့် ကွန်ပြူတာဂိမ်းများ နှင့် တေးသီချင်းများ ရောင်းချခြင်းကို ၁၉၉၈ ခုနှစ်တွင် စတင်တိုးချဲ့ဆောင်ရွက်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ဗြိတိန်နှင့် ဂျာမဏီရှိအခြား online bookstore များကို ဝယ်ယူခြင်းဖြင့် ကမ္ဘာတစ်ဝန်း အမေဇုံ၏ ဝန်ဆောင်မှုလုပ်ငန်းစတင်ချဲ့ထွင်ခဲ့သည်။ထောင်စုနှစ်ရောက်ရှိချိန်တွင် အမေဇုံအနေဖြင့် လူသုံး အီလက်ထရွန်နစ် ပစ္စည်းများ ၊ ဗီဒီယိုဂိမ်းများ၊ Software ၊ အိမ်အလှဆင်နှင့် အိမ်သုံးလူသုံး ပစ္စည်းများ ၊ ကစားစရာများ ၊ ဂိမ်းများနှင့် အခြား များပြားလှသော ပစ္စည်းများ ရောင်းချခြင်းကို ပိုမိုတိုးချဲ့ဆောင်ရွက်ခဲ့သည်။
၂၀၀၅ ခုနှစ်တွင် အမေဇုံ၏ Amzaon Web Services (AWS) ကို စတင်ဖြန့်ဖြူးခဲ့ပြီး Bezos ၏ online လက်လီဖြန့်ချီရေးလုပ်ငန်းထက် နည်းပညာ ကုမ္ပဏီဖြစ်ရမည်ဟူသော ကနဦးမျှော်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် အမေဇုံ၏ Amazon Web Services (AWS) ဂုဏ်ဒြပ်ကို Elastic Compute Cloud (EC2) ဖြင့် ထပ်ဆောင်းကာ မြှင့်တင်ပေးခဲ့သည်။ ထို့နောက် မကြာမီကာလတွင်ပင် အမေဇုံ၏ Simple Storage Service (S3) ကို ဆက်လက်ဆောင်ရွက်နိုင်ခဲ့သည်။အမေဇုံအနေဖြင့် EC2 နှင့် S3 ကဲ့သို့ ဒီဂျစ်တယ် ဝန်ဆောင်မှုလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ခြင်းသည် ကုမ္ပဏီ၏ဝင်ငွေကို သိသိသာသာ တိုးပွားမြင့်တက်လာစေခဲ့သည်။ ယခုအခါ အမေဇုံ၏ ကြီးမားလှသော လက်လီဖြန့်ချီရေး အောင်မြင်မှုများအပြင် ဒီဂျစ်တယ် ဝန်ဆောင်မှုများကလည်း ကုမ္ပဏီဝင်ငွေ၏ ဧရာမ အစိတ်အပိုင်းအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်သည်။
၂၀၀၇ ခုနှစ်တွင် ပထမဆုံး Kindle e-reader ကို ပွဲထုတ်ခဲ့သည်။ အဆိုပါ တန်ဖိုးနည်းလက်ကိုင် တက်ဘလက်များသည် (အီလက်ထရွန်နစ်စာအုပ်ဖတ်စက်) သည် စာအုပ်ဈေးကွက်ကို ခွန်အားသစ်ပေးစွမ်းနိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် Kindle သည် အန်းဒရွိုက်တက်ဘလတ် ရောင်းချမှုအားလုံး၏ ၅၀ ရာခိုင်နှုန်းဝန်းကျင် ရောင်းချခဲ့ရသည်။ Kindle ၏ အောင်မြင်မှုမှာ အမေဇုံကုမ္ပဏီ၏ စာအုပ်ပုံနှိပ်ထုတ်ဝေရေးဈေးကွက်အတွင်း ဝင်ရောက်ရန် တွန်းအားပေးခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် အမေဇုံပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းကို စတင်ခဲ့သည်။ ထိုနှစ်တွင်ပင် e book ရောင်းချရမှုသည် သမားရိုးကျ ပုံနှိပ်စာအုပ်များရောင်းချရမှုထက် ပိုမိုသာလွန်ကြောင်း အမေဇုံမှ ထုတ်ပြန်ကြေညာခဲ့သည်။
ထိုအချိန်မှစ၍ အမေဇုံအနေဖြင့် အခြားဝန်ဆောင်မှုလုပ်ငန်းအများအပြား ဆက်လက်တိုးချဲ့ ဆောင်ရွက်ခဲ့သည်။ အဆိုပါ တိုးချဲ့မှုများတွင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့ရောင်းချခြင်း ၊ မောင်းသူမဲ့လေယာဉ်ငယ် (Drone) ဖြင့် ပစ္စည်းပို့ဆောင်ပေးခြင်းနှင့် အခြား ဆန်းသစ်တီထွင်မှု အများအပြားပါဝင်သည်။ ကိုယ်ပိုင်လေယာဉ်ကွင်းတည်ဆောက်ရန်ပင် စီစဉ်ခဲ့ကြသည်။

အမေဇုံလူသိများ ထင်ရှားကျော်ကြားမှု မည်သည့်အချိန်က စတင်ခဲ့ပါသလဲ ?
————————————————————————————
လုပ်ငန်းစတင် ထူထောင်ချိန်ကပင် Bezos ၏ ကြံရွယ်ထားသော လုပ်ငန်းပုံစံနှင့် စပ်လျဉ်း၍ သက်တူရွယ်တူ အများအပြားနှင့် ဝေဖန်ရေးသမားများက အယုံအကြည်မရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ဘဏ္ဍာရေးဆိုင်ရာ ဂျာနယ်လစ်များမှာ အဆိုးရွားဆုံး ဝေဖန်သူများ ဖြစ်ခဲ့ကြပြီး မကြာခဏဆိုသလို Amazon.bomb အဖြစ် တင်စားလျက်ချိုးချိုးနှိမ်နှိမ် ပြောဆိုခဲ့ကြသည်။ ၎င်းတို့အနက် အများအပြားက Amazon.com အနေဖြင့် အဆုံးသတ်တွင် အရှုံးဖြင့် ရင်ဆိုင်ရမည်ဟာ ဆိုခဲ့ကြသည်။ အမှန်တကယ်တွင်လည်း Amazon.com အနေဖြင့် 2001 ခုနှစ် နောက်ဆုံးအပတ်အထိ အမြတ်အစွန်း ထွက်ပေါ်လာခြင်းမရှိသေးပေ။ သို့ရာတွင် Bezos အနေဖြင့် သူ့အပေါ် ဝေဖန်ပြစ်တင်မှုများကို အလေးမထားပဲ မိမိရပ်တည်ချက်အပေါ် ခိုင်ခိုင်မြဲမြဲ ဆက်လက်ရင်ဆိုင်ခဲ့သည်။ Bezos က online လက်လီဖြန့်ချီသူတစ်ဦးအဖြစ် အောင်မြင်မှု ရရှိနိုင်ရန် Amazon ကို လျင်လျင်မြန်မြန် ကြီးထွားလာရန် လိုအပ်သည်ဟု ဆိုခဲ့သည်။ ပြောသည့်အတိုင်း ဖြစ်အောင်လည်း ဆောင်ရွက်နိုင်ခဲ့သည်။ ၁၉၉၆ ခုနှစ် ဒီဇင်ဘာလတွင် ကုမ္ပဏီ၏ အမာခံဖောက်သည် အရေအတွက်သည် အံ့အားသင့်ဖွယ် ၁၈၀၀၀၀ အထိ များပြားခဲ့သည်။ နောက်နှစ် အောက်တိုဘာလတွင် ဖောက်သည်အရေအတွက်သည် တစ်သန်းဝန်းကျင်ထိ ခုန်တက်သွားခဲ့သည်။
၁၉၉၆ ခုနှစ်တွင် ဝင်ငွေဒေါ်လာ ၁၆သန်းခန့်ရှိရာမှ ၁၉၉၇ ခုနှစ်တွင် ဝင်ငွေဒေါ်လာ ၁၄၈သန်း အထိ မယုံနိုင်လောက်အောင် ခုန်တက်လာခဲ့သည်။ ထိုအချိန်အထိ Amazon တွင် ပုဂ္ဂလိကပိုင် ကုမ္ပဏီတစ်ခုအဖြစ်တည်ရှိဆဲ ဖြစ်သည်။ သို့ရာတွင် ကုမ္ပဏီ၏ ကြီးပွားတိုးတက်မှုကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ရန် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုသာမ ပိုမို ရင်းနှီးမြှုပ်နှံရန် လိုအပ်မည် ဖြစ်ကြောင်း Bezos က သဘောပေါက်ခဲ့သည်။ ဤသို့ဖြင့် ၁၉၉၇ ခုနှစ်တွင် Amazon.com သည် အများပိုင် ကုမ္ပဏီအဖြစ် ရောက်ရှိခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် Amazon ၏ ဝင်ငွေမှာ မယုံနိုင်ဖွယ် ဒေါ်လာသန်း ၆၀၀ထိ ရှိခဲ့သည်။ Amazon ၏ အချိန်တိုကာလအတွင်း တစ်ရှိန်ထိုး မြင့်တက်လာမှုက Bezos အား လူအများ သတိပြုလာမိစေရန် တွန်းတင်ပေးခဲ့သည်။ Bezos အနေဖြင့် Time မဂ္ဂဇင်း၏ ၁၉၉၉ Person of the Year အဖြစ် ရွေးချယ်ဖော်ပြခံခဲ့ရသည်။ အဆိုပါ ကာလအတောအတွင်းမှာပင် Amazon အနေဖြင့် ယခု မြင့်မြင့်မားမား အကျိုးအမြတ် ရရှိနေသည့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ကို ဖော်ဆောင် ဆောင်ရွက်ခဲ့သည်။ အစီအစဉ်ကို ပါဝင်ပူးပေါင်းကြသည့် ကုမ္ပဏီများမှ Amazon ၏ ရောင်းကုန်ပစ္စည်းများကို ၎င်းတို့၏ ကိုယ်ပိုင် website များပေါ်တွင် ကြေငြာပေးကြသည်။ Amazon မှ အမှာစာများကို ပေးပို့ပေးပြီး ကြေညာပေးသည့် ကုမ္ပဏီများအား ကော်မရှင်ပေးခြင်းဖြင့် နှစ်ဦးနှစ်ဖက် win-win အကျိုးရှိစေခဲ့သည်။
အဆိုပါ အစီအစဉ်မှာ နားလည်လွယ်သော လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်တစ်ရပ် အဖြစ် သက်သေပြနိုင်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် အဖွဲ့အစည်းတစ်ခုတည်းမှသည် ၁၉၉၉ ခုနှစ်တွင် အဖွဲ့အစည်း ၃၅၀၀၀၀ ကျော်ထိ တိုးပွားလာခဲ့သည်။

မည်သည့်အရာက Amazon ကို အလွန်ထင်ပေါ်ကျော်ကြားစေခဲ့ပါသလဲ ?
——————————————————————-
Amazon ၏ အစောပိုင်း ကာလများအတွင်း အဓိက ဆွဲဆောင်မှုမှာ အမှန်တကယ် လွယ်ကူသက်သာစေမှုတစ်ရပ်ပင် ဖြစ်သည်။ စာအုပ်ဝယ်လိုသူအနေဖြင့် ၎င်းတို့ ဖတ်လိုသည့် စာအုပ်ရရှိရန် စာအုပ်ဆိုင်သို့ ကိုယ်တိုင်သွားရောက်ရန် မလိုအပ်တော့ပေ။ နေအိမ်အတွင်းမှ သက်တောင့်သက်သာဖြင့် မိမိဖတ်ရှုလိုသော စာအုပ်ကို ရှာဖွေ ၊ ရွေးချယ်၍ ဝယ်ယူနိုင်မှုသည် ထိုအချိန်က အံ့အားသင့်ဖွယ် တီထွင်မှုတစ်ရပ်ဖြစ်ခဲ့သည်။ ထိုမျှသာမက Amazon အနေဖြင့် ဝယ်ယူထားသည့်စာအုပ်ကို ရက်ပိုင်းအတွင်း သင့် အိမ်ရှေ့တံခါးပေါက် အရောက်သို့ ပို့ဆောင်ပေးမည်ဖြစ်သည် အမှန်တကယ် မယုံကြည်နိုင်ဖွယ်ရာပင် ဖြစ်လေသည်။ အမှန်တကယ်တွင်မူ ၎င်းတို့အနေဖြင့် မတူညီသည့် ထုတ်ကုန်ပစ္စည်းများကို ပို၍ ပို၍ ရောင်းချကာ ၊ ၎င်းတို့၏ ဆွဲဆောင်မှုကို ပို၍ ပို၍ များပြားသော သုံးစွဲမှုများထံ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်ချဲ့ထွင်လာခဲ့ခြင်းသာ ဖြစ်သည်။ ၎င်းတို့ရောင်းချသည့် ကုန်ပစ္စည်းများက အဓိက မဟုတ်ခဲ့ပေ။Amazon ၏ အောင်မြင်မှုသည် အခြား အောင်မြင်မှု ရရှိသည့် ကုမ္ပဏီအများအပြား နည်းတူ ၎င်းတို့ပေးဆပ်စွမ်းဆောင်ပေးခဲ့သည့် ဝန်ဆောင်မှုကို အရင်းခံခြင်းဖြစ်သည်။ အဆိုပါ ဝန်ဆောင်မှုကပင် သုံးစွဲသူများ၏ ယုံကြည်စိတ်ချအားကိုးမှု တနည်းအားဖြင့် သစ္စာရှိမှုကို ရရှိခဲ့ခြင်းဖြစ်ပြီး ၊ ရလဒ်အနေဖြင့် ရေရှည်တွင် ကြီးမားသော အမြတ်အစွန်းကို ရရှိခဲ့သည်။ သူ၏ သုံးစွဲသူဖောက်သည်များအတွက် amazon က ဆောင်ရွက်ပေးခဲ့သည့် အခြားတီထွင်ဖန်တီးချက်တစ်ခု (အခြားလူများ မပြုလုပ်သေးသည့် စွမ်းဆောင်ချက်) မှာ ထုတ်ကုန်ပစ္စည်း အသုံးဝင်မှုကို အကြံပြုပေးခြင်းဖြစ်သည်။ သုံးစွဲသူများ၏ ယခင်ဝယ်ယူခဲ့မှုများအပေါ် အခြေခံကာ ထုတ်ကုန်ပစ္စည်းများ ထပ်မံ ဝယ်ယူရန် (သို့) ပိုမို အရည်အသွေးကောင်းမွန်သော ပစ္စည်းများ ဝယ်ယူရန် ဆွဲဆောင်ခြင်းဖြင့် amazon အနေဖြင့် ၎င်းတို့၏ ဝင်ငွေကို ပိုမိုမြှင့်တက်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ ထုတ်ကုန်ပစ္စည်းများအပေါ် သုံးစွဲသူများ၏ အမြင် ၊ ဝေဖန်အကြံပြုချက်များကို ထပ်ဆောင်း ဖြည့်စွတ်မှုကလည်း သုံးစွဲသူအဖွဲ့အစည်းကဲ့သို့ အဖွဲ့မျိုးကို ဖြစ်ပေါ်စေရန် အထောက်အကူပြုပေးခဲ့ပြီး အသစ် အသစ်သော သုံးစွဲသူများ တိုးပွားလာရန်လည်း ပိုမို ဆွဲဆောင်ပေးနိုင်ခဲ့သည်။

 

#SuperLight #Logistics #Knowledge #Amazon_Story

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
my_MMMY