fbpx

Cargo loading and unloading (Shipping) အကြောင်း သိကောင်းစရာ

ကုန်စည်ပစ္စည်းများကို ပင်လယ်ရေလမ်းခရီးဖြင့် ပို့ဆောင်ရာတွင် ကုန်ပစ္စည်းအမျိုးအစားနှင့် သဘာဝပေါ်မူတည်၍ တင်ဆောင်ပေးပို့သည့် သင်္ဘောအမျိုးအစားမှာလည်း ကွာခြားမှုရှိနေပေါသည်။
– ဥပမာအားဖြင့် အထွေထွေကုန်ပစ္စည်းမျိုးစုံကို Bulk Carrier ခေါ် ကုန်တင်သင်္ဘောကြီးများဖြင့်လည်းကောင်း၊ ကုန်သေတ္တာများကို Container ship များဖြင့်လည်းကောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ရည်အပါအဝင် အရည်အမျိုးမျိုးကို Tanker များဖြင့်လည်းကောင်း ပို့ဆောင်ပေးကြသည်။ ထိုနည်းတူပင် ကုန်ပစ္စည်းများအတင်၊ အချပြုလုပ်ရသည့် ကုန်ပစ္စည်းအတင်၊ အချဆိပ်ခံများမှာလည်း Bulk carrier terminals၊ Container terminal၊ Oil & Gas terminals၊ General purpose terminals စသည်ဖြင့် ကုန်ပစ္စည်းနှင့် သင်္ဘောအမျိုးအစားအလိုက် သီးခြားစီသတ်မှတ်ထားလေ့ရှိသည်။ ထိုသို့သတ်မှတ်ရခြင်းမှာလည်း ကုန်စည်အမျိုးအစားအလိုက် ကုန်တင်၊ ကုန်ချလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာကုန်တင်၊ ကုန်ချဆိပ်ခံ Terminals များတွင် သက်ဆိုင်ရာလုပ်ငန်းလိုအပ်ချက်နှင့်အညီ လိုက်လျောညီထွေ ဆောင်ရွက်ပေးနိုင်မည့် စက်ကိရိယာတန်ဆာပလာများ သီးခြားတပ်ဆင်ထားခြင်းကြောင့်ပင်ဖြစ်သည်။ ဥပမာအားဖြင့် Container terminals များတွင် ဆိပ်ခံဝန်ချီစက် (Quay crane) ကဲ့သို့သော ဝန်ချီစက်ကြီးများဖြင့် ကုန်သေတ္တာများအတင်၊ အချကိုဆောင်ရွက်ရပြီး Oil & Gas terminals တွင် ဓာတ်ငွေ့ရည်များကို ပေးပို့နိုင်၊ စုပ်ယူနိုင်သည့် (Cargo pipe နှင့် Pump များ) တပ်ဆင်ထားခြင်းမျိုးဖြစ်သည်။ သို့ဖြစ်၍ ကုန်ပစ္စည်းအမျိုးအစားနှင့် သဘာဝပေါ်မူတည်၍ ကုန်တင်၊ ကုန်ချလုပ်ငန်းမှာ ကွဲပြားခြားနားမှုရှိမည်ဖြစ်သည်။ သို့ရာတွင် မည်သည့်ကုန်ပစ္စည်းအတင်၊ အချလုပ်ငန်းမျိုးတွင်မဆို အဓိကဦးစားပေးမှာ ဘေးအန္တာရာယ်ကင်းရှင်းစေရေးနှင့် လုံခြုံမှုရှိစေရေးပင်ဖြစ်သည်။ ကုန်ပစ္စည်းတင်ပို့မည့် (သို့မဟုတ်) လက်ခံမည့် ကုန်တင်၊ ကုန်ချဆိပ်ခံ Terminal မှသင်္ဘောသို့ တင်ပို့မည့်ကုန်ပစ္စည်းအမျိုးအစား၊ သဘောသဘာဝနှင့် ပမာဏကိုသာမက ဆိပ်ခံတံတား၏ ရေစူးအနက်မှအစ အကောက်ခွန်လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များအထိ ကြိုတင်အသိပေးအကြောင်းကြားရသကဲ့သို့ သင်္ဘောမှလည်း ကုန်တင်၊ ကုန်ချဆိပ်ခံသို့ သင်္ဘောပေါ်တွင်ထားရှိမည့် ကုန်ပစ္စည်းများနေရာချထားမှု Storage plan ကဲ့သို့သော အစီအစဉ်များကို ကြိုတင်အသိပေး ဆောင်ရွက်ကြလေ့ရှိသည်။

ကုန်ပစ္စည်းများ သင်္ဘောတင်ပို့မှုနှင့်စပ်လျဉ်း၍ Container terminal တွင် ကုန်တင်၊ ကုန်ချလုပ်ငန်းဆောင်ရွက်မှုကို အကျဉ်းအားဖြင့် ဖော်ပြအပ်ပါသည် ……………….

✅ ကုန်တင်၊ ကုန်ချဆိပ်ခံ Terminal တွင်ချမည့် သွင်းကုန်များထည့်သွင်းထားသည့်ကုန်သေတ္တာ (Import container) အရေအတွက် မည်ရွေ့၊ မည်မျှရှိမည်ကို သင်္ဘောဆိုက်ကပ်ခြင်းမပြုမီ အချိန်အနည်းငယ်သာ ကြိုတင်သိရှိရလေ့ရှိသည်။

✅ Terminal တာဝန်ရှိသူများအနေဖြင့် ကုန်သေတ္တာများအတင်၊ အချပြုလုပ်မည့် Unloading and loading plan ကိုကြိုတင်ရေးဆွဲထားကြရသည်။

✅ Unloading plan မှာ မည်သည့်ကုန်သေတ္တာများကို ချထားမည် ၎င်းတို့ကိုသင်္ဘော၏ မည်သည့်ကုန်ပေါက်တွင် ရှိမည်ဆိုသည်ကို ကြိုတင်သိရှိအောင် ရေးဆွဲထားခြင်းဖြစ်သည်။ ထိုသို့ကြိုတင်သိရှိထားခြင်းဖြင့် အလွယ်တကူ လုပ်ငန်းဆောင်ရွက်စေနိုင်မည်ဖြစ်သည်။

✅ သင်္ဘောပေါ်ရှိကုန်ပေါက်မှ ကုန်သေတ္တာများကို ထုတ်ယူရာတွင် ဝန်ချီစက်မောင်းနှင်သူက မည်သည့်ကုန်သေတ္တာကို ဦးစားပေးထုတ်မည်၊ မည်သည့်ကုန်သေတ္တာကို နောက်မှထုတ်မည်ကို ဆုံးဖြတ်ဆောင်ရွက်ရမည်ဖြစ်သည်။

✅ ကုန်သေတ္တာများသင်္ဘောပေါ်မှချချိန် (Unloading time of a container) မှာ သင်္ဘောအတွင်း အဆိုပါကုန်သေတ္တာ ထားရှိသည့်နေရာပေါ်မူတည်၍ ကြာမြင့်မည်ဖြစ်သည်။

✅ သင်္ဘောပေါ်သို့ ကုန်သေတ္တာများတင်ပို့ (Loading) ရာတွင်မူ သင်္ဘောပေါ်တွင် ကုန်သေတ္တာများ နေရာချထားမှုအစီအစဉ် (Storage plan) အတိုင်း စီစဉ်နေရာချထားပေးရသည်။

(Storage plan တွင် ကုန်သေတ္တာတစ်လုံးချင်းစီကို သင်္ဘော၏မည်သည့်နေရာတွင် ထားရှိမည်ကို အတိအကျဖော်ပြထားသည်။ နေရာဒေသဦးတည်ချက် (Same destination)၊ အရွယ်အစား၊ အလေးချိန်၊ ပါဝင်ပစ္စည်းအမျိုးအစားစသည်ဖြင့် တူညီသည့် ကုန်သေတ္တာများကို အုပ်စုတစ်စုအဖြစ်ထားရှိလေ့ရှိသည်။)

Storage plan ကိုရေးဆွဲရာတွင် ကုန်ချ (Unload) ရမည့် ကုန်သေတ္တာများကို အစဉ်လိုက်ထားရှိရေးကို သတိပြုရန်လိုအပ်မည်ဖြစ်သည်။ ခရီးစဉ်အတွင်း အလျင်ရောက်ရှိမည့် ကုန်တင်ကုန်ချဆိပ်ကမ်းတစ်ခုတွင် ချထားရမည့် ကုန်သေတ္တာများအပေါ်တွင် နောက်ကုန်တင်ကုန်ချဆိပ်ကမ်းမှ ချထားရမည့် ကုန်သေတ္တာများအား ထပ်ဆင့်နေရာချတာမျိုး မဖြစ်စေရေး သတိပြုရှောင်ရှားရမည်ဖြစ်သည်။ သို့မှသာ မလိုလားအပ်သော လုပ်ငန်းနှောင့်နှေးကြန့်ကြာစေမှုများကို ဖယ်ရှားနိုင်မည်ဖြစ်သည်။
#SuperLight #Logistics #Educating#Cargo_Loading_and_unloading(Shipping)

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
my_MMMY