fbpx

အသုံးပြုမှုများသည့် ကုန်သေတ္တာအမျိုးအစား ၁၆ မျိုး

ယခုအခါ ကုန်သေတ္တာများ(Containers)သည် ပင်လယ်ရေကြောင်းသယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်ရေးနှင့်အခြားသယ်ယူပို့ဆောင်ရေး ကဏ္ဍအသီးသီးတွင် မရှိမဖြစ်အရေးပါသည့် အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်နေကြပြီဖြစ်သည်။ ကမ္ဘာ့တစ်နေရာမှ အခြားတစ်နေရာသို့ အမျိုးမျိုးအစားစားသောကုန်စည်ပစ္စည်းများကို သယ်ယူပို့ဆောင်ရာတွင် ကုန်သေတ္တာများကို တွင်ကျယ်စွာအသုံးပြုလျက်ရှိကြသည်။ သယ်ယူပို့ဆောင်မည့်ကုန်ပစ္စည်းအမျိုးအစား၊ သဘာဝပေါ်မူတည်၍ ကုန်သေတ္တာများသည်လည်း အရွယ်အစား၊ ဖွဲ့စည်းပုံ၊ တည်ဆောက်ရာတွင်အသုံးပြုသည့်ပစ္စည်း၊ တည်ဆောက်မှုနည်းစနစ်စသည်ဖြင့် အမျိုးမျိုးကွဲပြားခြားနားလျက်ရှိသည်။

လက်ရှိအသုံးပြုနေကြသည့် သုံးစွဲမှုများသော ကုန်သေတ္တာအမျိုးအစားအချို့ကို ဖော်ပြလိုက်ပါသည် …….

✅ (၁) Dry storage cargo container (ခြောက်သွေ့ကုန်စည်ပို့ဆောင်ကုန်သေတ္တာ)
==============================================
ခြောက်သွေ့သောကုန်ပစ္စည်းအမျိုးမျိုးကို ထည့်သွင်းသယ်ဆောင်ရာတွင် အသုံးပြုကြသည်။ အဆိုပါကုန်သေတ္တာအမျိုးအစားမှာ အများဆုံးအသုံးပြုသည့် ကုန်သေတ္တာအမျိုးအစားဖြစ်ပြီး Standard container အဖြစ်လူသိများသည်။လေလုံ၊ ရေလုံနှင့် ကုန်စည်တန်ဖိုးပေါ်မူတည်၍ အဆင့်အတန်းအမျိုးမျိုး ခွဲခြားထားသည့်ပြင် အရွယ်အစားအရလည်း ၈ပေ x ၁၀ပေ၊ ၈ပေ x ၂၀ပေ နှင့် ၈ပေ x ၄၀ပေ စသည်ဖြင့် အမျိုးမျိုးအစားစားရှိသည်။

✅ (၂) Flat Rack container (ပစ္စည်းတင်စင်ကုန်သေတ္တာ)
==============================
Dry storage cargo container များနှင့်အလားတူ ကုန်သေတ္တာမျိုးပင်ဖြစ်သည်။ သို့ရာတွင် ကုန်သေတ္တာဘေးနံရံများကို ခေါက်သွင်းနိုင်သည့်ပြင် အမိုးမပါရှိသည့်အတွက် ပစ္စည်းတင်စင်ကဲ့သို့ ပုံစံပြောင်းနိုင်သဖြင့် Flat Rack container ဟုခေါ်ဆိုခြင်းဖြစ်သည်။ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကဲ့သို့ လေးလံသောကုန်ပစ္စည်းများကို သယ်ဆောင်ရန်အသုံးပြုကြသည်။

✅ (၃) Open top container (အမိုးဖွင့်ကုန်သေတ္တာ)
===========================
အဆိုပါကုန်သေတ္တာအမျိုးအစားတွင် ဖွင့်နိုင်သည့်အမိုးပါရှိပြီး ၎င်းအမိုးကိုဖြုတ်ချထားနိုင်သည်။
သို့ဖြစ်၍ ကုန်သေတ္တာအမြင့်ထက်ကျော်လွန်သော ကုန်စည်ပစ္စည်းများကို ထည့်သွင်းသယ်ယူပို့ဆောင်နိုင်သည်။

✅ (၄) Tunnel container (ဥမင်လှိုဏ်ခေါင်းကုန်သေတ္တာ)
===============================
အဆိုပါကုန်သေတ္တာအမျိုးအစားမှာ ကုန်သေတ္တာရှေ့၊နောက် ထိပ်နှစ်ဖက်တွင် တံခါးများပါရှိသဖြင့် ကုန်ပစ္စည်းများအတင်အချပြုလုပ်ရာတွင် လွယ်ကူလျင်မြန်စေနိုင်သည်။

✅ (၅) Open side storage container (ဘေးဖွင့်ကုန်သေတ္တာ)
=================================
အဆိုပါကုန်သေတ္တာအမျိုးအစားတွင် ကုန်သေတ္တာဘေးနံရံတစ်ဖက်တွင် တံခါးများတပ်ဆင်ထားပြီး ဘေးနံရံတစ်ခုလုံးဖွင့်နိုင်အောင် စီစဉ်ထားရှိသည်။ အရွယ်အစားကြီးမားသည့် ကုန်ပစ္စည်းများ ထည့်သွင်းတင်ဆောင်သည့်အခါ လိုသလိုအဖွင့်အပိတ်ပြုလုပ်ပေးနိုင်သည်။

✅ (၆) Double doors cargo container (တံခါးနှစ်ထပ်ကုန်သေတ္တာ)
===================================
အဆိုပါကုန်သေတ္တာအမျိုးအစားမှာ တံခါးနှစ်မျိုးတပ်ဆင်ထားသည်။ ကုန်သေတ္တာဘေးနံရံတစ်ဖက်တွင် တံခါးတပ်ဆင်ထားသည့်အပြင် ကုန်သေတ္တာထိပ်ဖက်တွင်ပါ တံခါးတပ်ဆင်ထားသည်။ သံမဏိချောင်း၊ သံချောင်းစသည့် ဆောက်လုပ်ရေးသုံးကုန်ပစ္စည်းများ သယ်ဆောင်ရာတွင်အသုံးပြုကြသည်။

✅ (၇) Refrigerated ISO container (ISO အသိအမှတ်ပြုအအေးခန်းကုန်သေတ္တာ)
=============================================
အဆိုပါကုန်သေတ္တာအမျိုးအစားမှာ ပြင်ပရာသီဥတုဒဏ်ကြောင့် ကုန်သေတ္တာအတွင်း အပူချိန်မြင့်မတက်လာစေရန် ထိန်းညှိပေးထားသောစနစ်ပါရှိသည်။ ခရီးရှည်ပို့ဆောင်ရမည့် အသား၊ ငါး၊ သစ်သီး၊ ဟင်းသီးဟင်းရွက်ကဲ့သို့ ပုတ်သိုးလွယ်ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် အသုံးပြုကြသည်။

✅ (၈) Isulated or Thermal container (အပူချိန်ထိန်းကုန်သေတ္တာ)
=====================================
အဆိုပါကုန်သေတ္တာအမျိုးအစားမှာ ပြင်ပအပူဒဏ်၊ အအေးဒဏ်တို့ကြောင့် အပူချိန်ပြောင်းလဲမှုမဖြစ်ပေါ်စေရန် သတ်မှတ်ထားသောအပူချိန်ကို ထိန်းညှိပေးထားသည့်စနစ် ပါရှိသည့်အပြင် လေဝင်လေထွက်စနစ်ပါ တပ်ဆင်ထားသည်။ ခရီးရှည်သယ်ယူပို့ဆောင်မည့် ကုန်ပစ္စည်းများအတွက် သင့်လျော်သည့်ကုန်သေတ္တာအမျိုးအစားဖြစ်သည်။

✅ (၉) Tanks (အရည်လှောင်ကန်)
===================
အရည်လှောင်ကန် (Tanks) များကို သံမဏိ(သို့မဟုတ်)အခြားဓာတုဓာတ်ပြောင်းလဲမှု မဖြစ်ပေါ်စေနိုင်သည့်သတ္တုများဖြင့် တည်ဆောက်ထားသည်။ ဓာတ်ငွေ့ရည်ကဲ့သို့ အရည်အမျိုးမျိုးကိုသယ်ဆောင်ရာတွင် အများဆုံးအသုံးပြုကြသည်။

✅ (၁၀) Cargo storage roll container (ရွှေ့ရှားနိုင်သောကုန်သေတ္တာ)
=======================================
အဆင့်ဆင့်စီထပ်နိုင်သောကုန်စည်ပစ္စည်းများ သယ်ယူပို့ဆောင်ရန် အထူးစီမံထားသည့် ကုန်သေတ္တာအမျိုးအစားဖြစ်သည်။ အဆိုပါကုန်သေတ္တာမျိုးမှာ ခိုင်ခန့်ထူထဲသောဝိုင်ယာပိုက်များဖြင့် ပြုလုပ်ထားပြီး ဒလိမ့်တုံးများတပ်ဆင်ထားသဖြင့် အလွယ်တကူပြောင်းရွေ့နိုင်သည်။

✅ (၁၁) Half Height cargo container (ထက်ဝက်အမြင့်ကုန်သေတ္တာ)
=======================================
ပုံမှန် Standard container (Dry storage cargo container) များ၏ အမြင့်ထက်ဝက်သာရှိသည့် ကုန်သေတ္တာအမျိုးအစားဖြစ်သည်။ အများအားဖြင့် သံမဏိဖြင့်တည်ဆောက်ထားပြီး ကျောက်မီးသွေး၊ လမ်းခင်းကျောက်စသည့် ကုန်ပစ္စည်းများတင်ဆောင်ရန် အထူးပြုလုပ်ထားခြင်းဖြစ်သည်။

✅ (၁၂) Car carrage cargo container (မော်တော်ယာဉ်သယ်ကုန်သေတ္တာ)
=======================================
မော်တော်ယာဉ်များသယ်ဆောင်ရန် အထူးပြုလုပ်ထားသည့် ကုန်သေတ္တာအမျိုးအစားဖြစ်သည်။အဆိုပါကုန်သေတ္တာများမှာ ဘေးနံရံကိုဖြုတ်ချထားနိုင်သဖြင့် မော်တော်ယာဉ်များ အထိအခိုက်မရှိပဲ အတင်အချပြုလုပ်န်ုင်သည့်ပြင် ကုန်သေတ္တာအတွင်း မော်တော်ယာဉ်များ ရွေ့လျားမှုမရှိ အံဝင်ခွင်ကျဖြစ်ရန် စီစဉ်ဆောင်ရွက်နိုင်သည်။

✅ (၁၃) Intermediate bulk shift container (ခရီးလမ်းတွင်လွဲပြောင်းမည့်ကုန်သေတ္တာ)
===============================================
အဆိုပါကုန်သေတ္တာအမျိုးအစားမှာ လမ်းခရီးတွင်ကြားဆိပ်ကမ်းတစ်ခုခု၌ ကုန်ချ (unloading) မည့် ကုန်စည်ပစ္စည်းများအတွက်သာ ရည်ရွယ်ထားသည့် အထူးကုန်သေတ္တာမျိုးဖြစ်သည်။ ကုန်ပစ္စည်းအမျိုးအမည်အများအပြားကို ထည့်သွင်းသယ်ဆောင်နိုင်ရန် အထူးပုံစံထုတ်ထားသည့် ကုန်သေတ္တာမျိုးဖြစ်သည်။

✅ (၁၄) Drums (စည်များ)
==============
အရည်အမျိုးမျိုးအတွက် အထူးသင့်လျော်သည့် ကုန်သေတ္တာအမျိုးအစားဖြစ်သည်။
သံမဏိ၊ သတ္တု၊ ဖိုင်ဘာ၊ ပလပ်စတစ် စသည့်ပစ္စည်းများဖြင့် ပြုလုပ်ထားပြီး ထည့်သွင်းသယ်ဆောင်မည့်ကုန်ပစ္စည်း (အရည်) ၏ သဘာဝနှင့်လိုက်လျောညီထွေမည့် အမျိုးအစားကိုရွေးချယ်အသုံးပြုနိုင်သည်။ အရွယ်အစားသေးငယ်သော်လည်း ၎င်းတို့၏ပုံသဏ္ဍာန်အရ နေရာလွတ်အများအပြားယူသည့် ကုန်သေတ္တာအမျိုးအစားဖြစ်သည်။

✅ (၁၅) Special purpose container (အထူးကုန်သေတ္တာများ)
=================================
အဆိုပါကုန်သေတ္တာအမျိုးအစားမှာ အထူးရည်ရွယ်ချက်များအရ မှာယူသည့်အတိုင်း တည်ဆောက်ထားသော အထူးကုန်သေတ္တာများဖြစ်သည်။ စစ်လက်နက်ပစ္စည်းများ၊ ခဲယမ်းမီးကျောက်များကဲ့သို့ အထူးဦးစားပေးရမည့် လုပ်ငန်းမျိုးအတွက် အများအားဖြင့်အသုံးပြုလေ့ရှိသည်။ ကုန်သေတ္တာတည်ဆောက်မှုနှင့် ပြုလုပ်မည့်ပါဝင်ပစ္စည်းများမှာ သယ်ဆောင်မည့်ကုန်စည်ပစ္စည်းနှင့် လိုက်လျောညီထွေဖြစ်စေရန် အထူးသဖြင့်လုံခြုံရေးကို ထိပ်တန်းဦးစားပေးအဖြစ်သတ်မှတ်ကာ စီမံဆောင်ရွက်ထားသည်။

✅ (၁၆) Swap bodies (ပုံစံပြောင်းလဲနိုင်သောကုန်သေတ္တာ)
=================================
ဥရောပတွင်အသုံးများသည့် အထူးကုန်သေတ္တာအမျိုးအစားဖြစ်သည်။
ခိုင်မာသည့်ကြမ်းခင်းနှင့် ပြောင်းလဲလွယ်သည့်အမိုးပါရှိပြီး ပစ္စည်းအမျိုးအစားစုံ ထည့်သွင်းသယ်ဆောင်ရာတွင် အသုံးပြုနိုင်သည်။ ISO စံသတ်မှတ်ချက်များနှင့်အညီ ပြုလုပ်ထားခြင်းမရှိသော်လည်း အထူးအသုံးဝင်သည့် ကုန်သေတ္တာအမျိုးအစားဖြစ်သည်။

#SuperLight #Logistics #knowledge #Supply_Chain

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
my_MMMY