fbpx

Onshore container Vs Offshore container

✅ Onshore container Vs Offshore container ✅
—————————————————————-

ကမ်းပေါ်ကုန်သေတ္တာ (Onshore container) နှင့် ကမ်းလွန်ကုန်သေတ္တာ (Offshore container) များသည် ကုန်စည်ပစ္စည်းများကို တစ်နေရာမှတစ်နေရာသို့ သယ်ယူပို့ဆောင်ရာတွင် ကုန်ပစ္စည်းများထည့်သွင်းသယ်ဆောင်ရန်နှင့် လုံခြုံစိတ်ချစွာသိမ်းဆည်းရန် အသုံးပြုရသော ရွေ့လျားနိုင်သည့် ထပ်ဖန်တလဲလဲအသုံးပြုနိုင်သော ပစ္စည်းထည့်သေတ္တာကြီးများပင်ဖြစ်သည်။

ကုန်သေတ္တာနှစ်မျိုးလုံးသည် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံစိတ်ချရရေးအတွက် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ သက်ဆိုင်ရာသင့်လျော်သည့် ပစ္စည်းအမျိုးအစားများနှင့် စနစ်တကျတည်ဆောက်ပြုလုပ်ထားကြခြင်းဖြစ်သည်။

သို့ရာတွင် ကုန်သေတ္တာအမျိုးအစားတစ်ခုချင်းစီတွင် ပုံစံထုတ်ဒီဇိုင်းရေးဆွဲသည်မှသည် အသုံးပြုမှုအထိ တိကျသောသီးခြားပြဌာန်းချက်များကြောင့် ကုန်ပစ္စည်းထည့်သွင်းသယ်ယူသည့် သဘာဝချင်းတူညီသော်လည်း ကုန်သေတ္တာအမျိုးအစားချင်းမှာ မတူညီကွဲပြားလျက်ရှိသည်။

Onshore container နှင့် Offshore container တို့မတူညီကွဲပြားခြားနားချက်မှာ အောက်ပါအတိုင်းဖြစ်သည်၊

📌 (၁) Usage (အသုံးပြုမှု)
———————————-
– Onshore container နှင့် Offshore container ကုန်သေတ္တာအမျိုးအစားနှစ်ခုလုံးသည် ကုန်ပစ္စည်းများကို ထည့်သွင်းသယ်ယူပို့ဆောင်ရာတွင် အသုံးပြုရန် ရည်မှန်းတည်ဆောက်ထားသော်လည်း အသုံးပြုမှုမှာကွာခြားသည်။ Inter modal container ခေါ် Onshore container များသည် ကမ္ဘာ့နေရာတစ်ခုမှ အခြားနေရာများသို့ (ပင်လယ်ရပ်ခြားအပါအဝင်) ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ရာတွင် အသုံးပြုကြသည်။Onshore container များကို ကုန်သေတ္တာတင်သင်္ဘောကြီးများ (Container Ships) အပါအဝင် ပင်လယ်ရေကြောင်းသယ်ယူပို့ဆောင်ရေးတွင်သာမက မော်တော်ယာဉ်၊ မီးရထားစသည့် ကုန်းလမ်းသယ်ယူပို့ဆောင်ရေး၊ လေယာဉ်ကြီးများဖြင့် လေကြောင်းသယ်ယူပို့ဆောင်ရေးတွင်ပါ အသုံးပြုကြသည်။

– Offshore container များမှာ ကမ်းလွန်ပင်လယ်ပြင်တွင် စိုက်ထူထားသော (သို့မဟုတ်) ကျောက်ချလျက်မျှောနေသော ကမ်းလွန်အခြေစိုက်စခန်းများ (ဥပမာ-ရေနံ/ဓာတ်ငွေ့တွင်းတူးစင်များ) သို့ ကုန်ပစ္စည်းများ (သို့မဟုတ်) ကရိယာတန်ဆာပလာများကို သယ်ယူပို့ဆောင်ရာတွင် ထည့်သွင်းသယ်ယူရန် အသုံးပြုကြခြင်းဖြစ်သည်။ တနည်းအားဖြင့် ကမ်းလွန်အခြေစိုက်စခန်းများနှင့် သင်္ဘောများ(အထူးသဖြင့် ထောက်ပံ့ရေးသင်္ဘောများ)အကြား အသွား၊အပြန် (To and from) ကုန်စည်ပစ္စည်းများ၊ ကရိယာတန်ဆာပလာများနှင့် စွန့်ပစ်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် အသုံးပြုခြင်းဖြစ်သည်။

📌 (၂) တည်ဆောက်မှု (Production)
———————————————–
– Intermodal (or) Onshore container များသည် အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းအဖွဲ့ (ISO = International standards Organization)၏ သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်စစ်ဆေး အတည်ပြုထားခြင်းဖြစ်သည်။ သို့ဖြစ်၍ Inter modal container များကို ISO Cargo shipping container များဟုလည်းခေါ်ဆိုကြသည်။ ISO container အများစုကို Corten steel ဟုခေါ်ဆိုသော ရာသီဥတုဒဏ်ခံသံမဏိများဖြင့် တည်ဆောက်ထားသည်။ အဆိုပါသံမဏိအမျိုးအစားများမှာ ဓာတုဓာတ်ပြောင်းလဲမှုကြောင့် ပျက်စီးယိုယွင်းမှု (ဥပမာ-သံချေးတက်ခြင်း) မရှိစေနိုင်သည့် သံမဏိမျိုးဖြစ်သည်။

– Offshore container များမှာ DNV (Det Norske Veritas) ၏ သတ်မှတ်စံနှုန်းများနှင့်အညီ တည်ဆောက်ထားခြင်းဖြစ်သည်။ (DNV = Det Norske Veritas မှာ နော်ဝေနိုင်ငံမှ ကော်ပိုရေးရှင်းတစ်ခု၏ အမည်ဖြစ်သည်) သို့ဖြစ်၍ Offshore container များကို DNV Cargo container များဟုလည်းခေါ်ဆိုကြသည်။ DNV offshore container များသည် ISO Cargo Shipping container များထက် ပိုမိုပြင်းထန်သည့် ရာသီဥတုဒဏ်ကို ရင်ဆိုင်ရလေ့ရှိသည်။ ထောက်ပံ့ရေးသင်္ဘောများ၏ ကုန်းပတ်ပေါ်တွင်လည်းကောင်း၊ ကမ်းလွန်စင်များ၏ စြင်္ကများပေါ်တွင်လည်းကောင်း ပြင်းထန်သည့်ရာသီဥတုဒဏ်ကို မကြာခနတွေ့ကြုံရလေ့ရှိသဖြင့် DNV offshore container များကို အနှုတ် ၂၀ ဒီဂရီဆဲစီးယပ်စ် ဒဏ်ခံနိုင်သောပစ္စည်းများဖြင့် တည်ဆောက်ထားသည်။

📌 (၃) စစ်ဆေးမှု (Testing)
———————————-
ကုန်သေတ္တာများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံစိတ်ချရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်အရ ISO cargo shipping container များနှင့် DNV offshore container နှစ်မျိုးလုံးကို အဖွဲ့ဝင်နိုင်ငံများမှ ကျွမ်းကျင်ပညာရှင်များပါဝင်သော အတည်ပြုရေးအာဏာပိုင်အဖွဲ့ (Approved competent authorities) မှ စစ်ဆေးအတည်ပြုပေးသည်။

ကုန်သေတ္တာများ ဘေးကင်းလုံခြုံရေးဆိုင်ရာ အတည်ပြုပေးရေးအာဏာပိုင်အဖွဲ့သည် –
(1) ကုန်သေတ္တာပုံစံ (ဒီဇိုင်း) အဆိုပြုခြင်းအပေါ်အတည်ပြုပေးခြင်း
(2) ကုန်သေတ္တာထုတ်လုပ်စဉ် ကွင်းဆင်းစစ်ဆေးခြင်းနှင့်
(3) ကုန်သေတ္တာနမူနာပုံစံကို စမ်းသပ်စစ်ဆေးအတည်ပြုပေးခြင်းကို ဆောင်ရွက်ပေးသည်။

DNV offshore container များမှာမူ ပိုမိုတိကျသည့်စစ်ဆေးမှုများ ခံယူကြရသည် –
(1) ကုန်သေတ္တာပုံစံ (ဒီဇိုင်း) အတည်ပြုစစ်ဆေးခြင်း
(2) ကုန်သေတ္တာပြုလုပ်ရန် အသုံးပြုမည့်ကုန်ကြမ်းပစ္စည်းများ ဝယ်ယူခြင်းကိုစစ်ဆေးခြင်း
(3) ကုန်သေတ္တာနမူနာပုံစံကို စမ်းသပ်စစ်ဆေးခြင်းသာမက ကုန်သေတ္တာထုတ်လုပ်မှုတိုင်း (batch အလိုက်)တွင် ကျပန်းစနစ်ဖြင့် သတ်မှတ်အရေအတွက်ကို ရွေးထုတ်စစ်ဆေးခြင်းပြုလုပ်သည်။
(4) ထို့ပြင် ဝန်ခံနိုင်ရည်ကို စစ်ဆေးရာတွင် ISO container များကို စစ်ဆေးသည့်အတိုင်း (ဥပမာ အချိန် ၅ မိနစ်) စမ်းသပ်သော်လည်း စမ်းသပ်သည့်ဝန်အလေးချိန်မှာ ISO shipping cargo container များစစ်ဆေးသည်ထက် နှစ်ဆနီးပါးအလေးချိန်နှင့် စမ်းသပ်ခြင်းဖြစ်သည်။

📌 (၄) သယ်ယူရွေ့ပြောင်းမှု (Handling)
————————————————-
DNV offshore container များကို ISO Cargo shipping container များ အတင်၊ အချဝန်ချီကရိယာများနှင့် အသုံးပြု၍မရပေ။ ISO container များကို ၎င်းတို့၏ ထောင့်ချိုးတပ်ဆင်ထားမှုများပေါ်မူတည်၍ နည်းလမ်းအမျိုးမျိုးဖြင့် သယ်မရွေ့ပြောင်းကြသည်။ အများအားဖြင့် ကုန်သေတ္တာအပေါ်ဖက် ထောင့်ချိုးများရှိ Corner casting ခေါ် သော့ချိတ်(အမ)ပေါက်များနှင့် ဝန်ချီစက်များရှိ Twist lock (အဖို)ချိတ်များ ချိတ်ဆက်ကာ သယ်ယူရွေ့ပြောင်းကြသည်။ DNV offshore container အများစုတွင် Corner casting များမပါရှိကြပေ။ အကယ်၍ Corner casting များပါရှိခဲ့လျှင်လည်း ၎င်းတို့ကိုအသုံးပြုလျက် ဝန်ချီစက်များဖြင့် ဆွဲမခွင့်မပြုပေ။ ISO container များကိုမတင်သည့် ပုံမှန်ကုန်တင်၊ ကုန်ချနည်းလမ်းများသည် DNV container များပေါ်တွင် မတူညီသည့်ဖိအားများ သက်ရောက်နိုင်သဖြင့် Twist Lock များအသုံးပြုခွင့် မပေးခြင်းဖြစ်သည်။ DNV offshore container များတွင် Pad eyes ခေါ် မျက်ပေါက်ကွင်းများမှတစ်ဆင့် အသေတပ်ဆင်ထားသော ဆိုင်းကြိုးများကိုအသုံးပြုကာ ကုန်သေတ္တာများကိုရစ်သိုင်းလျက်သာ သယ်မရွှေ့ပြောင်းကြရသည်။

#SuperLight #Logistics #Knowledge

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
my_MMMY