fbpx

Digitization, Digitalization and Digital Transformation ဝေါဟာရများကြား ခြားနားချက်

ဒီဂျစ်တယ်နည်းပညာ ထွန်းကားနေသည့် ယခုအခါတွင် Digitalization ဆိုသည်မှာ လူအများအကြား သာမန်ရေပန်းစားနေသည့် စကားလုံးတစ်လုံးမျှသာ မဟုတ်တော့ပေ။ လူ့အဖွဲ့အစည်းများ ၊ ပညာရပ်ဆိုင်ရာ အသိုင်းအဝန်းနှင့် လုပ်ငန်းခွင်များအကြား ဆွေးနွေးညှိနှိုင်းစရာ အရေးပါသော ခေါင်းစဉ်တစ်ရပ်အဖြစ် ပါဝင်ပတ်သတ်နေပြီ ဖြစ်သည်။
သို့ရာတွင် Digitalization ဆိုသော ဝေါဟာရကို မကြာခဏ လွဲမှားစွာ အဓိပ္ပါယ်ဖွင့်ဆိုမှုနှင့် Digitization , Digital Transformation ဝေါဟာရများနှင့် ရောထွေးစွာ အသုံးပြုခြင်းများ ရှိကြသည်။ အဆိုပါ ဝေါဟာရတစ်ခုချင်းစီတွင် သီးခြားအဓိပ္ပါယ်များရှိပြီး အခြေခံအားဖြင့်လည်း ကွဲပြားခြားနားလျက်ရှိသော်လည်း ၎င်းတို့ကို ကွဲပြားခြင်းမရှိပဲ ရောထွေး အသုံးပြုလေ့ရှိသလို တစ်သမတ်တည်း မဟုတ်ပဲ ရှေ့နောက်မညီသည့် အဓိပ္ပါယ်ဖွင့်ဆိုနေမှုများလည်း ရှိကြသည်။
သို့ဖြစ်၍ Digitization , Digitalization နှင့် Digital Transformation ဟူသော ဝေါဟာရများအကြား ခြားနားချက်ကို တင်ပြပေးသွားမည် ဖြစ်သည်။

Digitization (ဒီဂျစ်တယ်ပြုလုပ်ခြင်း)
————————————–
Digitization ဟူသော ဝေါဟာရကို အနီးစပ်ဆုံး မြန်မာမှုပြုပါက ဒီဂျစ်တယ် ပြုလုပ်ခြင်း (သို့) ဒီဂျစ်တယ်အသွင်ဖန်တီးခြင်းဟု ဆိုရမည်ဖြစ်သည်။ Digitization ဆိုသည်မှာ amalog သတင်းအချက်အလက်များ (စာမူ ၊ ဓာတ်ပုံ ၊ အသံ စသည့် မည်သည့်ပုံကိုမဆို) ကို ဒီဂျစ်တယ်ပုံစံ (ကွန်ပြူတာမှ ဖတ်ရှုနိုင်သော ပုံစံ)သို့ ပြောင်းလဲသည့် လုပ်ငန်းစဉ်ပင်ဖြစ်သည်။ သတင်းအချက်အလက်များကို ဒီဂျစ်တယ်ပုံစံ ပြောင်းလဲခြင်းဖြင့် ကွန်ပြူတာနှင့် အီလက်ထရွန်နစ် ကိရိယာများတွင် အဆိုပါ အချက်အလက်များကို သိမ်းဆည်းခြင်း ၊ စီမံဆောင်ရွက်ခြင်း ပြန်လည်ထုတ်လွှတ်ခြင်းတို့ကို ဆောင်ရွက်နိုင်မည် ဖြစ်သည်။
Digitization ဆောင်ရွက်လာသည်မှာ ဆယ်စုနှစ်အတန်ကြာခဲ့ပြီ ဖြစ်ပြီး လက်ရေးစာမူများ ၊ လက်နှိပ်စက်စာမူများကို ဒီဂျစ်တယ်ပုံစံသို့ ပြောင်းလဲပေးခြင်းမှာ Digitization ၏ နမူနာ ပြယုဂ်တစ်ခုပင်ဖြစ်သည်။

Digitalization (ဒီဂျစ်တယ်တွင်ကျယ်စွာအသုံးပြုခြင်း)
————————————————-
Digitalization ဟူသော ဝေါဟာရကို မြန်မာမှုပြုပါက ဒီဂျစ်တယ်နည်းပညာကို အကျိုးရှိစွာ အသုံးချခြင်း (သို့) ဒီဂျစ်တယ် တွင်ကျယ်စွာအသုံးပြုခြင်းဟာ အနီးစပ်ဆုံး အဓိပ္ပါယ်ဖွင့်ဆိုရမည် ဖြစ်သည်။ သို့ရာတွင် Digitalization မှာ ရှင်းလင်းပြတ်သားသည့် တညီတညွတ်တည်းသော အဓိပ္ပါယ်ဖွင့်ဆိုချက် မရှိ။ ပညာရပ်နှင့် လုပ်ငန်းနယ်ပယ်အလိုက် အမျိုးမျိုးသော အဓိပ္ပါယ်ဖွင့်ဆိုချက်များ ရှိနေပေသည်။ အဆိုပါ အဓိပ္ပါယ် ဖွင့်ဆိုချက်များအနက် IT နည်းပညာဆိုင်ရာ သုတေသနနှင့် အတိုင်ပင်ခံအဖွဲ့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ “ Digitalization ဆိုသည်မှာ စီးပွားရေးလုပ်ငန်းပုံစံတစ်ခုကို ပြောင်းလဲပြီး အသစ် အသစ်သော ဝင်ငွေနှင့် တန်ဖိုးမြင့် ထုတ်လုပ်နိုင်သည့် အခွင့်အရေးများ ဖန်တီးနိုင်ရေးအတွက် ဒီဂျစ်တယ်နည်းပညာများကို အသုံးပြုခြင်းဖြစ်သည်။ Digitalization သည် ဒီဂျစ်တယ်လုပ်ငန်းတစ်ရပ်အဖြစ်သို့ ပြောင်းလဲရွေ့လျားရေး လုပ်ငန်းစဉ်တစ်ရပ်ပင် ဖြစ်သည်။ ” ဟု ဆိုခဲ့သည်။ မကြာသေးမီက Brooking Institute မှ သုတေသနပညာရှင်များ၏ စာတမ်းတွင်
“ Digitalization ဆိုသည်မှာ လုပ်ငန်းကမ္ဘာ (World of work) ကို ပြောင်းလဲခြင်းပင်ဖြစ်သည်။ ယခုအခါ ဒီဂျစ်တယ် ဆိုင်ရာ ကျွမ်းကျင်တတ်မြောက်မှုသည် လူတစ်ဦးချင်းစီ၊ လုပ်ငန်းကဏ္ဍနှင့် ဒေသဆိုင်ရာ အောင်မြင်မှုများအတွက် မရှိမဖြစ်လိုအပ်ချက်တစ်ရပ်အဖြစ် ရောက်ရှိနေပြီး ဖြစ်သည် ” ဟု ဆိုခဲ့သည်။ မည်သို့ပင် အဓိပ္ပါယ်ဖွင့်ဆိုကြသည်ဖြစ်စေ Digitalization သည် လုပ်ငန်းဆောင်ရွက်ချက်များ ပိုမို ထိရောက်တွင်ကျယ်မှုကို တိုးမြှင့်ပေးနိုင်ပြီး သတင်းအချက်အလက်များ ပွင့်လင်းမြင်သာမှုကို ပိုမို ဖြည့်စွမ်းပေးကာ ၊ လုပ်ငန်းအောင်မြင်တိုးတက်မှုကို မြှင့်တင်ပေးနေသည်မှာ အမှန်ပင်ဖြစ်သည်။

Digital Transformation (ဒီဂျစ်တယ် အသွင်ကူးပြောင်းခြင်း)
———————————————————–
Digital Transformation ဟူသော ဝေါဟာရကို အနီးစပ်ဆုံး မြန်မာမှုပြုပါက ဒီဂျစ်တယ်အသွင်ပြောင်းလဲခြင်း (သို့) ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းဟာ ဆိုရမည် ဖြစ်သည်။ Digital Transformation ဆိုသည်မှာ ပြောင်းလဲနေသော လုပ်ငန်းဆိုင်ရာနှင့် ဈေးကွက်ဆိုင်ရာ လိုအပ်ချက်များနှင့် လိုက်လျောညီထွေဖြစ်စေရေးအတွက် လုပ်ငန်းဆိုင်ရာလုပ်ငန်းအစဉ် အဆင့်ဆင့်လုပ်ငန်းဆောင်ရွက်မှု အစဉ်အလာနှင့် သုံးစွဲသူဆိုင်ရာ အတွေ့အကြုံများကို ဆန်းသစ်တီထွင်ဖန်တီးနိုင်ရန် (သို့) လက်ရှိအခြေအနေများကို ပိုမို တိုးတက်ကောင်းမွန်အောင်ပြုပြင်နိုင်ရန် ဒီဂျစ်တယ် နည်းပညာများကို အသုံးပြုဆောင်ရွက်သည့် လုပ်ငန်းစဉ်ပင်ဖြစ်သည်။ ဒီဂျစ်တယ်ခေတ်ကာလအတွင်း လုပ်ငန်းပုံရိပ်တစ်ဖန် ပြန်လည်ဖန်တီးခြင်းသည်ပင် Digital Transformation ဖြစ်သည်။ Digital Transofrmation အတွက် အဓိက နမူနာတစ်ရပ်မှာ သင်၏ လုပ်ငန်းဆောင်ရွက်မှုအတွင်း အသိဉာဏ်တု ( Artificial Intelligence) ကဲ့သို့ နည်းပညာများ အသံးပြုလာခြင်းမျိုးဖြစ်သည်။

Digitization, Digitalization and Digital Transformation ဝေါဟာရများကြား ခြားနားချက်
—————————————————————-

အဆိုပါ ဝေါဟာရများ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်အသီးသီးကို အကျဉ်းချုံး၍ ပြန်လည်တင်ပြရမည်ဆိုပါက Digitization ( ဒီဂျစ်တယ်ပြုလုပ်ခြင်း) မှာ အန်နာလော့သတင်းအချက်အလက်များကို ဒီဂျစ်တယ်ပုံစံသို့ ပြောင်းလဲခြင်းဖြစ်ပြီး Digitalization (ဒီဂျစ်တယ် တွင်ကျယ်စွာ အသုံးပြုခြင်း) မှာ ဒီဂျစ်တယ်နည်းပညာများနှင့် ဒီဂျစ်တယ် အချက်အလက်များကို အသုံးပြုလျက် လုပ်ငန်းပိုမို တွင်ကျယ်ထိရောက်ရေးအေတွက် ဆောင်ရွက်ခြင်းပင်ဖြစ်သည်။ တနည်းအားဖြင့် Digitization မှာအတွင်းစည်းလုပ်ငန်းစဉ်များ အထိရောက်ဆုံး ၊ အကောင်းဆုံး ဖြစ်စေရန် ဆောင်ရွက်မှုကို ရည်ညွှန်းပြီး ရလာဒ်အနေဖြင့် အသုံးစရိတ်များ လျော့ချနိုင်စေမည်ဖြစ်သည်။ Digitalization မှာမူ နည်းပညာတစ်ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်မှုထက်ကျော်လွန်ကာ လုပ်ငန်းပုံစံ တစ်ခုလုံးနှင့် လုပ်ငန်းရပ်၏ ပြောင်းလဲမှု ဖြစ်စဉ်ကို မိုမို နက်နက်ရှိုင်းရှိုင်း ပြောင်းလဲပေးမည့် လုပ်ငန်းစဉ် (သို့) မဟာဗျူဟာတစ်ရပ်ပင်ဖြစ်သည်။ သို့ရာတွင် Digitization မရှိပဲနှင့် Digitalization ဟူ၍ ဖြစ်ပေါ်လာရန် အကြောင်းမရှိချေ။ ထိုနည်းတူပင် Digitalization မရှိပဲနဲ့ Digital Transformation ဖြစ်ပေါ်လာရန် အကြောင်းမရှိပေ။
အများအားဖြင့် Digitalization ကို Digital Transformation နှင့် မကြာခဏ မှားယွင်းစွာ အသုံးပြုကြလေ့ရှိသည်။ သို့ရာတွင် အဆိုပါ ဝေါဟာရနှစ်ခု၏ အဓိပ္ပါယ်မှာ သိသာစွာ ကွဲပြားခြားနားလျက်ရှိသည်။

Digital Transformation (ဒီဂျစ်တယ် အသွင်ကူးပြောင်းရေး)မှာ ဒီဂျစ်တယ်နည်းပညာများ လက်ခံကျင့်သုံးမှုနှင့် လုပ်ငန်းဆောင်ရွက်မှု အစဉ်အလာပြောင်းလဲခြင်းများ ၊ ပိုမို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သည်။
Digital Transformation မဏာမခြေလှမ်းများတွင် အစဉ်အလာအရ Digitalization စီမံချက်များ အများအပြား ပါဝင်မည်ဖြစ်သည်။ သို့ရာတွင် လုပ်ငန်းအမှုဆောင်များက Digital Transformation သည် Digitalization ထက် ဘာမှ သာလွန်ခြင်းမရှိဟာ ယုံကြည်မှုသည် အလွန်ကြီးမားသော မဟာဗျူဟာ အမှားတစ်ရပ်ကို ကျူးလွန်မိခြင်းပင်ဖြစ်သည်။
အမှန်အားဖြင့် Digital Transformation အတွက် လုပ်ငန်းဦးဆောင်သူများ၏ ကျောထောက်နောက်ခံဖြင့် အလုပ်သမားများအား စွမ်းရည်မြှင့်တင်ပေးနိုင်မည့် နည်းပညာများ ပိုမို အသုံးပြုခြင်း၊ အဖွဲ့သားအားလုံးနှင့်ဆိုင်သောလုပ်ငန်း အစဉ်အလာ အလေ့အကျင့်များအတွက် အခြေခံကျသော စိန်ခေါ်မှုများကို ဖြေရှင်းခြင်း ၊ သုံးစွဲသူဗဟိုပြု စနစ်ကျင့်သုံးခြင်း စသည့် အဖွဲ့အစည်းဆိုင်ရာ အပြောင်းအလဲများကို ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်သည်။ အချုပ်အားဖြင့် ဆိုရလျှင် Digitization (ဒီဂျစ်တယ်ပြုလုပ်ခြင်း) နှင့် Digitilization (ဒီဂျစ်တယ် တွင်ကျယ်စွာ အသုံးပြုခြင်း) တို့မှာအခြေခံအားဖြင့် နည်းပညာနှင့် ပတ်သတ်ပြီး Digital Transformation မှာ နည်းပညာနှင့် တိုက်ရိုက်မပတ်သတ်ချေ။ Digital Transformation မှာ အဓိကအားဖြင့် သုံးစွဲသူများနှင့်သာ သက်ဆိုင်သည်။

#SuperLight #Logistics #Knowledge

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
my_MMMY