fbpx

လုပ်ငန်းတစ်ခုအတွက် ဖွဲ့စည်းလေ့ရှိသည့် Logistics အစိတ်အပိုင်း (၆)ချက် (6 Logistics activities or 6 functions of Logistics in an organization)

Logistics (ကုန်စည်စီးဆင်းမှု) ကို Physical distribution management ( ကုန်ကြမ်းပစ္စည်းစုဆောင်းမှုမှသည် ထုတ်ကုန်ပစ္စည်းကို ကုန်ထုတ်လုပ်ရာမှ သုံးစွဲသူများ လက်ဝယ်ရောက်သည်အထိ အဆင့်တိုင်း ၊ အဆင့်တိုင်းမှ လုပ်ငန်းဆောင်ရွက်ချက်များ အပေါ် စီမံဆောင်ရွက်မှု) အဖြစ်လည်း သိရှိကြသည်။
ကုန်စည်စီးဆင်းမှု (Logistics) သည် ထုတ်ကုန်ပစ္စည်း ထုတ်လုပ်နိုင်ရန်နှင့် ထုတ်လုပ်ပြီး ကုန်ချောပစ္စည်းများကို သုံးစွဲသူများထံ အရောက်ပို့ဆောင်ဖြန့်ဖြူးပေးရန် စီစဉ်ဆောင်ရွက်သည့် လုပ်ငန်းစဉ်ကြီးတစ်ရပ်ပင်ဖြစ်သည်။ တစ်နည်းအားဖြင့် ကုန်စည် စီးဆင်းမှု ဆိုသည်မှာ အမျိုးမျိုးသော ထုတ်ကုန်ပစ္စည်းများကို ထုတ်လုပ်ရာ ကုမ္ပဏီမှ ဖြန့်ချီသူများ ၊ ကြားခံပုဂ္ဂိုလ်များ (လက်လီ၊ လက်ကား အရောင်းကိုယ်စားလှယ်စသည့်) မှ တစ်ဆင့် သုံးစွဲသူများထံအရောက် သယ်ယူပို့ဆောင်ပေးခြင်းဟု အဓိပ္ပါယ်ဖွင့်ဆိုနိုင်သည်။
သို့ရာတွင် ကုန်စည်စီးဆင်းမှု (Logistics) ဆိုသည်မှာ သယ်ယူပို့ဆောင်ခြင်း တစ်ခုတည်းကို ဆိုလိုခြင်းမဟုတ်ပေ။ ကုန်စည်စီးဆင်းမှုဆိုင်ရာ အခြားပြုဖွယ်လုပ်ငန်းဆောင်တာများ (သို့) ကုန်စည်စီးဆင်းမှု၏ အခြားလုပ်ငန်းများ အများအပြားရှိနေသေးသည်။

ကုန်စည်စီးဆင်းမှု ဆိုင်ရာ လုပ်ငန်းများအနက် အဓိက အရေးပါသော လုပ်ငန်း (၆)ရပ်ကို ဖော်ပြပေးသွားမည် ဖြစ်သည်။

၁။ သုံးစွဲသူအမှာစာ ဖြည့်ဆည်းမှုလုပ်ငန်းစဉ် (Order Processing)
———————————————————————
ကုန်ချောထုတ်ကုန်ပစ္စည်း ကုန်စည်စီးဆင်းမှု (Logistics) လုပ်ငန်းဆောင်တာများသည် သုံးစွဲသူအမှာစာဖြည့်ဆည်းမှု လုပ်ငန်းစဉ် ( order processing) မှ စတင် အစပျိုးသည်ဟု ဆိုနိုင်သည်။ Order processing လုပ်ငန်းစဉ်မှာ အဖွဲ့အစည်းတစ်ခု၏ စီးပွားရေးဌာန၏ လုပ်ငန်းတစ်ရပ်ဖြစ်သည်။ အခြေခံအားဖြင့် သုံးစွဲသူများထံမှ အမှာစာများကို စီးပွားရေးအရ လက်ခံပြီး အမှာစာကို သိုလှောင်ရုံသို့ ပေးပို့သည်။ သုံးစွဲသူမှ ငွေပေးချေထားပါက စီးပွားရေးဌာနမှ သိုလှောင်ရုံသို့ သုံးစွဲသူထံမှာယူထားသော ပစ္စည်းများ ပေးပို့ရန် အကြောင်းကြားမည်ဖြစ်သည်။
သိုလှောင်ရုံအနေဖြင့် စီးပွားရေးဌာန၏ အကြောင်းကြားချက်နှင့်အညီ သုံးစွဲသူ မှာယူထားသော ပစ္စည်းများ ရွေးထုတ်ခြင်း (Picking) ၊ လိုအပ်သလို ထုတ်ပိုးခြင်း (Packaging) နှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း (Carrier) မှတစ်ဆင့် သုံးစွဲသူထံသို့ အရောက်ပေးပို့ခြင်း (Delivering) လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။

၂။ ကုန်ပစ္စည်းများ ကိုယ်တွယ်ထိန်းသိမ်းခြင်း (Materials Handling)
————————————————————————–
ကုန်ပစ္စည်းများ ကိုင်တွယ်ထိန်းသိမ်းခြင်း (Materials Handling) ဆိုသည်မှာ ကုန်ပစ္စည်းများ (ကုန်ကြမ်းနှင့် ကုန်ချောထုတ်ကုန်များအပါအဝင်)ကို သိုလှောင်ရုံအတွင်း (သို့) သိုလှောင်ရုံနှင့် သယ်ယူပို့ဆောင်မည့် ယာဉ်အကြား ခရီးတို ရွှေ့ပြောင်းပေးမှုပင်ဖြစ်သည်။
Materials Handling မှာ သာမန်လုပ်ငန်းတစ်ရပ်ဟု ထင်မှတ်ဖွယ်ဖြစ်သော်လည်း မည်သည့် သိုလှောင်ရုံအတွက်မဆို အရေးပါသည့် လုပ်ငန်းတစ်ရပ်ပင်ဖြစ်သည်။ ကုန်ပစ္စည်းများကို အလွယ်တကူ ရွှေ့ပြောင်းနိုင်ရေးနှင့် ပေးပို့နိုင်ရေးအတွက် သိုလှောင်ရုံအတွင်း ကုန်ပစ္စည်းများ အစီအစဉ်တကျ နေရာချထားနိုင်ရေးမှ ကုန်စည် စီးဆင်းမှု စီမံခန့်ခွဲရေး (Logistics Management) ၏ အရေးပါသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။
သိုလှောင်ရုံ အရွယ်ပမာဏ ကြီးမားလေ ၊ ကုန်ပစ္စည်း အစီအစဉ်တကျ နေရာချထားမှုမှာ ပို၍ အရေးကြီးလေဖြစ်သည်။ ဥပမာအားဖြင့် အမေဇုံ (Amazon) အနေဖြင့် Materials Handling အတွက် စက်ရုပ်များ ၊ Artificial Intelligence (အသိဉာဏ်တု) ခေါ် နည်းပညာနှင့် လုပ်သားအင်အားကို ပေါင်းစပ်အသုံးပြုနေလျက်ရှိသည်။ အမေဇုံအနေဖြင့် တစ်နေ့လျှင် ကုန်ပစ္စည်းအထုတ်ရေ ၁၆ သိန်းခန့် ပို့ဆောင်ပေးနေရသည်။ ဆိုလိုသည်မှာ တစ်နာရီတိုင်း ၊ တစ်နာရီတိုင်းတွင် အထုတ်ပေါင်း ၇၀၀၀၀ ကို သင်္ဘောတင်ပို့နိုင်ရန် ဆောင်ရွက်နေရခြင်းဖြစ်သည်။
Material Handling ၏ လုပ်ငန်းပမာဏကို အကြမ်းဖျင်းအားဖြင့် ခန့်မှန်းကြည့်ခြင်းဖြင့် မည်မျှအရေးပါသည်ကို တွက်ဆနိုင်မည်ဖြစ်သည်။

၃။ သိုလှောင်ရုံအတွင်း ကုန်ပစ္စည်းထိန်းသိမ်းထားရှိခြင်း (Warehousing)
—————————————————————————-
Warehousing ဆိုသည်မှာ ရောင်းချမည့် (သို့) ဖြန့်ချီမည့် ကုန်ပစ္စည်းများကို သိုလှောင်ရုံအတွင်း အသင့်ထားရှိ သိုလှောင်ထားခြင်းပင်ဖြစ်သည်။ ကုန်စည်စီးဆင်းမှု (Logistics) တွင် သိုလှောင်ထိန်းသိမ်းထားမှုသည်လည်း အရေးပါသည့် လုပ်ငန်းကဏ္ဍတစ်ရပ်ဖြစ်သည်။ ဥပမာအားဖြင့် LG နှင့် Samsung ကဲ့သို့ နိုင်ငံတကာ ဖြန့်ချီနေသည့် ကုမ္ပဏီများ၏ ထုတ်လုပ်မှု (Manufacturing) မှာ နေရာဒေသ တစ်ခုတည်းတွင် ဖြစ်နိုင်သော်လည်း ဖြန့်ချီရေးမှာ ကမ္ဘာတစ်ဝှန်းလုံးတွင် ရှိနေသည်။
သို့ဖြစ်၍ သိုလှောင်ထိန်းသိမ်းမှု (Warehousing) မှာ ကုန်စည်စီးဆင်းမှု၏ အရေးပါပြီး ကြီးမားသည့် အခန်းကဏ္ဍတစ်ရပ်မှ တည်ရှိနေခြင်းဖြစ်သည်။ သိုလှောင်ရုံ ထိန်းသိမ်းမှု၏ အရေးပါသော အချက်တစ်ရပ်မှာ သိုလှောင်ရုံသည် ဖြန့်ချီသူ (သို့) လက်လီလက်ကား အရောင်းကိုယ်စားလှယ်ကဲ့သို့ ကြားခံအဖွဲ့များနှင့် အနီးအနား (သို့) အလွယ်တကူ ပို့ဆောင်နိုင်သည့် အကွာအဝေးတွင် တည်ရှိနေရန်ဖြစ်သည်။

၄။ ကုန်ပစ္စည်း စာရင်းထိန်းသိမ်းမှု (Inventory Control)
———————————————————–
ကုန်ပစ္စည်းစာရင်း ထိန်းသိမ်းမှု (Inventory control) ဆိုသည်မှာ အရိုးရှင်းဆုံး အဓိပ္ပါယ်ဖွင့်ဆိုရလျှင် သိုလှောင်ရုံ တစ်ခု၏ ကုန်ပစ္စည်းလက်ကျန် (လက်ဝယ်ရှိကုန်ပစ္စည်း) စစ်ဆေးမှု လုပ်ငန်းပင်ဖြစ်သည်။
ကုန်ပစ္စည်းစာရင်း ထိန်းသိမ်းမှုသည် သုံးစွဲသူများ၏ လိုအပ်ချက်ကို နှောင့်နှေးမှုမရှိပဲ ချက်ချင်း ဖြည့်ဆည်းပေးနိုင်ရေးအတွက် သင့်လျော်သည့် ပမာဏရှိ ကုန်ပစ္စည်းများကို လက်ဝယ်သိုလှောင်ထားရှိနိုင်ရန် စီစဉ်ဆောင်ရွက်သည့် လုပ်ငန်းစဉ်ဟု ဆိုနိုင်သည်။
ကုန်ပစ္စည်း စာရင်း ထိန်းသိမ်းမှု (Inventory Control) သည် သုံးစွဲသူများ၏ လိုအပ်ချက်နှင့်အညီ လက်ဝယ်ရှိ ကုန်ပစ္စည်းအရေအတွက်ကို ဟန်ချက်ညီညီ ထိန်းသိမ်းထားရှိနိုင်ခြင်းဖြင့် ကုန်ကျစရိတ် ထိန်းချုပ်နိုင်ရေး အမြတ်အစွန်း ပိုမိုရရှိရေးတို့အတွက် များစွာ အထောက်အကူဖြစ်စေနိုင်သည့်အလျောက် ကုန်စည်စီးဆင်းမှု (Logistics) ၏ အရေးပါဆုံး လုပ်ငန်းကဏ္ဍတစ်ရပ်အဖြစ် တည်ရှိနေပေသည်။

၅။ သယ်ယူပို့ဆောင်ရေး (Transportation)
————————————————-
ကုန်စည်စီးဆင်းမှု (Logistics)၏ အဓိက လုပ်ငန်းကဏ္ဍတစ်ရပ်မှာ သယ်ယူပို့ဆောင်ရေးပင် ဖြစ်သည်။ သယ်ယူပို့ဆောင်မှုတွင် ကုန်ပစ္စည်းထုတ်လုပ်သည့် နေရာ (သို့) ကုမ္ပဏီမှ ဖြန့်ချီသူ (သို့) လက်လီလက်ကား အရောင်းကိုယ်စားလှယ်ကဲ့သို့ ကြားခံအဖွဲ့များထံသို့ ပို့ဆောင်ပေးခြင်းနှင့် ၎င်းတို့ထံမှ တစ်ဆင့် သုံးစွဲသူများထံသို့ ပို့ဆောင်ပေးခြင်းများ ပါဝင်သည်။
ယေဘူယျအားဖြင့် ထုတ်လုပ်သူ (သို့) ကုမ္ပဏီများသည် ဖြန့်ချီသူ (သို့) ကြားခံအဖွဲ့များထံ ကုန်ပစ္စည်း သယ်ယူပို့ဆောင်မှုအပိုင်းတွင် ပါဝင်ပတ်သတ်ကြပြီး ဖြန့်ချီသူနှင့် ကြားခံအဖွဲ့များမှ သုံးစွဲသူများထံ ဆက်လက်ပေးပို့သွားကြမည်ဖြစ်သည်။
သယ်ယူပို့ဆောင်မှုသည် ကုန်စည်စီးဆင်းမှု (Logistics)၏ ကုန်ကျစရိတ် အကြီးမားဆုံး အစိတ်အပိုင်းတစ်ရပ် ဖြစ်သည်။ ကုမ္ပဏီတစ်ခု၏ သိုလှောင်ထိန်းသိမ်းမှု (Warehousing) နှင့် ကုန်ပစ္စည်းစာရင်း စီမံခန့်ခွဲမှု (Inventory management) ကောင်းမွန်သည်နှင့်အမျှ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်မှာ လျော့ကျလေပင်ဖြစ်သည်။

၆။ ထုတ်ပိုးမှု (Packaging)
—————————-
ထုတ်ပိုးမှု (Packaging) တွင် အမျိုးအစား နှစ်ရပ်ရှိသည်။ ပထမ အမျိုးအစားမှာ သုံးစွဲသူများ ဝယ်ယူချင်အောင် ဆွဲဆောင်မှု ပြုနိုင်သည့် ကုန်ပစ္စည်းထုတ်ပိုးမှုနှင့် အခြားထုတ်ပိုးမှု အမျိုးအစားမှာ ထုတ်ကုန်ပစ္စည်းများကို တစ်နေရာမှ တစ်နေရာသို့ သယ်ယူပို့ဆောင်ရာတွင် ပျက်စီး ၊ ချွတ်ယွင်းမှုများကို ရှောင်ရှားနိုင်ရေးအတွက် ကုန်ပစ္စည်းများ လုံခြုံမှုရှိစေရန် ထုတ်ပိုးမှုပင်ဖြစ်သည်။
ကုန်ပစ္စည်း ထုတ်ပိုးမှု နှစ်မျိုးစလုံးမှာ ကုန်စည် စီးဆင်းမှုအတွက် အရေးပါသည့် လုပ်ငန်းစဉ်များဖြစ်သည်။ သုံးစွဲသူများ နှစ်သက်မှု ရရှိစေရန် လှပသည့်ဒီဇိုင်းအပြင်အဆင်ဖြင့် ထုတ်ပိုးမှုမှာ အရေးပါသကဲ့သို့ ထုတ်ကုန်ပစ္စည်းများ သုံးစွဲသူ လက်ဝယ်သို့ အပျက်အစီးမရှိ ရောက်ရှိရေးအတွက် စနစ်တကျ လုံခြုံမှုရှိစေရန် ထုတ်ပိုးမှုမှာလည်း အလွန်အရေးပါသည်။
သို့ဖြစ်၍ ကုမ္ပဏီများအနေဖြင့် ထုတ်ပိုးမှုအတွက် အသုံးစရိတ် အများအပြား ကျခံသုံးစွဲလေ့ရှိကြပေသည်။ သို့ရာတွင် ထုတ်ပိုးမှုမှာ ထုတ်ကုန်တန်ဖိုး၏ ၁ ရာခိုင်နှုန်းမှ ၂ရာခိုင်နှုန်းခန့်သာ ရှိမည်ဖြစ်သော်လည်း သယ်ယူပို့ဆောင်စဉ်အတွင်း မှန်ကန်သည့် ထုတ်ပိုးမှု ဆောင်ရွက်ထားခြင်းမရှိမှုကြောင့် ပစ္စည်းပျက်စီးမှု ဖြစ်ပွားပါက ဆုံးရှုံးရမည့် တန်ဖိုးမှာ ထုတ်ကုန်တန်ဖိုးအတိုင်း ၁၀၀ ရာခိုင်နှုန်း ဖြစ်မည်ဖြစ်သည်။
သို့ဖြစ်၍ ထုတ်ပိုးမှုမှာလည်း ကုန်စည် စီးဆင်းမှု (Logistics) ၏ အရေးပါသော လုပ်ငန်းကဏ္ဍတစ်ရပ်အဖြစ် တည်ရှိနေခြင်းဖြစ်သည်။ အထက်တွင်ဖော်ပြခဲ့သည့် လုပ်ငန်းရပ်များသည် မည်သည့်ကုမ္ပဏီတွင်မဆို သတိပြုဆောင်ရွက်ကြရမည့် ကုန်စည် စီးဆင်းမှု (Logistics) ဆိုင်ရာ အရေးပါသော လုပ်ငန်းကဏ္ဍများပင်ဖြစ်သည်။

 

#SuperLight #Logistics #Knowledge #6_Logistics_Functions

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
my_MMMY