fbpx

သွင်းကုန်နှင့် ပို့ကုန်များအတွက် နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ငွေပေးချေမှုနည်းလမ်း (၅)ရပ် (Five Payment methods in international trade for Exports and imports) —————————

မျက်မှောက်ခေတ် ကမ္ဘာ့ဈေးကွက်တွင် အောင်မြင်မှုရရှိနိုင်စေရန် ကုန်ပစ္စည်းတင်ပို့သူများအနေဖြင့် ၎င်းတို့၏ သုံးစွဲသူ ၊ ဖောက်သည်များအား ဆွဲဆောင်မှုရှိသော အရောင်းအဝယ်ဆိုင်ရာ သတ်မှတ်ချက်များဖြင့် မက်လုံးပေး စီစဉ်ဆောင်ရွက်သင့်သည်။ အဆိုပါ အရောင်းအဝယ်သတ်မှတ်ချက်များကိုလည်း သင့်လျော်သည့် ငွေပေးချေမှုနည်းလမ်းများဖြင့် ထောက်ကူပေးထားရမည်ဖြစ်သည်။ အခြေခံရည်ရွယ်ချက်မှာ တင်ပို့ရောင်းချမှုတိုင်းအတွက် ငွေအပြည့်အဝနှင့် အချိန်အတိအကျ ရရှိရေးပင်ဖြစ်သည်။ ကုန်ပစ္စည်းဝယ်ယူသူ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရင်း တစ်ချိန်တည်းမှာပင် ငွေပေးချေမှုဆိုင်ရာ မမျှော်လင့်သည့် စွန့်စားရမှုများ (ငွေပေးချေရန် ပျက်ကွက်နိုင်မှုစသည်) ကိုလျှော့ချနိုင်ရေးအတွက် သင့်လျော်အပ်စပ်မည့် ငွေပေးချေမှု နည်းလမ်းတစ်ရပ်ကို သေချာစွာ ရွေးချယ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သည်။
ငွေပေးချေမှုကို ဆောင်ရွက်နိုင်သည့် နည်းလမ်းအမြောက်အမြားရှိပြီး ငွေပြန်လည် စုစည်းကောက်ခံရာတွင် ငွေပေးချေမှု နည်းလမ်းပေါ်မူတည်၍ မတူညီသည့် အန္တရာယ်အဆင့်များသည်လည်း ရှိနေပေသည်။ အဆိုပါ ငွေပေးချေမှု နည်းလမ်းများအနက် ကုန်ပစ္စည်းတင်ပို့သူများအတွက် စိတ်အချရဆုံး (သို့) အာမခံချက်အရှိဆုံးနည်းလမ်းမှသည် စိတ်မချရဆုံး (သို့) အာမခံချက်အနည်းဆုံး နည်းလမ်းအထိ ငွေပေးချေမှု နည်းလမ်းအချို့ကို တင်ပြသွားမည်ဖြစ်သည်။

၁။ Cash-in advance (ကြိုတင်ငွေပေးချေမှု)
—————————————————-
Cash-in advance ငွေပေးချေမှုသတ်မှတ်ချက်သည် ကုန်ပစ္စည်းပိုင်ဆိုင်မှု လွှဲပြောင်းခြင်း မပြုမီကပင် ငွေပေးချေမှုကို ကြိုတင်ရရှိပြီးဖြစ်သဖြင့် ကုန်ပစ္စည်းတင်ပို့သူအနေဖြင့် ကြွေးကျန်မည့် အန္တရာယ်ကို စိုးရိမ်ရန်မလိုအပ်တော့ပေ။ နိုင်ငံတကာအရောင်းအဝယ်လုပ်ငန်းတွင် ကုန်ပစ္စည်းတင်သွင်းသူများအတွက် Cash-in advance ငွေပေးချေမှုတွင် အများဆုံးအသုံးပြုသည့် နည်းလမ်းမှာ wire transfer ( ဘဏ်ငွေစာရင်းတစ်ခုမှ အခြားတစ်ခုသို့ အီလက်ထရွန်နစ်စနစ်ဖြင့် ငွေပြောင်းလွှဲမှု) နှင့် Credit cards (အကြွေးဝယ်ခွင့်ကဒ်) အသုံးပြုခြင်းတို့ပင်ဖြစ်သည်။ ထို Cash-in advance ငွေပေးချေမှုနည်းလမ်းမှာ ရောင်းချသူအတွက် အန္တရာယ်အကင်းဆုံးနည်းလမ်းဖြစ်သော်လည်း ဝယ်ယူသူအတွက် အန္တရာယ်အများဆုံးနည်းလမ်းဖြစ်သည်။ သို့ဖြစ်၍လည်း ထိုနည်းလမ်းသည် ဝယ်ယူသူအတွက် ရွေးချယ်မှု အနည်းဆုံးနည်းလမ်းတစ်ရပ်ဖြစ်သည်။
အထူးသဖြင့် ရောင်းသူနှင့်ဝယ်သူအချင်းချင်း မသိရှိကြသည့်အခါ ဝယ်ယူသူဖက်မှ ငွေကြိုတင်ပေးချေထားပြီး အကယ်၍ ကုန်ပစ္စည်းများ ပို့ဆောင်လာခြင်းမရှိပါကဟူသော စိုးရိမ်ပူပန်မှုကို ဖြစ်ပေါ်စေနိုင်သည်။ ထိုနည်းတူပင် ဤငွေပေးချေမှုနည်းလမ်းကို ဆုပ်ကိုင်ထားသည့် ကုန်ပစ္စည်းတင်ပို့သူများသည်လည်း တစ်ဖက်သတ် ကြည့်တတ်သောသူ၏ လုပ်ငန်းဆောင်ရွက်မှုကြောင့် ပိုမို ဆွဲဆောင်မှုရှိသော ငွေပေးချေမှုနည်းလမ်း ကျင့်သုံးသည့်ပြိုင်ဖက်များနှင့် တွေ့ကြုံရသည့်အခါ လုပ်ငန်းကျဆုံးမှုနှင့် ကြုံတွေ့နိုင်ပေသည်။

၂။ Letters of Credit (ဘဏ်အာမခံချက်)
—————————-
Letters of Credit (သို့) Credit Letter မှာ နိုင်ငံတကာ ကုန်သည်များအတွက် ဘေးအန္တရာယ် အကင်းဆုံး (သို့) စိတ်အချရဆုံး ငွေပေးချေမှုနည်းလမ်းများအနက် တစ်ခုပင်ဖြစ်သည်။ Letters of Credit သည် ဝယ်သူမှ ရောင်းသူသို့ ပေးချေရမည့် ငွေပမာဏ အတိအကျကို သတ်မှတ်ချိန်အတိုင်း လက်ခံရရှိမည်ဖြစ်ကြောင်း ရောင်းသူသို့ ဘဏ်မှ အာမခံချက်ပေးသည့် အကြောင်းကြားစာပင်ဖြစ်သည်။ A Letter of credit သည် ပြည်ပမှ ဝယ်သူနှင့်စပ်လျဉ်း၍ အကြွေးယူထားသူ သတင်း ၊အချက်အလက်များ မရရှိနိုင်သည့်အခါ (သို့) စိတ်ချယုံကြည်ရန် အခက်အခဲရှိသည့်အခါ အလွန်အသုံးဝင်သည်။ ကုန်ပစ္စည်းတင်ပို့သူ (ရောင်းသူ)အနေဖြင့် ဝယ်သူဖက်မှ ဘဏ်၏ အာမခံချက် (အကြွေးဆပ်နိုင်ခြေ) ကြောင့် ကျေနပ်လက်ခံနိုင်သကဲ့သို့ ဝယ်သူအတွက်လည်း အကာအကွယ်ရရှိစေနိုင်သည်။
အာမခံချက်ပေးသည့် ဘဏ်အနေဖြင့် ရောင်းသူ၊ ဝယ်သူနှစ်ဖက် သဘာဝတူညီထားသည့်အတိုင်း ကုန်ပစ္စည်းများကို သင်္ဘောတင်ပို့ဆောင်ပြီးသည်အထိ ဘဏ်မှ ရောင်းသူသို့ ထုတ်ပေးမည်မဟုတ်သဖြင့် ပစ္စည်းများ မရရှိနိုင်မည်ကို စိုးရိမ်ပူပန်ရန်မလိုအပ်တော့ပေ။

၃။ Documentary collections (ပစ္စည်းထုတ်ယူရမည့် စာရွက်စာတမ်းများ လွှဲပြောင်းပေးခြင်း)
————————–
ဤ Documentary collections လုပ်နည်းစနစ်တွင် ရောင်းချသူမှ တင်ပို့ကုန်ပစ္စည်းများနှင့် သက်ဆိုင်သော အထောက်အထား ၊စာရွက်စာတမ်းများကို ၎င်း၏ ဘဏ်သို့ပေးပို့ကာ ၊ ၎င်း၏ ဘဏ်မှ တစ်ဆင့်ဝယ်ယူသူ၏ ဘဏ်သို့ ဆက်လက်ပေးပို့ခြင်းဖြစ်သည်။ ထိုသို့ ဘဏ်ချင်းစာရွက်စာတမ်းများ လွှဲပြောင်းပေးပို့ရာတွင် အဆိုပါ စာရွက်စာတမ်းများကို ငွေပေးသွင်းရေးအတွက် ဝယ်သူအား ပြသရန်နှင့် မည်သည့်အချိန် ၊ မည်သည့်အခြေအနေများတွင်မှ အဆိုပါ စာရွက်စာတမ်းများအား ဝယ်သူသို့ ထုတ်ပေးနိုင်ကြောင်း တိကျသည့် ညွှန်ကြားချက်များ ပါရှိမည်ဖြစ်သည်။ အဆိုပါ စာရွက်စာတမ်းများအတွက် အပြန်အလှန် ဖလှယ်သည့်အနေဖြင့် ကုန်ပစ္စည်းတင်သွင်းသူ (ဝယ်သူ)ထံမှ ပေးသွင်းငွေကို ရရှိပြီး သက်ဆိုင်ရာ ဘဏ်များမှ တစ်ဆင့် ကုန်ပစ္စည်းတင်ပို့သူ (ရောင်းသူ)ထံသို့ ငွေလွှဲပြောင်းပေးသွားမည်ဖြစ်သည်။+
ဘဏ်များသည် ၎င်းတို့၏ ဖောက်သည်များထံ အတွက် လုပ်ငန်းအဆင်ပြေချောမွေ့အောင် ကြားခံဆောင်ရွက်သူများအဖြစ် ဆောင်ရွက်ပေးသော်လည်း Letters of credit ကဲ့သို့ တူညီသည့်အာမခံချက်များပေးထားခြင်းမရှိပေ။ Letters of credit နှင့် မတူညီသည့်အချက်မှာ Documentary collections တွင်ဘဏ်များအနေဖြင့် စာရွက်စာတမ်းပေးပို့သူ လမ်းကြောင်းတစ်ရပ်အဖြစ်သာ ဆောင်ရွက်ပေးပြီး မည်သည့်ငွေပေးချေမှု ကတိကဝတ်မှ ထုတ်ပေးခြင်းမရှိ ၊ တစ်နည်းအားဖြင့် ငွေပေးချေမည့်အာမခံချက်မပေးထားပေ။ Documentary collections တစ်စောင်လက်ခံရရှိထားသည့်ဘဏ်အနေဖြင့် ဝယ်သူမှ တရားဝင်ခွင့်ပြုမိန့်ရရှိသည့်အခါမှသာ ဝယ်သူ၏ ငွေစာရင်းမှ ထုတ်နှုတ်လျက်လွှဲပြောင်းပေမည်ဖြစ်သည်။

၄။ Open account (ပေးရန်ငွေစာရင်း)
———————————
Open account အရောင်းအဝယ်မှာ ငွေပေးချေမည့် သတ်မှတ်ရက်မတိုင်မီ ကုန်ပစ္စည်းများကို သင်္ဘောတင်ပို့လွှဲပြောင်းပြီးသည့် ရောင်းဝယ်မှုပင်ဖြစ်သည်။ ဤနည်းလမ်းမှာ ရောင်းသူ ဝယ်သူနှစ်ဖွဲ့အကြားယုံကြည်မှုကို အခြေခံထားခြင်းဖြစ်သည်။ ဤနည်းလမ်းအားဖြင့် ကုန်ပစ္စည်းတင်သွင်းသူ (ဝယ်သူ)အတွက် အများဆံး အကျိုးကျေးဇူးရရှိစေသည့် နည်းလမ်းတစ်ရပ်ဖြစ်သော်လည်း ကုန်ပစ္စည်းတင်ပို့သူ (ရောင်းသူ) အတွက်မူ စွန့်စားမှုအမြင့်ဆုံးထားရရှိရသည့် နည်းလမ်းဖြစ်သည်။ ပို့ကုန်ဈေးကွက်များတွင် ယှဉ်ပြိုင်မှုမြင့်မားသည့်အလျောက် ပြည်ပ ဝယ်သူများအနေဖြင့် မကြာခဏဆိုသလိုပင် ကုန်ပစ္စည်းတင်ပို့သူများအား Open account သတ်မှတ်ချက်ဖြင့် ကုန်ပစ္စည်းပေးပို့ရန် တောင်းဆိုထားလေ့ရှိသည်။
ပြည်ပကုန်သွယ်မှုတွင် ရောင်းသူမှ ဝယ်သူသို့ အကြွေးငံ့ဆိုင်းခွင့်မှာ ယေဘူယျအားဖြင့် ပိုမိုတိုးပွားလာလျက်ရှိရာ အကြွေးဆိုင်းငံ့ကာလ တိုးမြှင့်မပေးလိုသည့် ကုန်ပစ္စည်းတင်ပို့သူများအနေဖြင့် ပြိုင်ဖက်များနှင့် မယှဉ်နိုင်ဖြစ်သွားမည်ဖြစ်သည်။ သို့ဖြစ်၍ ပြည်ပ ကုန်ပစ္စည်းတင်ပို့သူများအနေဖြင့် Open account သတ်မှတ်ချက်များဖြင့် အရောင်းအဝယ်ပြုလုပ်သည့်အခါ ပြည်ပ ပို့ကုန်အကြွေးအာမခံ (Export credit insurance) ကဲ့သို့ ကြိုတင်ကာကွယ်တားဆီးမှု အစီအမံများဖြင့် ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။

၅။ Consignment (ရောင်းပြီးငွေချေစနစ်)
—————————–
Consignment မှာ အပ်ကုန်စနစ် (သို့) ရောင်းပြီးမှ ငွေချေရမည့်စနစ်ဖြစ်သည်။ နိုင်ငံတကာ အပ်ကုန်စနစ် အရောင်းအဝယ် (International consignment transaction) မှာ ကန်ထရိုက်သဘောတူ စာချုပ်တစ်ရပ်အပေါ်တွင် အခြေခံထားခြင်းဖြစ်ပြီး အဆိုပါ ကန်ထရိုက်စာချုပ်အရ ပြည်ပ ကုန်စည်ဖြန့်ချီသူမှ ပစ္စည်းများ လက်ခံခြင်း ၊ စီမံခန့်ခွဲခြင်းနှင့် ရောင်းချခြင်းတို့ကို ကုန်ပစ္စည်းတင်ပို့သူ ကိုယ်စား ဆောင်ရွက်မည်ဖြစ်သည်။ ကုန်ပစ္စည်းများမှာ ရောင်းချရခြင်းမရှိမီအထိ ပစ္စည်းတင်ပို့သူ၏ ပိုင်ဆိုင်ပစ္စည်းများသာဖြစ်သည်။
အပ်ကုန်စနစ်ဖြင့် ကုန်ပစ္စည်းပြည်ပတင်ပို့ခြင်းသည် တင်ပို့သူအတွက် ကြီးမားလှသော အရဲစွန့်ရမှုပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပစ္စည်းများအတွက် မည်သည့် ငွေပေးချေမှုမှ မရရှိသေးသည့်အပြင် ပစ္စည်းများမှာလည်း ပြည်ပနိုင်ငံ တစ်နိုင်ငံရှိ လွတ်လပ်သောကုန်စည်ဖြန့်ချီသူ (သို့) ကိုယ်စားလှယ်၏ လက်ဝယ်တွင် ရောက်ရှိနေခြင်းကြောင့်ဖြစ်သည်။ သို့ရာတွင် အပ်ကုန်စနစ်သည် ပစ္စည်းတင်ပို့သူအတွက် ပြိုင်ဆိုင်နိုင်မှု အခွင့်အလမ်း ပိုမို ရရှိစေသကဲ့သို့ ကုန်ပစ္စည်းပေးပို့မှုကိုလည်း ပိုမိုမြန်ဆန်စေနိုင်သည်။ ထို့ပြင် သိုလှောင်ထိန်းသိမ်းမှုနှင့် ကုန်ပစ္စည်းစာရင်းစီမံခန့်ခွဲမှုကဲ့သို့ တိုက်ရိုက် ကုန်ကျစရိတ်များကိုလည်း လျော့ချနိုင်သည့် အကျိုးကို ရရှိစေနိုင်သည်။ အပ်ကုန်စနစ်ဖြင့် ပစ္စည်းတင်ပို့မှုအတွက် အောင်မြင်မှုသော့ချက်မှာ နာမည်ဂုဏ်သတင်းရှိ ယုံကြည်စိတ်ချရသော ကုန်စည်ဖြန့်ချီသူ (သို့) 3PL ဝန်ဆောင်မှုပေးသူနှင့် လုပ်ငန်းလက်တွဲဆောင်ရွက်ရန်ဖြစ်သည်။
အပ်နှံထားသော ကုန်ပစ္စည်းများအတွက် သယ်ယူပို့ဆောင်စဉ် (သို့) ပြည်ပ ဖြန့်ချီသူ၏ လက်ဝယ်ရှိစဉ် အကာအကွယ်အဖြစ် သင့်လျော်မည့် အာမခံချက်တစ်ရပ်ထားရှိခြင်းဖြင့် ဖြစ်လာနိုင်သည့် ဆုံးရှုံးမှုအန္တရာယ်များကို လျော့ပါးသက်သာစေနိုင်မည်ဖြစ်သည်။

 

#SuperLight #Logistics #Knowledge #Five_Payment_Methods

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
my_MMMY