fbpx

ကုန်သေတ္တာပြုပြင်ထိန်းသိမ်းရေး (Container Maintenance)

ကုန်သေတ္တာပြုပြင်ထိန်းသိမ်းရေး (Container Maintenance) သည် ပင်လယ်ရေကြောင်း ကုန်စည်စီးဆင်းမှုတွင် အဟန့်အတား အနှောင့်အယှက်မရှိ တောက်လျောက်စီးဆင်းနိုင်စေမှုကို အာမခံချက်ပေးနိုင်သည့် အရေးပါသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။ သို့ရာတွင် ကုန်သေတ္တာ ထိခိုက်ပျက်စီးမှုမှာ ရှောင်လွှဲ၍ မရသည့် ကိစ္စဖြစ်ပြီး သင်္ဘောပေါ်သို့ စတင် တင်ဆောင်သည့်နေရာမှ သင်္ဘောပေါ်မှ ချသည်အထိ သင်္ဘောတင်ပို့မှု မည်သည့်အဆင့်တွင် မဆိုထိခိုက်ပျက်စီးမှုဖြစ်ပွားနိုင်သည်။ နောက်ဆုံးတွင်မူ ကုန်သေတ္တာပိုင်ရှင်များ (သို့) သင်္ဘောတင်ပို့သည့် ကုမ္ပဏီများသည် ၎င်းတို့၏ အပြစ် အမှား မဟုတ်သည့်တိုင်အောင် ကုန်ကျစရိတ်အမျိုးမျိုးကို ပေးချေခြင်းဖြင့် အဆုံးသတ်ရလေ့ရှိသည်။ ယခုဆောင်းပါးတွင် ကုန်သေတ္တာများ ထိခိုက်ပျက်စီးရသည့် အဓိက အကြောင်းအရင်းများမှသည် ကုန်ကျစရိတ်များ ပြန်လည်တောင်းခံခြင်းအထိ ကုန်သေတ္တာ ပြုပြင်ထိန်းသိမ်းမှုနှင့် စပ်လျဉ်း၍ တင်ပြသွားမည်ဖြစ်သည်။

ကုန်သေတ္တာထိခိုက်ပျက်စီးမှုအတွက် အဓိက အကြောင်းအရင်းများ (Main reasons for damaged containers)
———————————————————–
အမေရိကန်အခြေစိုက် ထိပ်တန်းကုန်စည်ပို့ဆောင်မှု ဒီဂျစ်တယ်သတင်းဖြန့်ဝေရေး ကုမ္ပဏီကြီး Freight Waves က “ အမေရိကန်ပြည်ထောင်စု ဆိပ်ကမ်းများကို ဖြတ်လျက် သယ်ယူပို့ဆောင်သောကုန်သေတ္တာလေးလုံးတွင် တစ်လုံးမှာ လွှဲပြောင်းသယ်ဆောင်သည့် နေရာအချို့တွင် ထိခိုက်ပျက်စီးခံရကြောင်း ဖော်ပြခဲ့သည်။ ထိခိုက်ပျက်စီးမှုများသည် သဘာဝဘေးအန္တရာယ်များ (သို့)လူအမှား (သို့) စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုမျာားကြောင့်ဖြစ်ပေါ်နိုင်သည်။ ပထမဆုံးလူကြောင့်မှားယွင်းမှုမှာ အများအားဖြင့် ကုန်စည်ပစ္စည်းများအတွက် သေတ္တာရွေးချယ်မှု မှားယွင်းခြင်းပင်ဖြစ်သည်။ ကုန်သေတ္တာအတွင်း ထည့်သွင်းပို့ဆောင်မည့် ကုန်ပစ္စည်းများ၏ သဘောသဘာဝများနှင့် လိုက်လျောညီထွေ ဖြစ်စေမည့် ကုန်သေတ္တာအမျိုးအစားကို ရွေးချယ်ရန်လိုအပ်မည်ဖြစ်သည်။
မိမိကုန်ပစ္စည်း အမျိုးအစားနှင့် သင့်လျော်သည့် ကုန်သေတ္တာရရှိပြီဆိုလျှင် ရရှိထားသည့် ကုန်သေတ္တာသည် ယခင်ထိခိုက်ပျက်စီးမှုများ ၊အနံ့အသက်များ ၊ အပေါက်များ ရှိမရှိ ၊ လေဝင်လေထွက် စနစ် ပါမပါ ၊ သန့်ရှင်းမှု ရှိမရှိ ၊ အပူချိန်ထိန်းညှိစနစ်ပါ မပါ ၊ သင့်လျော်သော ကြမ်းခင်းဟုတ်မဟုတ် စသည့်အချက်များကို ကြည့်ရှုစစ်ဆေးရန် လိုအပ်မည်ဖြစ်သည် ။နောက်တစ်ဆင့်မှာ ကုန်သေတ္တာအတွင်း ကုန်ပစ္စည်းများ ထည့်သွင်းခြင်းဖြစ်သည်။ ကုန်သေတ္တာအတွင်း သတ်မှတ်အလေးချိန်ထက်လွန်ကဲစွာ ထည့်သွင်းခြင်း ၊ အလေးချိန်ညှိမျှရန် ပစ္စည်းများ ဖြန့်ကျက်နေရာချထည့်သွင်းမှုမရှိခြင်း ၊ ကုန်ပစ္စည်းများကို လျော့တိလျော့ရဲ ချည်နှောင်ထားခြင်း (သို့) ဤပစ္စည်းများ ရွေ့လျားမှုမရှိစေရေးအတွက် အသုံးပြုသည့် သစ်သား ၊ ရေမြှုပ်ကဲ့သို့ ကြားဒဏ်ခံပစ္စည်းများ လုံလုံလောက်လောက် ထည့်သွင်းထားမှုမရှိခြင်း စသည့်အချက်များသည် သယ်ယူပို့ဆောင်စဉ်အတွင်း ကုန်ပစ္စည်းများ လှုပ်ယမ်းမှုကို ဖြစ်ပေါ်စေနိုင်သည်။
ကုန်သေတ္တာအတွင်း ကုန်စည်များ စနစ်တကျ ထည့်သွင်းမှုမရှိခြင်းသည် ကုန်သေတ္တာများကို ထိခိုက်ပျက်စီးစေသည့် အကြီးဆုံးအကြောင်းအရင်းများအနက်တစ်ချက်ဖြစ်သည်။ ဤသို့ ဖြစ်ရခြင်းမှာ သင်္ဘောတင်ပို့သူများ၏ ကုန်ပစ္စည်း ထည့်သွင်းမှုဆိုင်ရာ ဗဟုသုတမရှိခြင်း ၊ ကြီးကြပ်ဆောင်ရွက်ရန် ပျက်ကွက်ခြင်းနှင့် ဖြစ်ပေါ်နိုင်သည့် အကျိုးဆက်ကို သိရှိခြင်းမရှိပဲ ကုန်ကျစရိတ်သက်သာရန် ဆောင်ရွက်ခြင်းတို့ကြောင့်ဖြစ်သည်။ကုန်သေတ္တာများ ထိခိုက်ပျက်စီးရသည့် နောက်ထပ်အရေးကြီး ကိစ္စတစ်ရပ်မှာ ရာသီဥတုဖြစ်သည်။ ရာသီဥတုမှာ ကြိုတင်ခန့်မှန်းရခက်ခဲပြီး ကုန်သေတ္တာအတွင်းအပြင် နှစ်ရပ်လုံးကို ထိခိုက်ပျက်စီးမှု ဖြစ်စေနိုင်သည်။
အအေးပိုင်းဒေသမှ စိုထိုင်းဆပြည့်ဝနေသည့်လေများ ကုန်သေတ္တာများအတွင်း ပိတ်မိရာမှ ပူနွေးသည့်ဒေသသို့ ရောက်ရှိလာချိန်တွင် ငွေ့ရည်ဖွဲ့ပြီး ရေစက်ရေပေါက်များ အဖြစ်ပြောင်းလဲကာ ကုန်သေတ္တာ နံရံနှင့် အမိုးများ သံချေးတက်ပျက်စီးယိုယွင်းစေနိုင်သည်။ ထို့ပြင်ပိုးမွှားနှင့် အနံ့အသက်စသည်တို့ကြောင့် ညစ်ညမ်းမှုများကိုလည်း ဖြစ်ပွားစေနိုင်သည်။ ကုန်သေတ္တာ ပျက်စီးထိခိုက်မှုသည် ကုန်တင် ကုန်ချစဉ်တွင်လည်း ဖြစ်ပွားနိုင်သည်။ ကျွမ်းကျင်မှုမရှိသည့် ဖော့ကလစ်မောင်းနှင်သူကြောင့် ကုန်သေတ္တာများ ပေါက်ပြဲခြင်း ၊ ပိန်ချိုင့်ခြင်း ၊ ဟန်ချက်မညီ တစ်ပတ်စောင်းရင်း စီထပ်ထားခြင်း (သို့) ကုန်သေတ္တာများ ပြုတ်ကျခြင်းများ ဖြစ်ပေါ်နိုင်သည်။

ကုန်သေတ္တာထိခိုက်ပျက်စီးမှု အမျိုးအစားများနှင့် ကာကွယ်တားဆီးနည်းများ
(Types of Container damage and how you avoid it)
—————————————-
ကုန်သေတ္တာကိုင်တွယ် ထိန်းသိမ်းဆောင်ရွက်မှု ညံ့ဖျင်းချက်ကြောင့် ကုန်သေတ္တာ တင် ၊ချ ၊ အကူးအပြောင်းနေရာတိုင်းတွင် ကုန်သေတ္တာ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်နိုင်သည်။ အများဆုံး ဖြစ်ပေါ်လေ့ရှိသည့် ကုန်သေတ္တာ ထိခိုက်ပျက်စီးမှုနှင့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အကြံပြုချက်အချို့ကို ဖော်ပြလိုက်ပါသည်။
၁။ ကုန်သေတ္တာတံခါးများ ကျိုးပျက်ခြင်း (Broken Container doors)
———————————————-
ကုန်သေတ္တာ ကိုင်တွယ်ထိန်းသိမ်းမှု ညံ့ဖျင်းခြင်းကြောင့်လည်းကောင်း ၊ ကုန်သေတ္တာအတင်အချ ပြုလုပ်ချိန်တွင် ပေါ့လျော့မှုကြောင့်လည်းကောင်း ၊ လမ်းတွင် ယာဉ်မတော်တဆမှုနှင့် ဓားပြမှုကြောင့် လည်းကောင်း ဤထိခိုက်မှုမျိုး ဖြစ်ပွားနိုင်သည်။ ကုန်သေတ္တာဝန်းအတွင်းကပင် ကုန်သေတ္တာ ဘောင်နှင့်တံခါးများကို သေချာစွာ စစ်ဆေးသင့်သည်။ ကုန်သေတ္တာအတွင်းသို့ တင်ပို့ခြင်းမပြုမီ သင်္ဘောတင်ပို့သူသို့ အသိပေးရန်နှင့် ထိုသို့ပေးပို့ရန် အချိန်မရလျှင် ဖြစ်နိုင်ပါက ပြုပြင်ပေးရန်ဖြစ်သည်။

၂။ သင်္ဘောပေါ်ရှိစဉ် ကုန်သေတ္တာတစ်ခုလုံးဆုံးရှုံးခြင်း (Total loss of container while on the ship)
————————————————
ကုန်သေတ္တာတစ်ခုလုံး ဆုံးရှုံးမှုသည် ရာသီဥတုဆိုးရွားမှုကြောင့် သင်္ဘောလှုပ်ရမ်းစဉ် လွင့်စင်နစ်မြုပ်ခြင်း ဖြစ်နိုင်သည်။ ကုန်သေတ္တာအလေးချိန်ကို မှန်ကန်စွာ မကြေညာခြင်း ၊ ကုန်သေတ္တာအတွင်း ပစ္စည်းများ စနစ်တကျ ထည့်သွင်းမှုမရှိခြင်း ၊ ကုန်သေတ္တာများကို ကောင်းစွာစီထပ်ထားမှုမရှိခြင်းတို့ကြောင့် ဖြစ်နိုင်သည်။ ထိုသို့ ပျက်စီးဆုံးရှုံးမှုကို ရှောင်ရှားနိုင်ရန် ကုန်သေတ္တာများအား စနစ်တကျ တုတ်နှောင်ခြင်း ပြုလုပ်ရန်နှင့် တုတ်နှောင်ထားမှု အခြေအနေကို ပုံမှန် စစ်ဆေးမှု ပြုလုပ်ရန် လိုအပ်မည်ဖြစ်သည်။

၃။ ကုန်သေတ္တာများ ပွန်းပဲ့မှုနှင့် ပိန်ချိုင့်မှု (Dented and scratched container)
—————————————–
ကုန်သေတ္တာကို ဖော့ကလစ်ဖြင့် သယ်မယူဆောင်ရာတွင် ကျွမ်းကျင်မှု မရှိခြင်းကြောင့်လည်းကောင်း ၊ ကုန်သေတ္တာအချင်းချင်း ပွတ်တိုက်ဖိရာမှလည်းကောင်း ၊ လမ်းမတော်တဆမှုများကြောင့် လည်းကောင်း ပွန်းပဲ့ ပိန်ချိုင့်မှုများ ဖြစ်နိုင်သည်။ မော်တော်ယာဉ်မော်ငး ၊ ဝန်ချီစက်မောင်းများကို မှန်မှန်ကန်ကန် ထိန်းသိမ်းဆောင်ရွက်ရေးအတွက်လည်း ပညာပေးဆောင်ရွက်ရန်ဖြစ်သည်။

၄။ ကုန်သေတ္တာပြုတ်ကျခြင်း (Dropped Container)
————————————————
ဖော့ကလစ် ယာဉ်မောင်း၏ မှားယွင်းမှု (ကုန်သေတ္တာအတွင်း သတ်မှတ်ကုန်ထက် ပိုမိုထည့်သွင်းထားခြင်းနှင့် ဖော့ကလစ်၏ စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းသူတို့ကြောင့် ကုန်သေတ္တာပြုတ်ကျခြင်း ဖြစ်ပေါ်နိုင်သည်။ ကုန်သေတ္တာ အပေါ်ဖက်ထောင့်များရှိ ဝန်ချီစက်ဖြင့် မတင်ရာတွင် ချိတ်ဆွဲသည့် ဗျက်ဖောက်ကွင်း အခြေအနေကို စစ်ဆေးရန် ၊ ကုန်သေတ္တာများကို စနစ်တကျ သေချာစွာ စီထပ်စေရန်နှင့် ကုန်သေတ္တာများအတွင်း သတ်မှတ်အလေးချိန်ထက် ပိုမို သယ်ဆောင်ခြင်း မပြုရန်တို့ကို လိုက်နာကြရမည်ဖြစ်သည်။

၅။ အပူကြောင့်ပျက်စီးခြင်း (Heat Damage)
—————————-
ကုန်သေတ္တာအတွင်း သယ်ဆောင်လာသည့် ကုန်ပစ္စည်းများနှင့် စပ်လျဉ်း၍ မမှန်မကန် မှားယွင်းစွာ ထုတ်ဖော်ပြာကြားမှုကြောင့် ထိခိုက်ပျက်စီးမှုမျိုး ဖြစ်ပေါ်နိုင်သည်။ မလိုလားအပ်သော မီးဘေးအန္တရာယ်အထိ ဖြစ်လာစေနိုင်သည်။ ဘေးအန္တရာယ်ရှိ ကုန်ပစ္စည်းများဆိုင်ရာ သတ်မှတ်ပြဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းဖြင့် ရှောင်ရှားနိုင်မည်ဖြစ်သည်။

ကျန်ရှိနေသေးသည့် အကြောင်းအရင်းများအကြောင်းကို နောက်တစ်ပတ် ဆောင်းပါးတွင် အသေးစိတ် ဆက်လက်ဖော်ပြပေးသွားပါမည်။

#SuperLight #Logistics #Knowledge #Conatiner

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
my_MMMY