fbpx

ကုန်ပစ္စည်းများ ပို့ဆောင်ခြင်းမပြုမီ သိထားသင့်သည့် အချက် (၅)ချက်

သင့်ထုတ်ကုန်ပစ္စည်းများကို တစ်နေရာမှ တစ်နေရာသို့ ရောက်ရှိရေးသည် အတန်ပင် ခေါင်းစားရသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ စီစဉ်ဆောင်ရွက်ရန်နှင့် ထည့်သွင်းတွက်ချက်ရန် လိုအပ်သည့် မတူညီ ကွဲပြားသော အကြောင်းအရာ အမြောက်အများနှင့်အတူ ထုတ်ကုန်ပစ္စည်းများ လိုရာသို့ ပို့ဆောင်ရေးကိစ္စမှာ ခေါင်းအေးအေးနှင့် တည်ငြိမ်မှုရှိသူများပင် ဦးနှောက်ခြောက်နိုင်သည့်ကိစ္စဖြစ်သည်။ သင့်ကုန်ပစ္စည်းများကို (သင်္ဘောတင်)ပို့ဆောင်သည့်အခါ ၎င်းတို့ကို သင့်စံနှုန်းများနှင့် ကိုက်ညီသည့် အခြေအနေတစ်ရပ်ဖြင့် သင်လိုအပ်ချိန်တွင် ရောက်ရှိစေလိုမည်ဖြစ်သည်။ သင့်ကို စိတ်အနှောင့်အယှက်မဖြစ်စေပဲ အဆင်ပြေချောမွေ့သည့် လုပ်ငန်းတစ်ရပ်ဖြစ်စေလိုမည်ဖြစ်သည်။ ကုန်ပစ္စည်းပို့ဆောင်မှု လုပ်ငန်းစဉ်တစ်ရပ်လုံးအပေါ်တွင် စိုးရိမ်ပူပန်သောကများဖြင့် စိုးရိမ်ကြောင့်ကြလိုကြမည်မဟုတ်ပေ။ သို့ဖြစ်၍ သင့်၏ ကုန်စည်စီးဆင်းမှုလုပ်ငန်းများ ထိရောက်နိုင်သမျှ ထိရောက်နိုင်ရေး ဆောင်ရွက်နိုင်ရေးအတွက် သင့်ထုတ်ကုန်ပစ္စည်းများကို (သင်္ဘောတင်) ပို့ဆောင်ခြင်းမပြုမီ သင်သိထားသင့်သည့် အချက် ၅ချက်ကို ဖော်ပြပေးလိုက်ပါသည်။

သင်၏ ကုန်ပစ္စည်း (သင်္ဘောတင်) ပို့ဆောင်ရေးအသုံးစရိတ်ဆိုတာ ဘာလဲ
———————————————————-
သင်၏ ကုန်ပစ္စည်း ပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်ချက်အတွက် သင့်လျော်သည့် အသုံးစရိတ်တစ်ရပ် သတ်မှတ်ပါ။ ထိုအချက်သည် အဆင်ပြေချောမွေ့ပြီး ဖိအားကင်းသည့် ကုန်စည်စီးဆင်းမှု လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပေါ်ရေးအတွက် မုချလိုအပ်သော အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။သင်၏ အသုံးစရိတ်သတ်မှတ်ချက် (Budget) သည် မည်သည့် သယ်ယူပို့ဆောင်မှုနည်းလမ်းကို သင် အသုံးပြုမည်၊ သင့်လုပ်ငန်း ဆောင်ရွက်ချက်အပေါ်မည်သည့်အချက်က ကြီးမားစွာ အချိုးသက်ရောက်မှုရှိစေမည်တို့ကို မကြာခဏဆိုသလို အဆုံးအဖြတ်ပေးမည်ဖြစ်သည်။ ထို့ပြင် သင်၏ အသုံးစရိတ်သတ်မှတ်ချက်အပေါ် အကျိုးသက်ရောက်မှုရှိစေမည့် အချက်တစ်ရပ်မှာ ကုန်ပစ္စည်းပို့ဆောင်မှုစရိတ်စက နှင့် သတ်မှတ်ပြဌာန်းထားသည့် အခွန်အခများဖြစ်သည်။ အဆိုပါ စရိတ်စက နှင့် အခွန်အခများသည် မကြာခဏ ပြောင်းလဲတတ်သဖြင့် နောက်ဆုံး သတ်မှတ်ချက်များအပေါ်အချိန်နှင့်အမျှ မျက်ခြေမပြတ် သိရှိထားရန် လိုအပ်မည်ဖြစ်သည်။

သင်၏ အချိန်ကာလ သတ်မှတ်ချက်ဆိုတာ ဘာလဲ
—————————————
အချိန်ကာက အတိုင်းအတာ တစ်ရပ်ကို ခွဲခြားသတ်မှတ်နိုင်ခြင်းသည် ကုန်စည် ပို့ဆောင်မှု လုပ်ငန်းစဉ်၏ အဓိက အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။ ကုန်စည်ပို့ဆောင်သူတစ်ဦးသည် သူ၏ ကုန်စည်ပို့ဆောင်မှုအတွက် လိုအပ်သော ကြာချိန်ကိုပင် မသိပါက သူ့အနေဖြင့် မည်သည့်ဆောင်ရွက်ချက်များလိုအပ်မည်ကို မည်သို့ သိရှိနိုင်ပါမည်နည်း။ အထူးသဖြင့် ပို့ဆောင်မည့် ကုန်ပစ္စည်းများသည် စားသောက်ကုန်ပစ္စည်းများအား (သို့) ပုံမှန်ရောင်းဝယ်နေကျ ကုန်ပစ္စည်းများအား (သို့) နောက်တစ်နေ့ ပို့ပေးပါမည်ဟာ အာမခံ ကတိပြုပေးထားသော ကုန်ပစ္စည်းများလား ဆိုသည်မှာ အထူးအရေးပါသည်။
ကုန်ပစ္စည်းများကို မည်သည့်နေ့ရက်တွင် ရောက်ရှိရမည်ဟု အတိအကျ သတ်မှတ်ထားချက်ရှိနေပါသလား။ ထိုသို့ သတ်မှတ်ရက်ရှိနေပါက အဆိုပါရက်ကို ပြက္ခဒိန်တွင် အမှတ်အသား ပြုလိုက်ပြီး အဆိုပါ ရက်မှ နောက်ကြောင်းပြန်လျက် အလုပ်လုပ်ရမည့် ရက်ကို တွက်ချက်ဆောင်ရွက်ပါ။ သင်၏ အချိန်ကာလ သတ်မှတ်ချက်နှင့်အညီ သင့်ကုန်ပစ္စည်း ရောက်ရှိမှု သေချာရေးအတါက် အရေးပေါ် အစီစဉ်အချို့ ကြိုတင်စီစဉ်ထားပါ။ အကယ်၍ မမျှော်လင့်သော ကိစ္စတစ်စုံတစ်ရာ (သို့) နှောင့်နှေးကြန့်ကြာမှု တစ်စုံတစ်ခု ပေါ်ပေါက်ပါက သင်မည်သို့ ဆောင်ရွက်မည်နည်း ၊ အဆိုပါ ကိစ္စအပေါ် သင်မည်သို့ ကျယ်ပြန့်အောင် ဆောင်ရွက်မည်နည်း။ သင်၏ အစီအစဉ်ကို ကြိုတင်ရေးဆွဲထားပြီး ကြုံကြိုက်လာပါက သင်စီစဉ်ထားသည့်အတိုင်း ဆောင်ရွက်ပါ။

မည်သည့် သယ်ယူပို့ဆောင်မှုနည်းလမ်းကို လိုအပ်ပါသလဲ
——————————————
သင့်အနေဖြင့် ကုန်ပစ္စည်းပို့ဆောင်မှု အသုံးစရိတ်နှင့် အချိန်ကာလ သတ်မှတ်ချက်ရှိပြီဆိုပါက မည်သည့် သယ်ယူပို့ဆောင်မှု အမျိုးအစားရွေးချယ်ရန် လိုအပ်မည်ကို ပိုမိုသိရှိနားလည်ရန် လိုအပ်လာပြီဖြစ်သည်။ မည်သည့် ကုန်ပစ္စည်း သယ်ယူပို့ဆောင်မှု အမျိုးအစားကို လိုအပ်မည်နည်း ၊ ပင်လယ်ရေကြောင်း ကုန်စည်ပို့ဆောင်မှုလား ၊ လေကြောင်း ကုန်စည်ပို့ဆောင်မှုလား ၊ ကုန်းကြောင်းလား (သို့) တွဲဖက်ပေါင်းစပ်နည်းလမ်းလား။
ကုန်ပစ္စည်းများ (သင်္ဘောတင်) ပို့ဆောင်မှုမပြုမီ သိုလှောင်ထိန်းသိမ်းထားရန် သိုလှောင်ရုံ လိုအပ်မည်လား (သို့) ၎င်းတို့ သတ်မှတ်နေရာ ရောက်ရှိချိန်တွင် သိုလှောင်ရေးလိုအပ်မည်လား။ သင်၏ ကုန်ပစ္စည်းများ ပို့ဆောင်မှုသည် ဒေသအတွင်း ပို့ဆောင်မှုလား ၊ နိုင်ငံတကာ ပို့ဆောင်မှုလား ။ အထက်ပါ မေးခွန်းများသည် သင်၏ ကုန်စည်ပို့ဆောင်မှုကို မှန်ကန်စွာဆောင်ရွက်နိုင်ရေးအတါက် မလွဲမသွေ ဖြေကြားပေးရမည့် မေးခွန်းများဖြစ်သည်။ သယ်ယူပို့ဆောင်မှု နည်းလမ်းရွေးချယ်ခြင်းနှင့် စပ်လျဉ်း၍ အခြား ထည့်သွင်းတွက်ချက်ရမည့် ရှုထောင့်တစ်ရပ်မှာ ဈေးနှုန်းနှင့် သတ်မှတ်ကာလ မည်သည်ကို အလေးပေးမည်ဆိုသည့် အချက်ပင်ဖြစ်သည်။ ဥပမာအားဖြင့် ပင်လယ်ရေကြောင်း ကုန်စည်ပို့ဆောင်မှုသည် လေကြောင်းကုန်စည်ပို့ဆောင်မှုထက် စရိတ်စက ပိုမို လျော့နည်းသော်လည်း အချိန်ပိုမိုကြာညောင်းနိုင်မည်ဖြစ်သည်။ ဈေးနှုန်းလား ၊ ကြာချိန်လား ၊ သင်မည်သည့် အချက်ကို ပိုမိုအလေးပေးရွေးချယ်ရန် လိုအပ်မည်ကိုစဉ်းစားပါ။ အချုပ်အားဖြင့် သင့်ကုန်ပစ္စည်းများသည် သင့်သုံးစွဲရန် သတ်မှတ်ချက်နှင့်အညီ အထိအခိုက် ၊ အပျက်အစီးမရှိ အချိန်ကိုက်ရောက်ရှိသမျှ ကာလပတ်လုံး သင် မည်သည့် သယ်ယူပို့ဆောင်ရေးနည်းလမ်းကို ရွေးချယ်သည်ဖြစ်စေ အရေးမပါတော့ချေ။

သင့် Supply Chain က ဘာလဲ
—————————-
Supply Chain (ဈေးကွက်ဖော်ဆောင်မှုကွင်းဆက်) များသည် အရွယ်အစားအမျိုးမျိုး ၊ နက်နက်ရှုပ်ထွေးမှု အတိုင်းအတာ အစားစာဖြင့် ဖြစ်ပေါ်လျက်ရှိသည်။ သင့်ကုန်ပစ္စည်း ပို့ဆောင်ရေး အားထုတ်မှု အောင်မြင်ပြီးမြောက်ရေးအတွက် သင့်အနေဖြင့် သင့် Supply Chain အတွင်း ပိုင်နိုင်ကျွမ်းကျင်သူတစ်ဦး ဖြစ်နေရန် များစွာ အရေးကြီးသည်။ မည်သူတွေက အဓိက ဆောင်ရွက်နေသူများလဲ ၊ အရေးပါသူ မည်ရွေ့မည်မျှ ရှိနေသလဲ ၊ ပြသနာဖြစ်ပေါ်နိုင်သည့်နေရာများမှာ အဘယ်လဲ ၊ အဓိက ထည့်သွင်းတွက်ချက် စဉ်းစားရမည့်ကိစ္စအချို့ကို ဖော်ပြရုံမျှသာ ရှိသေးသည်။ သင်၏ Supply Chain (ဈေးကွက်ဖော်ဆောင်မှု ကွင်းဆက်)သည် ပိုမိုရှည်လျား ၊ ပိုမိုရှုပ်ထွေးလေ သင့်ကုန်ပစ္စည်းပို့ဆောင်ချိန်သည် ပိုမို ကြာမြင့်လေပင်ဖြစ်သည်ကို သတိပြုသင့်သည်။
ထို့ပြင် Supply Chain သည် သင်၏ ကုန်ကျစရိတ်များနှင့် တိုက်ရိုက်ဆက်နွယ်နေသည်။ အဆင်ပြေချောမွေ့သည့် ကုန်စည်ပို့ဆောင်မှုတစ်ရပ်အတွက် သင်၏ Supply Chain အတွင်း မလိုအပ်သောမည်သည့် ကွင်းဆက်များ (သို့) အဖုအထစ်များကို မဆို ဖြတ်တောက်လျက် ကုန်စည်စီးဆင်းမှု လမ်းကြောင်းအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သည်။ ထိုသို့ဖြင့် သင့်ကုန်ပစ္စည်းများ ပိုမိုလျင်မြန်စွာ ပို့ဆောင်နိုင်ရေးကို အထောက်အကူ ဖြစ်စေမည့်အပြင် မလိုအပ်သော အချို့ကုန်ကျစရိတ်များကိုလည်း ဖယ်ရှားသွားနိုင်မည်ဖြစ်သည်။
ထိုနေရာတွင် သတိပြုရမည့် အချက်မှာ ရှင်းလင်းပြီးတိကျသည့် ဆက်သွယ်နိုင်မှု စွမ်းအားသည် တန်ဖိုးမဖြတ်နိုင်ဟူသော အချက်ပင်ဖြစ်သည်။ ကောင်းမွန်သည့် သတင်းစီးဆင်းမှုကို အချိန်ပြည့် ထိန်းသိမ်းထားနိုင်ခြင်းဖြင့် သင့်လုပ်ငန်းစဉ်များအတွင်း မလိုလားအပ်သော မရောရာမှု ၊ ရှုပ်ထွေးမှုများကို ဖယ်ရှားဆောင်ရွက်သွားစေမည်ဖြစ်သည်။

လိုက်နာရန် လိုအပ်သည့် အကောက်ခွန်နှင့် အခြားလိုက်နာရမည့် အချက်များဆိုသည်မှာ အဘယ်နည်း
——————————————-
နိုင်ငံတိုင်း ၊ ဒေသတိုင်းတွင် လိုက်နာဆောင်ရွက်ရန် လိုအပ်သည့် အကောက်ခွန်ဆိုင်ရာ သတ်မှတ်ချက်များ ၊ ဥပေဒေများနှင့် စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ပြဌာန်းလျက်ရှိသည်။ အဆိုပါ သတ်မှတ်ပြဌာန်းချက်များကို လိုက်နာရန်ပျက်ကွက်ပါက ကြာမြင့်သ်ည့ ဆိုင်းငံ့ထားရှိခံရမှုများ ၊ ကြန့်ကြာမှုများ ကြုံတွေ့နိုင်သည့်အပြင် များပြားသည့် ဒဏ်ကြေးငွေ ချမှတ်ခံရမည့် အလားအလာများပါ ဖြစ်ပေါ်စေနိုင်သည်။ သင့်ကုန်ပစ္စည်းများကို ၎င်းတို့ကို ပို့ဆောင်ရန်ရည်ရွယ်ထားသည့်နေရာသို့ နှောင့်နှေးကြန့်ကြာမှု အနည်းဆုံးဖြင့် ရောက်ရှိစေရေးအတွက် သက်ဆိုင်ရာ အကောက်ခွန်နှင့် လိုက်နာရမည့် အချက်မျာကို အချိန်ပေးလေ့လာဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သည်။ထိုသို့ အကောက်ခွန် နှင့် အခြားသတ်မှတ်ပြဌာန်းချက်များကို လေ့လာရန် အချိန်မရရှိပါက မိမိ၏ ကုန်ပစ္စည်းပို့ဆောင်မည့်နိုင်ငံ၏ အကောက်ခွန်နှင့် အခြားသတ်မှတ်ပြဌာန်းချက်များကို နားလည်ကျွမ်းကျင်မှုရှိပြီးသူများ (သို့) အဖွဲ့အစည်းများနှင့် ဆက်သွယ်လျက် ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းတွင်ကျယ်ထိရောက်မှုရှိစေမည်ဖြစ်သည်။
အထက်တွင်ဖော်ပြခဲ့သည့် အချက်များနှင့်အညီ လိုအပ်သည်များကို စီစဉ်ဆောင်ရွက်နိုင်ခြင်း ၊ ယုံကြည်စိတ်ချရပြဲီး အဆင်ပြေချောမွေ့သည့် ကုန်စည်ပို့ဆောင်မှု လုပ်ငန်းစဉ် တစ်ရပ်ကို ဖော်ဆောင်နိုင်ရေးအတွက် များစွာ အထောက်အကူပြုမည်ဖြစ်ပေသည်။

#SuperLight #Logistics #Supply_Chain

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
my_MMMY