fbpx

ကုန်ပစ္စည်းတင်ပို့ခြင်းမပြုမီ အဓိက စဉ်းစားရမည့် အချက်( ၅ )ချက်

ပို့ကုန်လုပ်ငန်းရှင်တစ်ဦးအနေဖြင့် သင့်ကုန်ပစ္စည်းများကို ပြည်ပသို့တင်ပို့သည့်အခါ ကြိုတင်သိရှိထားသင့်သည့်အချက်များကို သိရှိခြင်းဖြင့် မလိုလားအပ်သည့်အခက်အခဲ၊ ပြသာနာနှင့် နှောင့်နှေးကြန့်ကြာမှုများကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ သင့်ကုန်ပစ္စည်းများကို ပြည်ပသို့တင်ပို့ရန် ကုန်သေတ္တာများအတွင်း ထည့်သွင်းခြင်းမပြုမီကပင် အောက်ပါအချက် ၅ ချက်ကိုသိရှိထားရန် လိုအပ်မည်ဖြစ်သည်။

(၁) Use the right type of CTU (Cargo Transport Unit)
(မှန်ကန်သည့် CTU အမျိုးအစားကိုအသုံးပြုပါ)

Cargo Transport Unit (CTU) ဆိုသည်မှာ ကုန်ပစ္စည်းများကို တစ်စုတစ်စည်းတည်း ထည့်သွင်းတင်ဆောင်နိုင်သည့် ကုန်တင်ယာဉ်၊ ကုန်ရထားတွဲ၊ ကုန်သေတ္တာစသည်တို့ကို ဆိုလိုခြင်းဖြစ်သည်။ ပြည်ပသို့ကုန်ပစ္စည်းများတင်ပို့ရာတွင် အထူးသဖြင့် ပင်လယ်ရေကြောင်းသယ်ယူပို့ဆောင်မှုဆိုပါက အရွယ်အစားနှင့်အလေးချိန်ပမာဏကြီးမားသော Bulk cargo များမှအပ အခြားအထွေထွေကုန်ပစ္စည်းများကို ပို့ဆောင်ရာတွင် ကုန်သေတ္တာများသည် အသင့်လျော်ဆုံး CTU များပင်ဖြစ်သည်။ သင်ပို့ဆောင်မည့်ကုန်ပစ္စည်းအမျိုးအစား၊ သဘာဝပေါ်မူတည်ကာ အသင့်လျော်ဆုံးကုန်သေတ္တာအမျိုးအစားကို ရွေးချယ်သင့်သည်။ ဥပမာအားဖြင့် တွင်းထွက်ပစ္စည်းများ၊ သတ္တုများ၊ စက်ပစ္စည်းများ၊ စက္ကူ၊ သကြား၊ ဘိလပ်မြေစသည့် လေးလံသောကုန်ပစ္စည်းများအတွက် ပေ ၂၀ Standard container များကို အသုံးပြုသင့်ပြီး အလေးချိန်ထက်အရွယ်အစားပမာဏ ပိုမိုနေရာယူသော အိမ်ထောင်ပရိဘောဂများ၊ သံမဏိပိုက်လုံးများ၊ ဝါဂွမ်းထုပ်များ၊ ဆေးရွက်ကြီးထုပ်များစသည်တို့ကို ပေ ၄၀ container တွင် ထည့်သွင်းသယ်ယူသင့်သည်။ ထိုနည်းတူ သင့်ကုန်ပစ္စည်းသည် အပူ၊ အအေး၊ ရာသီဥတုဒဏ်ကို ခံနိုင်ရည်မရှိသည့် စားသောက်ကုန်ပစ္စည်းမျိုးဆိုပါက အပူ၊ အအေး အပူချိန်ကိုထိန်းညှိပေးနိုင်မည့် အအေးခန်းကုန်သေတ္တာမျိုးကို အသုံးပြုသင့်သည်။

(၂) Condition of the container
( ကုန်သေတ္တာ၏အခြေအနေကို စစ်ဆေးပါ)

သင့်ကုန်ပစ္စည်းများ ထည့်သွင်းသယ်ဆောင်မည့် ကုန်သေတ္တာ၏အနေအထားသည် သင့်ကုန်ပစ္စည်းများ လုံခြုံစိတ်ချစွာသယ်ယူပို့ဆောင်နိုင်ရေး၏ အခြေခံဖြစ်ပြီး အလွန်အရေးပါသည့်အချက်ဖြစ်သည်။ ပုံမှန်အားဖြင့် သက်ဆိုင်ရာသင်္ဘောလိုင်းမှ သန့်ရှင်း၊ ခြောက်သွေ့ပြီး ကုန်ပစ္စည်းထည့်သွင်း သယ်ဆောင်နိုင်လောက်သည့် ကုန်သေတ္တာများကို ပစ္စည်းတင်ပို့မည့်သူသို့ ထုတ်ပေးမြဲဖြစ်သည်။ သို့ရာတွင် ထုတ်ပေးသည့်ကုန်သေတ္တာသည် မိမိကုန်ပစ္စည်းနှင့် ဆီလျော်မှုရှိ၊ မရှိ စစ်ဆေးလက်ခံရန်မှာ ပစ္စည်းတင်ပို့မည့်သူ၏ တာဝန်ဖြစ်သည်။ သို့ဖြစ်၍ ကုန်သေတ္တာများကို စစ်ဆေးလက်ခံသည့်အခါ အောက်ပါအချက်များကို ယေဘူယျအားဖြင့် သတိပြုစစ်ဆေးလက်ခံပါ။

(၁) လက်ခံရရှိသည့်ကုန်သေတ္တာသည် သန့်ရှင်း၊ ခြောက်သွေ့ပြီးအနံ့အသက်ကင်းစင်ကာ အောက်ခံကြမ်းခင်းပြားပေါ်တွင် အစွန်းအကွက်များကင်းစင်နေရမည်။
(၂) ခေါင်မိုးတွင်အပေါက်များမရှိစေရပါ။
(၃) တံခါးများအံဝင်ခွင်ကျဖြစ်ပြီး လစ်ဟနေမှုမရှိစေရပါ။
(၄) တံခါးသော့တံများ အဖွင့်၊ အပိတ်ချောမွေ့နေစေရမည်။
(၅) ကြမ်းခင်းပြားများ အက်ကွဲ၊ ကျိုးပဲ့မှုမရှိစေရပါ။
(၆) အဓိကအားဖြင့် ပင်လယ်ပြင်အတွင်း သင်္ဘောမောင်းနှင်နေစဉ် မိုးဒဏ်၊ လေဒဏ်၊ လှိုင်းဒဏ်ကြောင့် ကုန်သေတ္တာများအတွင်း ရေစိမ့်မဝင်နိုင်စေမည့်အတားအဆီး seals များ ခံနိုင်မှုရှိ၊ မရှိနှင့် နေသားတကျရှိ၊ မရှိ စစ်ဆေးရန်ဖြစ်သည်။

(၃) Use the correct shipping line’s container
(မှန်ကန်သည့်သင်္ဘောလိုင်းမှ ကုန်သေတ္တာကိုအသုံးပြုပါ)

ကုန်သေတ္တာများသည် အသွင်သဏ္ဍာန်အရ အလွန်တူညီကြပြီး သင်္ဘောကုမ္မဏီအများအပြားသည် ဆင်တူယိုးမှားအတိုကောက်စာလုံးများကို အသုံးပြုကြလေ့ရှိပါသည်။ သို့်ဖြစ်၍ မလိုလားအပ်သော နှောင့်နှေးကြန့်ကြာမှုမဖြစ်စေရန် ကုန်သေတ္တာများထုတ်ယူစဉ်ကပင် မိမိပစ္စည်းတင်ပို့မည့် သင်္ဘောလိုင်းမှကုန်သေတ္တာကို ရွေးချယ်အသုံးပြုသင့်သည်။ အထူးသဖြင့် မိမိပို့ကုန်ပမာဏအရ ကုန်သေတ္တာအလုံး ၂၀၊ ၃၀ကို တစ်ပြိုင်နက်တင်ပို့သည့်အခါ မှားယွင်းသည့်ကုန်သေတ္တာကို အသုံးမပြုမိရန် ပို၍သတိပြုဆောင်ရွက်သင့်သည်။

(၄) Documentation
( အထောက်အထားစာရွက်စာတမ်းများ စုံလင်မှု ရှိ/မရှိ စစ်ဆေးပါ)

ကုန်ပစ္စည်းများ ပြည်ပတင်ပို့မှုတွင် အခြားအရေးပါသည့် သင်္ဘောတင်ပို့မှုလုပ်ငန်းစဉ်တစ်ရပ်မှာ လိုအပ်သည့်အထောက်အထားစာရွက်စာတမ်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးပင်ဖြစ်သည်။ သင့်ကုန်ပစ္စည်းများအားလုံးကို တစ်ခုမကျန်စာရင်းပြုစုပြီး အလေးချိန်၊ အတိုင်းအတာကို မှန်ကန်စွာရယူပါ။ မိမိပစ္စည်းတင်ပို့မည့် သင်္ဘောလိုင်းမှအသုံးပြုသည့် အလေးချိန်တိုင်းတာမှုစံနှုန်းအတိုင်း (ဥပမာ ကီလိုဂရမ်၊ ပေါင်စသည်) မှတ်သားပါ။ သင့်ကုန်ပစ္စည်းအမျိုးအစားပေါ်မူတည်၍ သီးခြားထောက်ခံချက်များ (ဥပမာ Dangerous goods declarations) လိုအပ်ပါက ရယူထားပါ။ ထို့ပြင်သင်္ဘောပေါ်မှ ကုန်ချသည့်အခါ မည်သည့်အထောက်အထားများ လိုအပ်မည်ကို ကြိုတင်စုံစမ်းဆောင်ရွက်ထားပါ (သို့မဟုတ်) ပစ္စည်းလက်ခံမည့်သူနှင့် ကြိုတင်ညှိနှိုင်းဆောင်ရွက်ထားပါ။

(၅) Properly pack your cargo
( သင့်ကုန်ပစ္စည်းကိုစနစ်တကျထည့်သွင်းပါ )

အထက်ဖော်ပြပါ အချက် ( ၄ )ချက်ကို သေချာပြည့်စုံစွာဆောင်ရွက်ပြီး စိတ်ကြေနပ်နှစ်သက်မှု ရရှိပြီဆိုသည့်တိုင် အဓိကအရေးကြီးဆုံး နောက်ဆုံးတစ်ဆင့်ကျန်ရှိနေဦးမည်ဖြစ်သည်။ အဆိုပါအချက်မှာ သင့်ကုန်ပစ္စည်းများကို ကုန်သေတ္တာအတွင်း စနစ်တကျထည့်သွင်း စီထပ်ရေးပင်ဖြစ်သည်။ သယ်ယူပို့ဆောင်စဉ်ကာလအတွင်း ကုန်ပစ္စည်းများပျက်စီးထိခိုက်ခံရမှုတွင် အဓိကအားဖြင့် ကုန်ပစ္စည်းများကို စနစ်တကျထည့်သွင်းမှု မရှိခြင်းပင်ဖြစ်သည်။ သို့်ဖြစ်၍ ကုန်ပစ္စည်းများကို သတ်မှတ်ထားသည့်နည်းလမ်းများနှင့်အညီ (လိုအပ်ပါက styrofoam ကဲ့သို့ကြားခံပစ္စည်းများအသုံးပြုလျက်) စနစ်တကျထည့်သွင်းရမည်ဖြစ်သည်။

#SuperLight #Logistics #Educating

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
my_MMMY