fbpx

မော်တော်ယာဉ်လောင်စာဆီ ထိရောက်စွာအသုံးပြုနိုင်ရေး နည်းလမ်း (၅) သွယ်

ကုန်ပစ္စည်း သယ်ယူပို့ဆောင်မှု ကုန်ကျစရိတ်များအနက် သိသာထင်ရှားဆုံး ကုန်ကျစရိတ်တစ်ရပ်မှာ မော်တော်ယာဉ်အုပ်စု၏ လောင်စာ (ဆီ/ဓာတ်ငွေ့) အသုံးစရိတ်ပင်ဖြစ်သည်။ မော်တော်ယာဉ် ငှားရမ်း / သုံးစွဲ သူများပြားလာလေ လောင်စာ (ဆီ/ဓာတ်ငွေ့) သုံးစွဲသူ /အသုံးစရိတ် မြင့်မားလေဖြစ်သည်။ သို့ဖြစ်၍ လောင်စာများကို ထိထိရောက်ရောက် အသုံးပြုနိုင်ရေးနှင့် အသုံးစရိတ် ချွေတာနိုင်ရေးကို သိသိသာသာ တိုးတက်လာစေမည့် လက်တွေ့နည်းလမ်း (၅)သွယ်ကိ ဖော်ပြလိုက်ပါသည်။

၁။ ကြိုတင်ကာကွယ်တားဆီးမှုဖြစ်သည့် ပြုပြင်ထိန်းသိမ်းမှု ဆောင်ရွက်ပါ
————————————-
ယာဉ်ကြံ့ခိုင်ရေး အခြေအနေမကောင်းသည့် မော်တော်ယာဉ်/ကုန်တင်ယာဉ်များမှာ လောင်စာပို၍ အသုံးပြု (ဆီစားများ) သည်မှာ အမှန်ပင်ဖြစ်သည်။ သို့ဖြစ်၍ ယာဉ်များ ကြံ့ခိုင်ရေး ကောင်းနေစေရန် ပုံမှန်ဆောင်ရွက်ရမည့် ပြုပြင်ထိန်းသိမ်းရေး အချိန်ဇယားတစ်ရပ်ကို စီစဉ်ရေးဆွဲထားရန် လိုအပ်မည်ဖြစ်သည်။
အဆိုပါ အချိန်ဇယားသည် သင့်မော်တော်ယာဉ် အုပ်စု၏ ကြံ့ခိုင်မှုကို ဖြစ်နိုင်သမျှ အကောင်းဆုံးအခြေအနေ ထိန်းသိမ်းထားရှိနိုင်ရန် အထောက်အကူပြုမည်ဖြစ်သည်။ မော်တော်ယာဉ်များအား သတ်မှတ် အချိန်ဇယားအတိုင်း ပုံမှန် ကြိုတင်ပြုပြင် ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်ခြင်း ၊ ပေါ်ပေါက်လာသည့် မည်သည့်ကိစ္စမဆို အလျင်အမြန် စစ်ဆေးပြုပြင်ခြင်းများ ဆောင်ရွက်ရန်ဖြစ်သည်။
ယာဉ်အုပ်စု၏ လောင်စာ ထိရောက်စွာ အသုံးပြုမှုကို တိုးမြှင့်ပေးနိုင်မည့် ကြိုတင်ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများတွင် လေစစ်ဇကာများ သန့်ရှင်းပေးခြင်း ၊ တာယာများ အလိုင်းမင်းချိန်ခြင်း ၊ အင်ဂျင်များ ပြန်လည်ချိန်ညှိခြင်း နှင့် ဆီစား သက်သာမည့် ဆီအမျိုးအစား အသုံးပြုခြင်း စသည်တို့ပါဝင်မည် ဖြစ်သည်။

၂။ ပိုမိုသင့်လျော်မည့် ခရီးလမ်းကြောင်းကို ရွေးချယ်ပါ
———————————
ကုန်ပစ္စည်း တင်ပို့သူများသည် ပစ္စည်းပေးပို့နေကျ လမ်းကြောင်းအတိုင်း အသုံးပြုသည့် အလေ့အကျင့်ရှိသည်ကိနု မကြာခဏ မြင်တွေ့နေကြရသည်။ လမ်းသစ်များဖွင့်လှစ်ပြီး သွားလိုသည့် နေရာသို့ ပိုမို မြန်ဆန်စွာ ရောက်ရှိနိုင်သည့်တိုင်အောင် လမ်းဟောင်းကို မစွန့်လွှတ်နိုင်ကြပေ။
သို့ဖြစ်၍ လက်တွေ့အနေအထားကို လေ့လာသုံးသပ်ကာ ပိုမိုသင့်လျော်မည့် ခရီးလမ်းကြောင်းများ ရွေးချယ် အသုံးပြုနေမှုကို အလေ့အထ တစ်ရပ်ဖြစ်လာစေရန် ကြိုးပမ်းသင့်သည်။ ယာဉ်ကြော ပိတ်ဆို့မှုကြောင့် ရပ်လိုက် သွားလိုကဖြစ်နေသည့် ယာဉ်စီးကြောထဲ ပိတ်မိကာ ယာဉ်မရွေ့ပဲ အင်ဂျင်နှိုးထားရသဖြင့် အလဟသ လောင်စာဆီများ ဆုံးရှုံးရမှု မဖြစ်စေရန် မီးပွိုင့်နှင့် ယာဉ်ကြောပိတ်ဆို့မှုများကို ရှောင်ကွင်းသွားလာနိုင်ရန်ကြိုးပမ်းပါ။

၃။ လောင်စာဆီ စီမံခန့်ခွဲမှု အစီအစဉ်တစ်ရပ်ရေးဆွဲပါ
——————————-
ကြိုတင်စီမံထားရှိမှုမရှိပဲနှင့် အဝေးပြေးခရီးစဉ်များတွင် ယာဉ်မောင်းများ လောင်စာဆီ ဖြည့်တင်းရေးအတွက် မည်ရွေ့မည်မျှ အသုံးပြုမည်ဆိုသည်ကို ထိန်းချုပ်ရန်မှာ လွယ်ကူမည် မဟုတ်ပါ။ သို့ဖြစ်၍ ငွေပေးချေကဒ်၏ အသုံးပြုမှု ပါဝင်သည့် လောင်စာ စီမံခန့်ခွဲမှု အစီအစဉ်တစ်ရပ်ကို ရေးဆွဲ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သည်။
လောင်စာ စီမံခန့်ခွဲမှု စနစ် (အစီအစဉ်)တွင် မည်သည့် အချက်များကို ခွင့်ပြု၍ မည်သည့်အချက်များကို ခွင့်မပြုဟူသော သတ်မှတ်ချက်များကို တိကျစွာ သတ်မှတ်ပေးထားခြင်းဖြင့် ယာဉ်မောင်းများ၏ လောင်စာဆီ ဝယ်ယူမှုများကို ကြီးကြပ်နိုင်ခြင်း ၊ လောင်စာဆီ ကျသင့်ငွေ တောင်းခံမှုများကို ကန့်သတ်ပေးနိုင်ခြင်း ၊ တရားမဝင် တောင်းခံမှုများကို ငြင်းပယ်နိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်မည် ဖြစ်သည်။

၄။ လောင်စာဆီ လက်ကျန် အစီရင်ခံစာများကို ပြန်လည်သုံးသပ်ပါ
————————————–
လောင်စာဆီ လက်ကျန် အစီရင်ခံစားများသည် ယာဉ်အုပ်စုရှိ ယာဉ်မောင်းအားလုံး၏ လောင်စာဝယ်ယူမှုကို ကြီးကြပ်ကွပ်ကဲနိုင်ရန် အထောက်အကူပြုနိုင်သည်။ အဆိုပါ အစီရင်ခံများကို တစ်ဂါလံ အသုံးပြုမောင်းနှင်သည့်မိုင်နှုန်း (mile per gallon lag) နှင့် နှိုင်းယှဉ်လေ့လာခြင်းဖြင့် သက်ဆိုင်ရာ ယာဉ်မောင်းသည် အမှန်တကယ် လိုအပ်သည့် အရေအတွက်ပမာဏအတိုင်း ဝယ်ယူမှု ရှိ ၊ မရှိ စီစစ် ဆုံးဖြတ်နိုင်မည်ဖြစ်သည်။
မသင်္ကာဖွယ်ရာ အချက်များကို သတိပြုမိပါက ယာဉ်မောင်းအနေဖြင့် မလျော်ကန်သည့် တစ်စုံတစ်ရာ ဆောင်ရွက်မှု ရှိ ၊ မရှိ သေချာစေရန် နှိုက်နှိုက်ချွတ်ချွတ် စုံစမ်းဖော်ထုတ် ဆောင်ရွက်ရမည်ဖြစ်သည်။

၅။ မှန်ကန်သည့် တာယာလေဖိအား ထိန်းသိမ်းထားရှိပါ
———————————–
ပုံမှန် လေဖိအားအောက် လျော့နည်းသည့် တာယာများသည် ပွန်းပဲ့မှုဒဏ်ကို ၁၅ ရာခိုင်နှုန်း ပိုမို ဖြစ်ပေါ်စေသကဲ့သို့ လောင်စာ သုံးစွဲမှုကိုလည်း ၁၀ ရာခိုင်နှုန်း ပိုမိုများပြားစေသည်။
တာယာလေဖိအားတိုင်း ကိရိယာများမှာ ချေးမများသည့် ပစ္စည်းများ ဖြစ်သော်လည်း လောင်စာဆီ ကုန်ကျစရိတ် လျော့နည်းသက်သာစေရေးနှင့် ပွန်းပဲ့မှုောကာင့် အသုံးပြုချိန်ကာလတိုတောင်းသည့် တာယာများအစား ပြန်လည် အစားထိုး ဝယ်ယူရမည့် တာယာဖိုး ကုန်ကျစရိတ်များ ချွေတာနိုင်ရေးတို့အတွက် များစွာ အထောက်အကူပြုပေးနိုင်သည်။ ယာဉ်မောင်းအနေဖြင့် ခရီးဝေးမောင်းနှင်နေစဉ်အတွင်း တာယာထုတ်လုပ်သူ၏ သတ်မှတ်ထားသည့် PSI (တစ် စတုရန်း လက်မတွင်ရှိရမည့် လေဖိအား ၊ power per sq inches) အတိုင်း ရှိနေစေရန် ပုံမှန် အချိန်ဇယားတစ်ရပ်ဖြင့် ဖိအားတိုင်းတာမှုကို ဆောင်ရွက်စေရမည်ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် လောင်စာဆီ ထိရောက်စွာ အသုံးပြုမှုကို အထောက်အကူပြုနိုင်သည်သာမက မလိုလားအပ်သော ယာဉ်အန္တရာယ် ဖြစ်ပွားလာနိုင်မှုကိုပါ တားဆီးကာကွယ်ပေးနိုင်မည် ဖြစ်သည်။
အချုပ်အားဖြင့် အထက်တွင်ဖော်ပြခဲ့သည့် နည်းလမ်း (၅)ရပ်ကို စဉ်ဆက်မပြတ် ဂရုပြုဆောင်ရွက်ခြင်းဖြင့် သင့်တော်သော် ယာဉ်အုပ်စု၏ လောင်စာဆီ ထိရောက်စွာ အသုံးပြုမှုကို ပိုမိုတိုးတက်လာစေနိုင်မည်ဖြစ်သည်။

 

#SuperLight #Logistics #Knowledge

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
my_MMMY