fbpx

မိုးရာသီတွင် ယာဉ်မောင်းနှင်သည့်အခါ ဘေးအန္တရာယ် ကင်းရှင်းအောင် မည်သို့ဆောင်ရွက်မည်နည်း

မိုးရာသီတွင် ယာဉ်မောင်းနှင်သည့်အခါ မိုးရေကြောင့် ယာဉ်ပေါ်ရှိ ကုန်ပစ္စည်းစိုစွတ်ခြင်း ၊ ယာဉ်မောင်းနှင်မှုကို မသက်မသာဖြစ်စေခြင်း ၊ ရှေ့မြင်ကွင်း မသဲမကွဲဖြစ်စေခြင်း စသည့် မလိုလားအပ်သော အခြေအနေများမှသည် ယာဉ်နှင့် စက်ပစ္စည်း အစိတ်အပိုင်းများ ထိခိုက်ပျက်စီးခြင်း ၊ ယာဉ်မတော်တဆ အန္တရာယ် ကြုံတွေ့ခြင်း စသည့် ဘေးအန္တရာယ် ဖြစ်စေနိုင်သည့် ကိစ္စရပ်များအထိ ကြုံတွေ့ရနိုင်ပေသည်။
သို့ဖြစ်၍ အဆိုပါ ယာဉ်အန္တရာယ်ဖြစ်ပွားစေမည့် ကိစ္စရပ်များအား ကျော်လွှားနိုင်စေရေးအတွက် ယာဉ်မောင်းများ သတိပြုသင့်သည့် အချက်အချို့ကို ဖော်ပြလိုက်ပါသည်။

၁။ မိုးရေကာဖျင်များကို ကြိုတင်စစ်ဆေးပါ

————————————————–
မိုးရာသီတွင် ယာဉ်မောင်းနှင်သည့်အခါ ယာဉ်ပေါ်ရှိ ကုန်ပစ္စည်းများ စိုစွတ်မှုမှ ကာကွယ်တားဆီးရေးသည် အဓိကအရေးကြီးသည့် ပြသနာတစ်ရပ်ဖြစ်သည်။ သို့ဖြစ်၍ မိုးရာသီ မရောက်မီကပင် ကုန်တင်ယာဉ်၏ ပြင်ပ အကာအကွယ် မိုးရေကာဖျင် (တာပေါ်လင်)များကို သေချာစွာ စစ်ဆေးပါ။ အပေါက်အပြဲများ တွေ့ရှိပါက ချက်ချင်းဖာထေးပြုပြင်ပါ။ ကုန်တင်ယာဉ် အများစုတွင် တွေ့လေ့တွေ့ထရှိသည့် ကိစ္စတစ်ရပ်မှာ ယာဉ်ောင်းခန်းအတွင်း ရေစိမ့်မဝင်အောင် ဆောင်ရွက်ထားမှု အားနည်းချက်ပင် ဖြစ်သည်။.
မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ကြုံတွေ့ရသည့်အခါ ကားခေါင်းပိုင်းအတွင်း မိုးရေစိမ့်ဝင်လာမှု ကြုံတွေ့ရတတ်သည်။ သို့ဖြစ်ရာ မိုးရေကြောင့် ယာဉ်မောင်းနှင်မှု အနှောင့်အယှက် မဖြစ်စေရေး ၊ စိတ်ကသိကအောက် မဖြစ်စေရေးအတွက် ရော်ဘာ strip ကဲ့သို့ မိုးရေ စိမ့်မဝင်နိုင်သည့် ပစ္စည်းများ အသုံးပြုကာ တံခါးများ လုံခြုံအောင် ဆောင်ရွက်ထားသင့်သည်။

၂။ ရေသုတ်တံကို အချိန်မီ လဲလှယ်ပါ

———————————————

ကားမှန်ရေသုတ်တံရှိ ရော်ဘာတုံးကို အနည်းဆုံး တစ်နှစ်တစ်ကြိမ် လဲလှယ်ပေးခြင်းသည်လည်း မိုးရာသီကာလအတွင်း ယာဉ်မောင်းနှင်စဉ် ရှေ့မြင်ကွင်း ကောင်းမွန်နေစေမှုကို များစွာ အထောက်အကူဖြစ်စေသည်။ သက်တမ်းကြာမြင့်သည့် ရေသုတ်တံရှိ ရာဘာတုံးသည် မညီမညာ တွန့်လိမ်လျက် ကားမှန်နှင့် တစ်သားတည်း ထိကပ်မနေပဲ လွတ်သည့်နေရာ လွတ်နေနိုင်သဖြင့် ကားမှန်ပေါ်မှ မိုးရေစက်များကို စင်ကြယ်အောင် ဖယ်ရှားနိုင်မည်မဟုတ်ပေ။ သို့ဖြစ်ရာ မိုးရေကြောင့် အမြင်မကြည်လင် မှုန်ဝါးမှုကို ဖြစ်စေကာ ယာဉ်အန္တရာယ် ဖြစ်ပွားမှုကို မြင့်တက်လာစေနိုင်သည်။ ထို့ပြင် ညပိုင်းတွင် အခြားကားများ၏ မီးရောင်နှင့် အလင်းပြန်မှုကို ဖြစ်စေကာ ယာဉ်အန္တရာယ် ပိုမို ကြီးမားစေနိုင်သဖြင့် ရေသုတ်တံနှင့် ရေသုတ်တံမှ ရော်ဘာတုံးကို အချိန်မီ အစားထိုးလဲလှယ်ဆောင်ရွက်သင့်သည်။

၃။ ရေလွှမ်းသည့် ကားလမ်းများပေါ်တွင် မောင်းနှင်ရာတွင် သတိပြုမောင်းနှင်ပါ

————————————————————————————-
ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ရေထဲမှ ဖြတ်သန်းမောင်းနှင်ခြင်းထက် ဖြစ်နိုင်လျှင် ရေကို ရှောင်ရှားမောင်းနှင်ပါ။ အကယ်၍ ရေဖုံးလွှမ်းနေသည့် လမ်းပေါ်မှ မလွှဲမရှောင်သာ မောင်းနှင်ရမည်ဆိုပါက အရှိန်လျှော့ရန် ရုတ်တရက် ဘရိတ်နင်းခြင်းမျိုး ရှောင်ရှားပါ။
သာမန် ကုန်တင်ယာဉ်မောင်းအများစု၏ ပြသနာမှာ ဘရိတ် ရုတ်တရက်အသုံးပြုမှုပင်ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ခြင်းမှာ အလွန် အန္တရာယ်များပြားပြီး မတော်တဆ ယာဉ်တိုက်မှုကို ဖြစ်စေနိုင်သည်။
ယာဉ်မောင်းများအနေဖြင့် မိမိယာဉ်အမျိုးအစားပေါ် မူတည်၍ မည်သည့် ရေအနက်အထိ မောင်းနှင်နိုင်သည်ကို ကြိုတင်သိရှိထားရန်နှင့် ထိုသို့ မောင်းနှင်နိုင်ရေးအတွက် ယာဉ်ကြံ့ခိုင်မှုရှိစေရန် ကြိုတင်ပြင်ဆင်ထားသင့်သည်။ ထို့ပြင် ရေလွှမ်းနေသည့် လမ်းများပေါ်တွင် မောင်းနှင်သည့်အခါ လမ်းဘေး / လူသွားစင်္ကြ ံပေါ်မှ ဖြတ်သန်း သွားလာသူများနှင့် အခြားယာဉ်များကိုရေမစင်စေရန် အရှိန်ကိုလျှော့၍ မောင်းနှင်ပါ။

၄။ အခိုင်အမာ အရာများကို အမှတ်အသားပြုပါ

—————————————————
ရေလွှမ်းနေသည့် လမ်းကြောင်း၏ မြင်ကွင်းမှာ ရေကြောင့် အလွယ်တကူ ထင်ယောင်ထင်မှား ဖြစ်စေနိုင်သည်။ ရေမျက်နှာပြင်ပေါ်သို့ ဂရုပြု ကြည့်ရှုမောင်းနှင်ခြင်းက အမြင်ကို ဝေဝါးသွားစေနိုင်ပြီး လမ်းချော်မှု ၊ လမ်းကြောင်းလွဲမှုများကို ဖြစ်ပွားစေနိုင်သည်။ သို့ဖြစ်၍ ကုန်တင်ယာဉ်မောင်းများအနေဖြင့် အခိုင်အမာ အရာဝတ္ထု (သစ်ပင် ၊ အဆောက်အဦး စသည် )ကို ဦးတည်ချက်အဖြစ် သတ်မှတ်မောင်းနှင်နိုင်ရန် သတိပြုဆောင်ရွက်သင့်သည်။

၅။ လုံလောက်သည့်စွမ်းအင် (အင်ဂျင်ပါဝါ) ကို ထိန်းထားပါ

——————————————————————
ရေဖုံးလွှမ်းနေသည့် လမ်းကြောင်းကို ဖြတ်သန်းခြင်းမပြုမီကပင် ကုန်တင်ယာဉ်မောင်းအနေဖြင့် သင့်လျော်မည့် ဂီယာကို ရွေးချယ်သတ်မှတ်ထားသင့်သည်။
ရေထဲတွင် ဖြတ်သန်းမောင်းနှင်သည့်အခါ ရေအနက် ၊ အနိမ့်အမြင့်ပေါ်မူတည်၍ ဂီယာပြောင်းလဲခြင်း မပြုပဲ စတင်မောင်းနှင်သည့်အတိုင်း အင်ဂျင်ပါဝါကို တသမတ်တည်းထားရှိ မောင်းနှင်သင့်ပါသည်။
သို့မှသာ ရေထဲမောင်းနှင်စဉ် မည်သည့်အကြောင်းကြောင့် ဖြစ်စေ အင်ဂျင်ကို မရပ်တန့်သွားအောင် ထိန်းထားနိုင်မည် ဖြစ်သည်။

၆။ အမှိုက်သရိုက်များကို ရှင်းလင်းပါ

———————————————
ရေထဲမှ ဖြတ်သန်းမောင်းနှင်လာသောအခါ မော်တော်ယာဉ်၏ အစိတ်အပိုင်းအားလုံးတွင် အမှိုက်သရိုက်နှင့် အခြား အရာဝတ္ထုများ ကပ်ညိနေမည်ဖြစ်သည်။ အဆိုပါ အမှိုက်သရိုက်များ ပိတ်ဆို့မှုကြောင့် အင်ဂျင်အပူချိန် အလွန်အမင်း မြင့်တက်မလာစေရေးနှင့် မော်တော်ယာဉ် အစိတ်အပိုင်းနှင့် အခြားတပ်ဆင်ထားသော ပစ္စည်းများ ပျက်စီးထိခိုက်မှု မဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်မှုအဖြစ် ကပ်ညိနေသည့် အမှိုက်သရိုက်များကို ဖယ်ရှားရှင်းလင်းသင့်သည်။
ထို့ပြင် ရေစပ်မှ ဖြတ်သန်းပြီးနောက် ဘရိတ်မှာ ယာယီအားဖြင့် အားနည်းနေမည်ဖြစ်ရာ လိုအပ်သလို စစ်ဆေးမှုများကို ဆောင်ရွက်ပါ။ ဘရိတ်စည်အတွင်း စိုထိုင်းမှု မဖြစ်စေရန် ၊ရေငွေ့ပျံစေရန် ဆောင်ရွက်ပါ။
ထိုနည်းတူ မော်တော်ယာဉ် ဘရိတ်များကို ဘေးအန္တရာယ် လုံခြုံစိတ်ချရသည့် ခရီးအကွာအဝေးမောင်းနှင်ပြီးတိုင်း ပြန်လည် စစ်ဆေးပြုပြင်သည့် အလေ့အကျင့်ကို ကျင့်သုံးပါ။

၇။ လမ်းပိတ်မိ မနေစေရန် လမ်းကိုရွေးချယ်အသုံးပြုပါ

————————————————————-

မိုးရေကြောင့် မြေဆီလွှာ တိုက်စားခံရမှုသည် လမ်းများ၏ လမ်းခင်းအောက်ခံ တင်းမာမှုကို လျော့ကျစေသည်။ အဆိုပါ အခြေအနေသည် ကုန်တင်ယာဉ်ကို ဘီးကျွံမှုမျိုး ဖြစ်စေနိုင်သဖြင့် မိုးရာသီကာလ ယာဉ်မောင်းနှင်သည့်အခါ အကျွမ်းတဝင် မရှိသေးသည့် လမ်းကြောင်းများတွင် လမ်းကို ဂရုပြု မောင်းနှင်ပါ။
လမ်းအခြေအနေ ကောင်းမကောင်း ဆန်းစစ်ပြီး လမ်းမကောင်းပါက ဖြစ်နိုင်လျှင် လမ်းအလယ်မှ သွားနိုင်အောင်ကြိုးပမ်းပါ။

၈။ အရှိန်ကို အလွန်မြန်စွာ မမောင်းနှင်ပါနှင့်

—————————————————-
မိုးရာသီကာလ အထူးသဖြင့် မိုးရွာသွန်းနေချိန်တွင် ယာဉ်မောင်းနှင့်သည့်အခါ ယာဉ်ရှေ့မြင်ကွင်းသည် မသဲမကွဲ ဖြစ်စေနိုင်သည့်အပြင် မိုးရေကြောင့် လမ်းချော်မှုကိုလည်း ဖြစ်စေနိုင်သည်။ သို့ဖြစ်၍ လမ်းကြောင်းကို ရှင်းလင်းစွာ မြင်တွေ့နိုင်ရန် မိမိယာဉ်ရှေ့မှ ယာဉ်နှင့် မိမိယာဉ်အကြား အကွာအဝေးကို ဘေးအန္တရာယ် ကင်းရှင်းသည့် အတိုင်းအတာအထိ ခွာလျက်မောင်းနှင်ရန် နှင့် ကျော်တက်ခြင်းမျိုးမပြုလုပ်ရန် သတိပြုသင့်သည်။ မိုးရွာသွန်းနေစဉ် ယာဉ်မောင်းသည့်အခါ အဓိက အရေးကြီးဆုံးအချက်မှာ လမ်းအခြေအနေကို လေ့လာအကဲခတ်ပြီး ဖြေးဖြေးမှန်မှန် မောင်းနှင်ခြင်းသည် ယာဉ်အန္တရာယ်ကင်းရှင်းသော စိတ်ချလုံခြုံသော ယာဉ်မောင်းနှင်ခြင်းပင်ဖြစ်သည်။

#SuperLight #Logistics #Knowledge #Rainy_Season

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
my_MMMY