fbpx

သိုလှောင်ရုံတစ်ရုံအား သန့်ရှင်းရေးနှင့် ပိုးမွှားကင်းစင်ရေး ဆောင်ရွက်ရာတွင် အဓိကသော့ချက် (၅)ချက်

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားပေါ်ပေါက်မှုသည် လုပ်ငန်းကဏ္ဍ အများအပြားကို အခြေခံအားဖြင့် ပြောင်းလဲသွားစေခဲ့ပြီး အဆိုပါ ပြောင်းလဲမှုမှာ ကာလတိုတောင်းသည်ဖြစ်စေ ၊ ကာလရှည်လျားသည်ဖြစ်စေ လက်ရှိလုပ်ငန်းဆောင်ရွက်မှု အလေ့အထများကို ဖြစ်ပေါ်နေသည့် အခြေအနေနှင့် လိုက်လျောညီထွေဖြစ်စေရန် ပြုပြင်ပြောင်းလဲမှု အချို့ပြုလုပ်ရန် လိုအပ်မည်ဖြစ်သည်။
အဆိုပါ ပြုပြင်ညှိနှိုင်းရမည့် ကိစ္စရပ်များတွင် မလွဲမသွေ မုချပါဝင်မည့် အချက်တစ်ရပ်မှာ သိုလှောင်ရုံတစ်ခွင် တစ်ပြင်လုံးသန့်ရှင်းရေး ၊ ပိုးမွှားကင်းစင်ရေးအတွက် လုံ့လစိုက်ထုတ် ကြိုးပမ်းဆောင်ရွက်ရမည့် အချက်ပင်ဖြစ်သည်။ ရောဂါကူးစက်မှု အန္တရာယ်မှာ အမှန်တကယ် ဖြစ်ပွားနေသည့်အားလျော်စွာ လုပ်ငန်းအဖွဲ့အစည်းများအနေဖြင့် ရောဂါပိုးမွှား ပျံ့ပွားမှုကို မိမိတို့ တတ်စွမ်းနိုင်သမျှကာကွယ်တားဆီး ဆောင်ရွက်ကြရန် တာဝန်ရှိနေပေသည်။ သို့ဖြစ်၍ ရောဂါပိုးမွှား ကင်းစင်ရေးဆောင်ရွက်ရာတွင် အထေက်အကူပြုနိုင်မည့် သိရှိထားသင့်သော အချက်အချို့ကို ဖော်ပြလိုက်ပါသည်။

၁။ အသွားအလာ (သွားလာမှု) အများဆုံးဧရိယာများနှင့် မျက်နှာပြင်များမှ စတင်ပါ

————————————————-
ရောဂါပျံ့ပွားမှု ထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဌာနများ၏ လမ်းညွှန်ချက်များနှင့်အညီ သင့် သိုလှောင်ရုံအတွင်း လူသွားလူလာ အများဆုံးနေရာများနှင့် ထိတွေ့ကိုင်တွယ်မှု အများဆုံး အရာများသည် သန့်ရှင်းရေးနှင့် ပိုးမွှားကင်းစင်ရေး (ပိုးသတ်မှု) အထူး ဂရုပြုဆောင်ရွက်ရမည့် နေရာများဖြစ်သည်။
အဆိုပါ အထူးဂရုပြုဆောင်ရွက်ရမည့် နေရာများတွင် ဥပမာအားဖြင့် ကုန်တင် ၊ ကုန်ချနေရာ (သို့) အလုပ်သမား နားနေခန်းတို့ ပါဝင်မည်ဖြစ်သည်။ ထို့ပြင် ထိတွေ့ကိုင်တွယ်မှု အများဆုံးရှိသည့် တံခါးလက်ကိုင်ဘုများ ၊ ပြူတင်းပေါက်နှင့် တံခါးပေါက် လက်ကိုင်များ ၊မီးခလုတ် ၊ ပန်ကာခလုတ်များ ၊ ကိရိယာတန်ဆာပလာများနှင့် အခြားသော ထိတွေ့မှုရှိသည့် ပစ္စည်းများကိုလည်း ဂရုပြုဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သည်။
သိုလှောင်ရုံအတွင်း သန့်ရှင်းရေးနှင့် ပိုးမွှားကင်းစင်ရေး (ပိုးသတ်မှု) ဆောင်ရွက်ရာတွင် အထက်ပါ လူသွားလာမှု အများဆုံး ဧရိယာများနှင့် ထိတွေ့ကိုင်တွယ်မှု အများဆုံးပစ္စည်းများအား အခြားနေရာ ၊ပစ္စည်းများထက် နှစ်ဆတိုး၍ အလေးထားဆောင်ရွက်သွားရမည်ဖြစ်သည်။

၂။ ပိုးသတ်ဆေး (ပုလင်း ၊ ဗူးခွံ) များပေါ်မှ ညွှန်ကြားချက်များကို တိကျစွာလိုက်နာပါ

————————————————
သန့်ရှင်းရေး ဝန်ထမ်းများအနေဖြင့် တာဝန်ပေးထားသည့် ဧရိယာများ (သို့) မျက်နှာပြင်များကို ပိုးမွှားသနု့်စင်အောင် စနစ်တကျ နည်းလမ်းမှန်ကန်စွာ ဆောင်ရွက်နိုင်ရန် မသေချာပေ။ ပိုးမွှားသန့်စင်ဆေး (ပိုးသတ်ဆေး) အများအပြားတွင် ရောဂါပိုးမွှား သုတ်သင်ရှင်းလင်းရာတွင် ၎င်းတို့၏ အာနိသင် ( ထိရောက်မှု အရည်အသွေး) ကို အဆုံးစွန်ဆုံး မြှင့်တင်ပေးနိုင်မည့် ညွှန်ကြားချက်များကို တိတိကျကျ ဖော်ပြထားလေ့ရှိသည်။
သို့ဖြစ်၍ အဆိုပါ သတ်မှတ်ချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ခြင်းဖြင့် ပိုးသတ်ဆေး၏ အာနိသင်ကို ထိထိရောက်ရောက် အသုံးချသွားနိုင်မည်ဖြစ်သည်။ အကယ်၍ သင့်အနေဖြင့် ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ခြင်းမပြုပါက အဆိုပါ ပိုးသတ်ဆေးများအတွက် ကုန်ကျခံရသည့်ငွေနှင့် ထိုက်တန်သည့် တန်ဖိုး ပြန်လည်ရရှိနိုင်မည် မဟုတ်သည့်အပြင် covid 19 တိုက်ဖျက်ရေးအတွက် သင် ဆောင်ရွက်ရသည့် တာဝန်ကို ပေ့ါလျော့ပျက်ကွက်ခြင်းပင်ဖြစ်သည်။

၃။ အဆင့် ၂ဆင့် ဆောင်ရွက်ရမည်ကို သတိရပါ

——————————————–

သင့်အနေဖြင့် သန့်ရှင်းရေးနှင့် ပိုးမွှားကင်းစင်ရေး အတွက် တတ်စွမ်းသမျှ လုံ့လစိုက်ထုတ် ကြိုးပမ်းရာတွင် သတိပြုရမည့် အချက်တစ်ရပ်မှာ အပြင်းစားပိုးမွှား သန့်စင်ဆေးများကို အသုံးမပြုမီ မျက်နှာပြင် အားလုံးကို အဝတ်ရေစို (သို့) ရေစိုတဘက် (သို့) ရေဆွတ်ထားသော ဖော့တုံးစသည်တို့နှင့် ထိထိရောက်ရောက် ပွတ်တိုက်ဆေးကြောရန်ဖြစ်သည်။
ပိုးမွှားသန့်စင်ဆေး (ပိုးသတ်ဆေး)များသည် ရေစိုအဝတ် (သို့) ဆပ်ပြာ (သို့) ရေဖြင့် ဆေးကြောပွတ်တိုက်ထားသော မျက်နှာပြင်များတွင် အသုံးပြုသည့်အခါ ပိုမိုထိရောက်ကြောင်း တွေ့ကြရသည်။ သို့ဖြစ်၍ သင်ဆောင်ရွက်သည့် သန့်ရှင်းရေးနှင့် ပိုးမွှားကင်းစင်ရေး အားထုတ်မှုများတွင် အနည်းငယ်မျှ ပိုမိုအားထည့်ဆောင်ရွက်ခြင်းဖြင့် တစ်နည်းအားဖြင့် လုပ်ငန်းအဆင့်တစ်ဆင့် ထပ်ဆောင်း ပေါင်းထည့်ခြင်းဖြင့် ပိုမို ထိရောက်သည့် အကျိုးအမြတ်ကို ရယူလိုက်ရန်ဖြစ်သည်။

၄။ တစ်ကိုယ်ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးအလေ့အထများကို သင့်ဝန်ထမ်းများအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျင့်သုံးနေကြောင်း သေချာပါစေ

———————————————————————-

သင်၏ ဝန်ထမ်းများအတွင်း သနု့်ရှင်းရေးဆို်င်ရာ အလေ့အထကောင်းများကို လိုက်နာကျင့်သုံးရေးတစ်ခုတည်းသာမက ၎င်းတို့ကိုယ်တိုင် သန့်ရှင်းရေးသမားများ ဖြစ်လာရန် အားပေးတိုက်တွန်းမှုသည်လည်း အရေးပါသည့် အချက်ဖြစ်သည်။
နားနေခန်းနှင့် လုပ်ငန်းခွင်အတွင်း ရှုပ်ပွနေသည့် အမှိုက်သရိုက်နှင့် ပစ္စည်းများကို ၎င်းတို့ကိုယ်တိုင် ကောက်ယူရေးနှင့် သိမ်းဆည်းနေရာထားရေးသာမက နှာချေ၊ ချောင်းဆိုးလျှင် တံတောင်ဖြင့် ကွယ်၍ ပြုလုပ်ခြင်း ၊ လက်များကို မကြာခဏ ဆေးကြောခြင်း ၊ ရောဂါပိုးမွှား ကာကွယ်ရေး ပစ္စည်းများကို ဝတ်ဆင်အသုံးပြုခြင်းစသည့် ကိုဗစ်အရေးအခင်း ကာလအတွင်း လိုက်နာဆောင်ရွက်ရမည့် အခြေခံ တစ်ကိုယ်ရည်နှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး လိုအပ်ချက်များကိုလည်း လိုက်နာ ကျင့်သုံးစေရမည်ဖြစ်သည်။
ထိုသို့သော အလေးထားဆောင်ရွက်မှုမျိုးသည် ရောဂါကူးစက်မှု အန္တရာယ်လျော့ကျစေရေး ကြိုးစားအားထုတ်မှုအတွက် ရေရှည်ကာလတွင် အောင်မြင်မှုများ ရရှိရန် များစွာ အထောက်အကူပြုသွားနိုင်မည်ဖြစ်သည်။

၅။ စေ့စပ်နိုင်သမျှ စေ့စေ့စပ်စပ်ရှိပါစေ

—————————-

ယခုအခါ ကုမ္ပဏီအများအပြားသည် ၎င်းတို့၏ နေ့စဉ်သန့်ရှင်းရေး ဆောင်ရွက်ချက်များတွင် ထပ်ဆောင်းအားထုတ်မှုများကို တိုးချဲ့လုပ်ဆောင်လျက်ရှိကြသည်။ အဆိုပါ ဆောင်ရွက်ချက်များမှာ မှန်ကန်ကောင်းမွန်သည့် လုပ်ရပ်ပင်ဖြစ်သည်။ သို့ရာတွင် ၎င်းတို့အနေဖြင့် သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအလိုက် ထူးခြားသော ဘေးအန္တရာယ်ဆိုင်ရာ အခြေခံ အကြောင်းအရင်းများနှင့် ဂရုပြုအလေးထားသင့်သည့် ဧရိယာများအပေါ် သုံးသပ်အကဲဖြတ်ချက်တစ်ရပ်ကို စေ့စပ်သေချာစွာ ဆောင်ရွက်ရန်လည်း လိုအပ်မည်ဖြစ်သည်။
ထိုသို့ သုံးသပ် အကဲဖြတ်မှုဖော်ဆောင်ခြင်းဖြင့် ပိုမို အလေးထားဆောင်ရွက်သင့်သည့် နေရာများနှင့် အကြောင်းအရင်းများကို တိတိကျကျ သိရှိနိုင်ပြီး လုပ်ငန်းဆောင်ရွက်ချက်များကို အထိရောက်ဆုံး ဆာင်ရွက်သွားနိုင်မည် ဖြစ်ပေသည်။

 

#SuperLight #Logistics #Knowledge #Warhousing

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
my_MMMY