fbpx

အီလက်ထရွန်နစ် ကုန်သွယ်ရေးအတွက် ရွေးချယ်စရာ သိုလှောင်ရုံအမျိုးအစား (၈)မျိုး – အပိုင်း (၂) (8 Types of Warehouse for e-commerce)

အီလက်ထရွန်နစ် ကုန်သွယ်ရေးအတွက် ရွေးချယ်စရာ သိုလှောင်ရုံအမျိုးအစား (၈)မျိုး အကြောင်းကို ယခင်တစ်ပတ်ဆောင်းပါးတွင် ရှင်းလင်းရေးသား ဖော်ပြထားခဲ့ပြီး ဖြစ်ပါသည်။ ယခုတစ်ခေါက်တွင်တော့ ထိုအမျိုးအစား (၈)မျိုးနက်မှ Public Warehouse အကြောင်းအား ဆက်လက်ရှင်းလင်းရေးသားပေးသွားပါမည်။

အများဆိုင်သိုလှောင်ရုံ (Public Warehouse) ဆိုသည်မှာ ကုမ္ပဏီများအား တစ်လချင်း အခြေခံစနစ်ဖြင့် ကာလတို (သို့) ကလာရှည် ကုန်ပစ္စည်းထားသိုရန် နေရာငှားရမ်းသည့် စီးပွားရေးလုပ်ငန်းတစ်ရပ်ဖြစ်သည်။ အများဆိုင် သိုလှောင်ရုံ ငှားရမ်းခသည် ကုန်ပစ္စည်းများ ထားသိုခနှင့် သိုလှောင်ရုံအတွင်း ကုန်ပစ္စည်းအသွင်း၊အထုတ် ဆောင်ရွက်ခများ ပေါင်းစပ်ထားမှု ဖြစ်နိုင်သည်။ အများဆိုင် သိုလှောင်ရုံအနေဖြင့် ကုန်ပစ္စည်းတင် အခင်းပြား (Pallet) တစ်ခုလျှင် မည်ရွေ့မည်မျှ (သို့) တစ်စတုရန်းပေလျှင် မည်ရွေ့မည်မျှ စသည်ဖြင့် သက်ဆိုင်ရာ ကုမ္ပဏီမှ သတ်မှတ်ထားသည့်အတိုင်း ကျသင့်ငွေကောက်ခံနိုင်သည်။
အများဆိုင်သိုလှောင်ရုံ (Public Warehouse) များသည် ကုန်ပစ္စည်းများ ထားသိုနိုင်ရန် အဆောက်အအုံ တစ်ခုမျှသာမဟုတ် ကုန်ပစ္စည်းစာရင်း စီမံခန့်ခွဲခြင်း ၊ ကုန်ပစ္စည်းများ လက်တွေ့ရေတွက်စာရင်းကောက်ယူခြင်း နှင့် သင်္ဘောတင်ပို့မှုလုပ်ငန်းများကိုပါ ဆောင်ရွက်ပေးနိုင်သည်။
သိုလှောင်ရုံအနေဖြင့် ၎င်း၏ ဖောက်သည်များအား ကုန်ပစ္စည်းများ သိုလှောင်ထားရှိခ (အသုံးပြုသည့် သိုလှောင်ရုံအတိုင်းအတာ ပမာဏ)နှင့် ဖောက်သည်မှ အသုံးပြုလိုသည့် ဝန်ဆောင်မှုများအတွက် နှုန်းထားတစ်ရပ်ရပ် သတ်မှတ်ကောက်ခံမည်ဖြစ်သည်။
အများဆိုင် သိုလှောင်ရုံများကို ငှားရမ်းအသုံးပြုသည့် ကုမ္ပဏီအနေဖြင့် သိုလှောင်ရုံ ဝန်ထမ်းခန့်အပ်ရန် မလိုသကဲ့သို့ မည်သည့် ကုန်ပစ္စည်းစာရင်းဆိုင်ရာ software (သို့) သိုလှောင်ရုံသုံး ပစ္စည်းကိရိယာများအတွက် ရင်းနှီးမြှုပ်နှံရန် လိုအပ်မည်မဟုတ်ပေ။ သိုလှောင်ရုံ ပိုင်ဆိုင်သူ (သို့) အဖွဲ့အစည်းမှ အဆိုပါ ကုန်ကျစရိတ်များအားလုံးကို တာဝန်ယူကျခံသွားမည်ဖြစ်ပြီး အဆိုပါ စရိတ်ကို ဖောက်သည်များအပေါ် ကောက်ခံသည့် နှုန်းထားတွင်ပေါင်းထည့်လျက် အချိုးကျပြန်လည်ရယူသွားမည်ဖြစ်သည်။
အများဆိုင် သိုလှောင်ရုံပိုင်ဆိုင်ပြီး ဖွင့်လှစ်ဆောင်ရွက်နေသည့် ကုမ္ပဏီများသည် အခြား သိုလှောင်ရုံများနှင့် ယှဉ်ပြိုင်နိုင်ရန် ခေတ်မီနည်းပညာနှင့် ပစ္စည်းကိရိယာများ တပ်ဆင်ရာတွင် သိသိသာသာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ကြလျက်ရှိသည်။ အများဆိုင် သိုလှောင်ရုံများသည် ကုန်ပစ္စည်းရွေးထုတ်ခြင်း ၊ ထုတ်ပိုးခြင်း ၊ ကုန်ပစ္စည်းစာရင်းထိန်းသိမ်းမှု software နှင့် လုပ်သားအင်အားစသည့် လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။

အများဆိုင်သိုလှောင်ရုံတစ်ခုရွေးချယ်ရေးအတွက် “ စံ ” သတ်မှတ်ချက်များ
(Criteria for choosing a Public Warehouse)
————————————-
အများဆိုင် သိုလှောင်ရုံ (Public Warehouse) တည်ထောင်သူများအကြား မြင့်တက်နေသည့် ပြိုင်ဆိုင်မှုများအရ မည်သည့် သိုလှောင်ရုံသည် မိမိလုပ်ငန်း လိုအပ်ချက်နှင့် အကိုက်ညီဆုံးဖြစ်မည်ဆိုသည်ကို စီစစ်ခွဲခြား ရွေးချယ်နိုင်ရေးအတွက် ဖြစ်နိုင်ဖွယ် သိုလှောင်ရုံတိုင်း၏ စွမ်းဆောင်နိုင်မှုများအပေါ် သုံးသပ် ဆုံးဖြတ်သင့်သည်။
အများဆိုင် သိုလှောင်ရုံတစ်ခု ရွေးချယ်သည့်အခါ ထည့်သွင်း စဉ်းစားသင့်သည့် အကြောင်းအရာ အမြောက်အမြား ရှိနေမည်ဖြစ်သည်။ သို့ရာတွင် သိုလှောင်ရုံ နေရာများ နှိုင်းယှဉ်ရွေးချယ်သည့်အခါ အများစု အသုံးပြုကြလေ့ရှိသည့် အောက်ဖော်ပြပါ “စံ” သတ်မှတ်ချက်များ ထားရှိသင့်သည်။

– ပထဝီဝင် တည်နေရာအနေအထား (Geography)
– နည်းပညာ (Technology)
– တိုးချဲ့ခြင်း ( Expansion)
– ကုမ္ပဏီကွန်ရက် (Company Network)
– ပြုပြင်ပြောင်းလဲလွယ်မှု (Flexibility)
ပထဝီဝင်တည်နေရာအနေအထား (Geography)
———————–
အများဆိုင် သိုလှောင်ရုံတစ်ခု၏ တည်နေရာသည် အချို့သောသူများအတွက် အရေးပါနိုင်သည်။ သက်ဆိုင်ရာ ကုမ္ပဏီ၏ သိုလှောင်ရုံနှင့် အများဆိုင် သိုလှောင်ရုံအကြား များပြားသည့် ကုန်ပစ္စည်းများကို ရွှေ့ပြောင်းရန်လိုအပ်ပါက သက်ဆိုင်ရာ ကုမ္ပဏီနှင့် ပိုမိုနီးကပ်သည့် နေရာသည် ပို၍ အလေးသာမည်ဖြစ်သည်။ သို့ရာတွင် အချို့သော ငှားရမ်းသူများသည် အများဆိုင် သိုလှောင်ရုံကို ၎င်းတို့၏ သုံးစွဲသူများ နှင့် ပိုမို နီးကပ်စေလိုကြသည်။

နည်းပညာ (Technology)
——————–
အများဆိုင် သိုလှောင်ရုံ (Public Warehouse) အများစုသည် ခေတ်မီ ပစ္စည်းကိရိယာနှင့် နည်းပညာများ ဖြည့်တင်းထားရှိသော်လည်း တပ်ဆင်ထားသည့် နည်းပညာ အဆင့်မှာ အမျိုးမျိုးကွာခြားနိုင်သည်။ ဥပမာအားဖြင့် သိုလှောင်ရုံတစ်ခုမှ WMS (Warehouse Management Software) သိုလှောင်ရုံ စီမံခန့်ခွဲမှုစနစ် တပ်ဆင်ထားသော်လည်း ၎င်းစနစ်များ ERP System (Enterprise Resource Planning Software) များနှင့် လိုက်ဖက်ညီမှု မရှိတော့ပေ။
သို့ဖြစ်ရာ ERP System ကဲ့သို့သော သိုလှောင်ရုံ စီမံမှုဆိုင်ရာ Software များ အသုံးပြုခွင့်ပေးနိုင်သည့် သိုလှောင်ရုံများမှာ ပို၍ ဆွဲဆောင်မှု ပြုနိုင်မည်ဖြစ်သည်။

တိုးချဲ့ခြင်း (Expansion)
——————-
ကုမ္ပဏီ၏ လိုအပ်ချက်များအပေါ်တွင် မူတည်လျက် အများဆိုင် သိုလှောင်ရုံတစ်ခုမှ ငှားရမ်းထားသော နေရာအကျယ်အဝန်းသည် အဆိုပါ ကာလအတွင်း အပြောင်းအလဲ ဖြစ်ကောင်းဖြစ်နိုင်သည်။ သိုလှောင်ရုံနှင့် စာချုပ် စတင်ချုပ်ဆိုချိန်က နေရာအကျယ်အဝန်း လိုအပ်ချက်ကို အတိအကျသိရှိချင်မှ သိရှိနိုင်မည်ဖြစ်သော်လည်း သဘောတူစာချုပ်တွင် နေရာတိုးချဲ့မှု အချက်တစ်ရပ်ကို ထည့်သွင်းထားသင့်သည်။
ထိုသို့ ထည့်သွင်းချုပ်ဆိုထားခြင်းဖြင့် သိုလှောင်ရုံစီမံခန့်ခွဲသူအနေဖြင့် ကုမ္ပဏီမှ လိုအပ်လာချိန်တွင် လိုအပ်သည့် နေရာအကျယ်အဝန်းအတွက် စီစဉ်ဆောင်ရွက်ပေးနိုင်မည် ဖြစ်သည်။

ကုမ္ပဏီကွန်ရက် (Company Network)
—————————-
အများဆိုင် သိုလှောင်ရုံတစ်ခုတွင် နေရာအတွက် ညှိနှိုင်းသည့်အခါ ကြိုတင် မသိရှိနိုင်သေးသည့် ကုန်ပစ္စည်းသိုလှောင်ရန် လိုအပ်မှုအတွက် အနာဂတ်လိုအပ်ချက်များကို ထည့်သွင်းညှိနှိုင်းကြသည်။
သင် ငှားရမ်းသည့် သိုလှောင်ရုံသည် သိုလှောင်ရုံအုပ်စုတစ်စု (သို့) ကွန်ရက်တစ်ခုအတွင်းမှ အစိတ်အပိုင်း တစ်ရပ်ဖြစ်ပါက အမျိုးသား (သို့) ကမ္ဘာလုံးဆိုင်ရာ Supply Chain Management ဝန်ဆောင်မှု လုပ်ငန်းများကိုပါ လက်ခံဆောင်ရွက်ပေးနိုင်မည် ဖြစ်သည်။

ပြုပြင်ပြောင်းလဲလွယ်မှု (Flexibility)
———————–
အများဆိုင် သိုလှောင်ရုံ လည်ပတ်သူ (Operator) ၏ ပြင်လွယ်ပြောင်းလွယ်မှုသည်လည်း အရေးကြီးသော ထည့်သွင်းစဉ်းစားရမည့် အချက်ဖြစ်သည်။
သိုလှောင်ရုံ ငှားရမ်းသူမှ သိုလှောင်ရုံလုပ်ငန်း ဝန်ဆောင်မှုကို ကြိုတင် အသိပေးခြင်းမပြုပဲ အချိန်ကပ်၍ တောင်းဆိုသည့်အခါ သိုလှောင်ရုံ စီမံခန့်ခွဲသူမှ လေ့ကျင့်သင်တန်းပေးထားသော ဝန်ထမ်းများ ၊ လိုအပ်သည့် နည်းပညာများကို ကြိုတင်စီစဉ် ထားရှိလျက် အလျင်အမြန် ဆောင်ရွက်ရန် အာမခံချက်ပေးနိုင်သည့် အခြေအနေမျိုးဖြစ်သည်။
အချုပ်အားဖြင့် သင့်အနေဖြင့် ကိုယ်ပိုင်သိုလှောင်ရုံ မတတ်စွမ်းနိုင်သေးပါက အများဆိုင် သိုလှောင်ရုံ တစ်ခုသည် သင့်ကုန်ပစ္စည်းထားသိုရန် ဖြေရှင်းချက်တစ်ရပ်ပင်ဖြစ်သည်။

#SuperLight #Logistics #Knowledge #Warehousing #Public_Warehouse

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
my_MMMY