fbpx

First In First Out စနစ်၏ အားသာချက်နှင့် အားနည်းချက်များ First in First out (FIFO) : Advantages and Distadvantage

First In First Out စနစ်၏ အားသာချက်နှင့် အားနည်းချက်များ
First in First out (FIFO): Advantages and Disadvantage
——————————-
First in First out စနစ်သည် ကုန်ပစ္စည်းစာရင်းတန်ဖိုးဖြတ်မှုအတွက် အသုံးစရိတ်များ ခွဲဝေသတ်မှတ်မှုကို အထောက်အကူပြုသည့် အသုံးစရိတ် ပုံသေနည်း (ဖော်မြူလာ)များအနက် တစ်ခုဖြစ်သည် ။ အဖွဲ့အစည်းများအနေဖြင့် First in First out (FIFO) စနစ်ကို ကာလအပိုင်းအခြားတစ်ရပ် (သို့) ပုံမှန် တစ်ဆက်တစ်စပ်တည်းဖြစ်သော ကုန်ပစ္စည်းစာရင်းထိန်းသိမ်းမှု စနစ်များဖြင့် အလွယ်တကူ အသုံးပြုနိုင်သည်။ FIFO စနစ်ကို အခြားသော ကုန်ပစ္စည်းစာရင်း ငွေကြေးလည်ပတ်မှု ပုံသေနည်းလမ်းများ ၊ တန်ဖိုးဖြတ်နည်းစနစ်များနှင့် နှိုင်းယှဉ်သည့်အခါ အချို့သော ကဏ္ဍများတွင် အားသာချက်များရှိနေတတ်သော်လည်း အချို့သော အခြေအနေများတွင်မူ အားနည်းချက်များ မကင်းကြောင်းတွေ့ရှိကြရသည်။

FIFO စနစ်၏ အားသာချက်များ
—————————–
၁။ FIFO စနစ်သည် ကုန်ပစ္စည်း စာရင်းမှတ်တမ်းများကို ပုံမှန်နည်းလမ်းအတိုင်း ထိန်းသိမ်းထားရှိခြင်းကို အထောက်အကူပြုသည်။ တစ်နည်းအားဖြင့် ဝယ်ယူသည့် (သို့) ထုတ်လုပ်သည့် အမျိုးအစားတူ ပစ္စည်းများကို အတူတကွ မှတ်တမ်းတင်ထားရှိသဖြင့် သိရှိနားလည်ရန် များစွာ ပိုမိုလွယ်ကူစေသည်။

၂။ FIFO စနစ်သည် ကုန်ပစ္စည်းများအဝင်အထွက် (အထုတ်အသိမ်း) မြန်ဆန်ပြီး လျင်လျင်မြန်မြန်ငွေပေါ်သည့် အခြေအနေမျိုးတွင် အသင့်လျော်ဆုံးဖြစ်သည်။ တစ်နည်းအားဖြင့် ဆက်စပ်နေသည့် ကာလအပိုင်းအခြားများအတွင်း ဝင်ငွေနှင့် အသုံးစရိတ်ကို ဖော်ထုတ်နိုင်သည့် အဖွဲ့အစည်းများအတွက် FIFO စနစ်သည် အကိုက်ညီဆုံး ဖြစ်သည်။ သို့ရာတွင် အချို့အခြေအနေများတွင် FIFO စနစ်သည် ဟန်ချက်မညီ ဖြစ်နိုင်သည်ကို အားနည်းချက် (Disadvantages) ထည့်သွင်းဖော်ပြပေးမည်ဖြစ်သည်။

၃။ FIFO စနစ်တွင် လက်ကျန်ကုန်ပစ္စည်းတန်ဖိုး (သတ်မှတ်ကာလအပိုင်းအခြား တစ်ရပ် ကုန်ဆုံးချိန်တွင် လက်ဝယ်ကျန်ရှိနေသော ကုန်ပစ္စည်းများ၏ တန်ဘိုး)သည် အနီးစပ်ဆုံး (နောက်ဆုံး) ဝယ်ယူခဲ့သည့် တန်ဖိုးအပေါ် အခြေခံတွက်ချက်ထားသည် ။ သို့ဖြစ်ရာ ကုန်ပစ္စည်းများတန်ဖိုးသည် သတ်မှတ်ကာလကုန်ဆုံးချိန် (ဥပမာ ဘဏ္ဍာရေးဋ္ဌနှစ်ကုန်) တွင် ဖြစ်ပေါ်နေသည့် အလားတူ ကုန်ပစ္စည်း၏ ဈေးကွက်ပေါက်ဈေးကို များစွာ ထင်ဟပ်မှုရှိနေစေမည်ဖြစ်သည်။

၄။ FIFO စနစ်တွင် အစောဆုံး အဝင်ပစ္စည်းများ (ဝယ်ယူခြင်း ၊ ထုတ်လုပ်ခြင်း) မှာ ရောင်းချပြီး ကုန်ပစ္စည်းများတန်ဖိုး ခေါင်းစဉ်အောက်တွင် စာရင်းထည့်သွင်း တွက်ချက်ထားပြီး ဖြစ်၍ NRV (Net realizable volume) အသားတင်ထည့်သွင်းရောင်းချနိုင်မည့်တန်ဖိုး အပေါ် အလျော့ပြလျက် အရှုံးပြနေသည့် အခြေအနေမျိုးကို အလိုအလျောက် ဖယ်ရှားနိုင်မည်ဖြစ်သည်။ ထို့ပြင် ကုန်ပစ္စည်းစာရင်းတွင် ကုန်ပစ္စည်းဟောင်းများ (ယခင်က ဝယ်ယူထားသော ပစ္စည်းများစာရင်း ) ဆက်လက်ပါဝင်နေတော့မည်မဟုတ်ပေ။

၅။ စာရင်းပိတ်လက်ကျန် ကုန်ပစ္စည်းများ တန်ဖိုးသည် လက်ရှိပိုင်ဆိုင်ပစ္စည်း စုစုပေါင်းတန်ဖိုးတွင် အဓိက အချက်အချာ ဖြစ်ပြီး ဘဏ္ဍာရေးဆိုင်ရာအချိုးများ (ကုမ္ပဏီ၏ စွမ်းဆောင်နိုင်မှုနှင့် အမြတ်အစွန်းရရှိမှုကို တိုင်းတာသည့်စံနှုန်းများ)နှင့်လည်း ဆက်နွယ်လျက်ရှိသည်။ သို့ဖြစ်ရာ ပိုမိုဆီလျော်ဆက်စပ်မှုရှိသော (FIFO စနစ်အရ တွက်ချက်ဖော်ပြသည့်) စာရင်းပိတ်လက်ကျန် ကုန်ပစ္စည်းတန်ဖိုးသည် ယုံကြည်စိတ်ချရသော စီစစ်ချက်များကို ရရှိစေမည်ဖြစ်သည်။

၆။ FIFO စနစ်တွင် ဝယ်ယူသည့် ကုန်ပစ္စည်းတစ်သုတ်ချင်းစီအတွက် သက်ဆိုင်ရာ တန်ဖိုးအလိုက် ကျသင့်ငွေများနှင့်အတူ စာရင်းသွင်းထားရှိသည်။သို့ဖြစ်ရာ စီမံခန့်ခွဲမှုပိုင်းမှ တာဝန်ရှိသူများအနေဖြင့် ထုတ်ပေးလိုက်သည့် ကုန်ပစ္စည်းများနှင့် သိုလှောင်ရုံအတွင်း ထိန်းသိမ်းထားရှိသည့် ကုန်ပစ္စည်းများသည် မည်သည့်အသုတ်မှ ကုန်ပစ္စည်းများ ဖြစ်သည်ကို လေ့လာသိရှိနိုင်မည်ဖြစ်သည်။

၇။ ပုံမှန်အားဖြင့် စီးပွားရေးလုပ်ငန်းများသည် ငွေကြေးဖောင်းပွမှုနှင့် ကြုံတွေ့ရလေ့ရှိသည်။ ဆိုလိုသည်မှာ ပစ္စည်းဈေးနှုန်းများသည်လည်း အစဉ်အမြဲ မြင့်တက်နေကြသည်။ ငွေကြေးဖောင်းပွမှုကြောင့် ကုန်ထုတ်လုပ်မှုစရိတ်များ မြင့်တက်မှုကို ဖြစ်စေသည်။ အဆိုပါ ငွေကြေးဖောင်းပွမှုက စာရင်းပိတ်လက်ကျန် ကုန်ပစ္စည်းတန်ဖိုးမြင့်တက်မှုကို ဖြစ်စေသည်။
အဆိုပါ စာရင်းပိတ်လက်ကျန်ကုန်ပစ္စည်းတန်ဖိုစးက အကြမ်းအမြတ်စာရင်း ကိန်းဂဏန်းကို မြင့်တက်လာစေပြီး နောက်ဆုံးတွင် မြင့်တက်နေသည့် ကုန်ထုတ်လုပ်မှုစရိတ်ကို ကာမိစေမည်ဖြစ်သည်။ FIFO စနစ်ကို အာဏာပိုင်အဖွဲ့အစည်းများနှင့် IFRS (International Financial Reporting Standards = အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး အစီရင်ခံမှုစံနှုန်းများ) ၊ GAAP (Generally Accepted Account icy Principles = ယေဘူယျလက်ခံထားသည့် စာရင်းအင်းဆိုင်ရာ စည်းမျဉ်းများ) အပါအဝင် စာရင်းဆိုင်ရာ စံနှုန်းသတ်မှတ်ချက်များမှ ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြသည်။

FIFO ၏ အားနည်းချက်များ
————————
၁။ FIFO စနစ်သည် သက်ဆိုင်ရာအဖွဲ့အစည်းမှ ဈေးနှုန်းမတည်ငြိမ်သော (အတက်အကျဖြစ်နေသည့်) ကုန်ပစ္စည်းများအတွက် အမှာစာ အများအပြား ပေးပို့ပါက ကုန်ပစ္စည်း အသုတ်တိုင်းအတွက် သက်ဆိုင်ရာ ဈေးနှုန်းအလိုက် ကုန်ပစ္စည်းများကို စီမံဆောင်ရွက်ရာတွင် အခက်အခဲများ ၊ ရှုပ်ထွေးမှုများ ဖြစ်ပေါ်နိုင်ပြီး အမှားအယွင်းများလည်း ဖြစ်ပေါ်လေ့ရှိသည်။

၂။ FIFO စနစ်တွင် ရောင်းချမှုများအတွက် တန်ဖိုးသည် သတ်မှတ်ကာလအစောပိုင်းမှ ဈေးနှုန်းများအပေါ် အခြေခံထားခြင်းဖြစ်သည်။ အဆိုပါ ဈေးနှုန်းများသည် သတ်မှတ်ကာလကုန်ဆုံးချိန်တွင် ဖြစ်ပေါ်နေသည့် ဈေးနှုန်းများှင့် သိသိသာသာကွာခြားနိုင်သည်။ အကယ်၍ အဖွဲ့အစည်းအနေဖြင့် Cost Plus Pricing (ထုတ်ကုန်ပစ္စည်း၏ ကုန်ကျစရိတ်အပေါ် သင့်လျော်သည့် ပမာဏ ထပ်ဆောင်းလျက် ဈေးနှုန်းသတ်မှတ်မှု)စနစ် ကျင့်သုံးပါက ပစ္စည်းကုန်ကျစရိတ်က သင့်လျော်မည်မဟုတ်ပေ။ဖြစ်သင့်သည်ထက်များစွာ လျော့နည်းနေမည့်အပြင် ဖြစ်ပေါ်နေသည့် ဈေးကွက်ပေါက်ဈေးနှင့်လည်း ကိုက်ညီမည်မဟုတ်ပေ။

၃။ FIFO စနစ်တွင် ရောင်းချရသည့် ကုန်ပစ္စည်းများအတွက် အသုံးစရိတ်သည် အရင်ဆုံးဝင်ရောက်သည့် ကုန်ပစ္စည်းမာျး၏ ဈေးနှုန်း (တန်ဖိုး)အပေါ်တွင် အခြေခံထားသည်။ အဆိုပါ တွက်ချက်ထားမှုသည် သတ်မှတ်ကာလ ကုန်ဆုံးချိန်နောက်ပိုင်း ပြုလုပ်သည့် လေ့လာဆန်းစစ်မှုအတွက် ဆီလျော်မှု ရှိနိုင်မည်မဟုတ်တော့ပေ။ သို့ဖြစ်ရာ သင့်လျော်သည့် ကိန်းဂဏန်းတစ်ခု ရရှိနိုင်ရန် ကုန်ပစ္စည်းဈေးနှုန်းအပေါ် သက်ရောက်မှုရှိသည့် ငွေကြေးဖောင်းပွမှုနှင့် အခြားအကြောင်းအရာများအတွက် ချိန်ညှိဆောင်ရွက်ရန် လိုအပ်လာမည်ဖြစ်သည်။ တန်ဖိုးတွက်ချက်မှု (ခန့်မှန်းကုန်ကျစရိတ်) ဆိုင်ရာ ဆုံးဖြတ်ချက်များအတွက် ရောင်းချရသည့် ပစ္စည်းများ၏ စရိတ်ဆုံးဖြတ်ချက်များအတွက် ရောင်းချရသည့် ပစ္စည်းများ၏ စရိတ် (ခန့်မှန်းတန်ဖိုး)သည် ယုံကြည်စိတ်ချရဖွယ်မရှိပေ။အထူးသဖြင့် ငွေကြေးဖောင်းပွမှုရှိသည့် စီးပွားရေးများတွင် ယုံကြည်အားထားဖွယ်မရှိပေ။

၄။ မဆီလျော်သည့် ရောင်းချမှု တန်ဖိုးကိန်းဂဏန်းများ၏ အကျိုးဆက်မှာ ဈေးနှုန်းသိသိသာသာ တည်ငြိမ်မှုမရှိပါက အထူးသဖြင့် အဖွဲ့အစည်းအနေဖြင့် သတ်မှတ်ကာလ တစ်ခုလုံးအတွက် (ဥပမာ တစ်နှစ်လုံးအတွက်) သတ်မှတ်ကာလအစပိုင်း (ဥပမာ နှစ်စ)ကပင် ကုန်ပစ္စည်းများ ဝယ်ယူထားပါက ထိရောက်မှုအလွန်ကြီးမားလာမည်ဖြစ်သည်။ ဤသို့ဖြင့် စီမံခန့်ခွဲမှု အဖွဲ့အား ကုန်ပစ္စည်းဝယ်ယူစုဆောင်းမှုလုပ်ငန်းစဉ်ပြောင်းလဲရန် ဖိအားပေးမှုနှင့် သတ်မှတ်ကာလတစ်ခုလုံး ဖြန့်ကျက်လျက်ပစ္စည်းဝယ်ယူသည့် စနစ်ကျင့်သုံးမှုမျိုး ဖြစ်ပေါ်လာစေနိုင်သည်။

၅။ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းများနှင့် လိုက်လျောညီထွေဖြစ်စေရန် ဝင်ငွေနှင့် အသုံးစရိတ်များသည် တူညီသည့် ကာလတစ်ရပ်အတွင်း အစီအရင်ခံတင်ပြရန် လိုအပ်သည်။ သို့ရာတွင် ကုန်ပစ္စည်း၏ သဘောသဘာဝအရ အနှုတ်၊အသွင်း နှေးကွေးပြီး ငွေပြန်ပေါ်ရန် အချိန်စောင့်ဆိုင်းရသည့်အပြင် အဆိုပါ ကာလအတွင်း ဈေးနှုန်းအပြောင်းအလဲများလည်း ရှိနေပါက စည်းမျဉ်းဥပဒေသများကို လိုက်နာရန် ခက်ခဲလာမည်ဖြစ်သည်။

၆။ ငွေကြေးဖောင်းပွမှုအရ အမှန်တကယ် ကုန်ပစ္စည်းအရေအတွက်လျော့ကျသည့်တိုင်အောင် ကုန်ပစ္စည်းများ၏ တန်ဖိုးများ မြင့်တက်နေနိုင်ပေသည်။ အဆိုပါ အချက်က အမြတ်အစွန်းပိုမိုထုတ်ပြန်မှု (သို့) ကျောထောက်နောက်ခံပြုရန် အမှန်တကယ် တန်ဖိုးမရှိသော “ ဖောင်းပွမှု” ကိုဖြစ်စေနိုင်သည်။ ထို့ပြင် အဆိုပါ ကာလအတွက် အမြတ်အစွန်းရရှိမှုကို ဖြစ်စေပြီး အမြတ်အစွန်းအပေါ် အခြေခံသည့် နောက်ထပ်လေ့လာဆန်းစစ်ချက် များမှာလည်း ယုံကြည်ကိုးစား၍ ရနိုင်တော့မည်မဟုတ်ပေ။

#SuperLight #Logistics #Knowledge #FIFO

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
my_MMMY