fbpx

သိုလှောင်ရုံနေရာအကျယ်အဝန်းကို လက်တွေ့အထိရောက်ဆုံးအသုံးပြုနိုင်ရေးအတွက် ပြုပြင်ရမည့်နည်းလမ်း (၁၅) ရပ် (15 ways to improve warehouse space utilization)

သိုလှောင်ရုံလုပ်ငန်းတွင် ပစ္စည်းများထိန်းသိမ်းထားသိုရန် နေရာအကျယ်အဝန်းကို အကျိုးရှိရှိထိရောက်စွာ အသုံးပြုနိုင်ရေးသည် အဓိကအရေးပါသည့်အချက်ပင်ဖြစ်သည်။
သိုလှောင်ရုံ နေရာအကျယ်အဝန်းကို အထိရောက်ဆုံးအသုံးပြုနိုင်ရေးအတွက် ပြုပြင်ပြောင်းလဲဆောင်ရွက်သင့်သည့် အချက် ၁၅ ချက်ကို ဖော်ပြလိုက်ပါတယ်။

  • (၁) ပထမဆုံးစတင်ရမည့်အချက် (The starting point)

သင့်သိုလှောင်ရုံအတွင်း ကုန်ပစ္စည်းများထိန်းသိမ်းထားရှိမှုနှင့် စပ်လျဉ်း၍ ကုန်လှောင်ရုံ၏ ကုန်စည်ဝင်ဆန့်နိုင်မှုပမာဏနှင့် အသုံးပြုနေသည့်အကျယ်အဝန်းကို တွက်ချက်ပါ။ ဝင်ဆန့်နိုင်မှုပမာဏ၏ ၈၀ ရာခိုင်နှုန်းမှ ၈၅ ရာခိုင်နှုန်းအတွင်း အသုံးပြုနိုင်ခြင်းမရှိသေးလျှင် သိုလှောင်ရုံကို အထိရောက်ဆုံးအသုံးပြုနိုင်ခြင်းမရှိဟု သတ်မှတ်ရမည်ဖြစ်သည်။ သိုလှောင်ရုံ၏ လက်ရှိအခင်းအကျင်းနှင့် ကုန်စည်များသယ်ယူပို့ဆောင်နေမှုကို အတိအကျရှင်းလင်းစွာသိရှိထားရန် လိုအပ်မည်ဖြစ်သည်။
ကုန်ပစ္စည်းတင်စင်များနေရာချထားမှု၊ ကုန်တင်စင်များအကြား လျှောက်လမ်းအကျယ်အဝန်း၊ ပစ္စည်းလက်ခံမှု၊ နေရာချထားမှု၊ ဖြည့်တင်းမှု၊ ထုပ်ပိုးမှု၊ သဘောင်္တင်ပို့မှုစသည့် ကုန်ပစ္စည်းများ အဝင်၊ အထွက်လမ်းကြောင်းကို သေချာစွာလေ့လာပါ။

  • (၂) ဒေါင်လိုက် (အထက်၊ အောက်) အကျယ်အဝန်းကိုအသုံးပြုပါ (Use vertical space)

သင့်သိုလှောင်ရုံမှာ ဒေါင်လိုက် (အထက်၊ အောက်) နေရာအကျယ်အဝန်း ကုဗပေဘယ်လောက် အသုံးမပြုပဲ ထားသလဲဆိုတာ စစ်ဆေးကြည့်ပါ။ သိုလှောင်ရုံအတွင်း အမြင့် (အပေါ်) ပိုင်းလွတ်နေတဲ့နေရာတွေကို အကျိုးရှိရှိအသုံးချနိုင်ဖို့ လိုပါတယ်။ ဒေါင်လိုက် (အမြင့်) နေရာရနိုင်သမျှကို အသုံးပြုနိုင်ပါစေ။

  • (၃) လုပ်ငန်းဌာနများ၏ နေရာအကျယ်အဝန်းကို စိစစ်ပါ (Analyze your department space)

သိုလှောင်ရုံအတွင်း လုပ်ငန်းဌာနအသီးသီး၏ နေရာယူမှုကိုစိစစ်ပြီး မျက်နှာကျက်အမြင့်များစွာမလိုသည့် (ထုပ်ပိုးမှု၊ သဘောင်္တင်မှုစသည်) ဌာနများ၏ အထက်နေရာလွတ်များကို အသုံးချပါ။

  • (၄) ပြန့်ကျဲနေမှုများကို စုစည်းပါ (Consolidate location)

သင့်သိုလှောင်ရုံအတွင်း ပစ္စည်းအမျိုးအမည် တစ်မျိုးတည်းကို နေရာအနှံ့အပြားသိုလှောင်ထားရှိပါက ပိုမိုကောင်းမွန်သည့် သိုလှောင်ရုံနေရာအသုံးချမှုအတွက် ပြန့်ကျဲနေသောပစ္စည်းများကို စုစည်းထားရှိရန်စဉ်းစားပါ။

  • (၅) ပစ္စည်းအမျိုးအစားအလိုက် နေရာပေးမှုအကျယ်အဝန်း မှန်ကန်ပါစေ (Right-size your slots)

ကုန်ပစ္စည်းအရွယ်အစားနှင့် ရောင်းချရမှုအခြေအနေပေါ်မူတည်၍ သိုလှောင်ရုံအတွင်း နေရာချထားမှုကို ဦးစားပေးမှုနှင့် အကျယ်အဝန်းမှန်ကန်မှုရှိစေရန် စီစဉ်ဆောင်ရွက်ခြင်းဖြင့် သိုလှောင်ရုံနေရာအသုံးပြုမှု ပိုမိုထိရောက်လာစေမှာဖြစ်ပါတယ်။

  • (၆) ပိုလျှံပစ္စည်းများအတွက် ပြင်ပသိုလှောင်နိုင်သည့် နေရာများကို အသုံးပြုပါ (Use off-site location for overstock)

သင့်ကုန်လှောင်ရုံအတွင်း ပစ္စည်းအချို့အတွက် အရေအတွက်အတော်များများ ပိုလျှံနေပါက ပိုလျှံသောပစ္စည်းများကို သိုလှောင်ရုံပြင်ပ အခြားနေရာများတွင် ထိန်းသိမ်းထားရှိမှုကို အသုံးပြုရန်စဉ်းစားပါ။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် မိမိသိုလှောင်ရုံအတွင်း နေရာလွတ်များရရှိရေးကို များစွာအထောက်အကူဖြစ်စေနိုင်မှာဖြစ်ပါတယ်။

  • (၇) တိုက်ရိုက်ကုန်ပစ္စည်းပေးပို့မှုကို ရွေးချယ်စရာနည်းလမ်းတစ်ရပ်အဖြစ်အသုံးပြုပါ (Drop shipping as an option)

သင့်ကုန်လှောင်ရုံတွင် အရွယ်အစားကြီးမားသောကုန်စည်များကို သိုလှောင်ပြီး ပို့ဆောင်ပေးရသည်ဆိုပါက ထုတ်လုပ်သူမှ တိုက်ရိုက်ပေးပို့သည့် စနစ်တစ်မျိုးမျိုးကို အသုံးပြုခြင်းဖြင့် သိုလှောင်ထိန်းသိမ်းရမှုနှင့် စရိတ်စကကို လျော့ကျစေနိုင်မှာဖြစ်ပါတယ်။

  • (၈) လျှောက်လမ်းအကျယ်အဝန်း (Aisle widths)

သိုလှောင်ရုံအတွင်း ပစ္စည်းတင်စင်များအကြား လျှောက်လမ်းအကျယ်အဝန်းကို ဆန်းစစ်ပါ။
လုပ်ငန်းအဆင်ပြေချောမွေ့မှုကို မထိခိုက်စေပဲ အသုံးပြုနေသည့် ပစ္စည်းသယ်ယူပို့ဆောင်သည့် ယန္တရားများနှင့် အဆင်ပြေလိုက်လျောညီထွေ ဖြစ်စေမည့် လျှောက်လမ်းအကျယ်အဝန်း အနည်းဆုံးပုံစံဖြစ်စေရန် ကြိုးစားပါ။

  • (၉) ပစ္စည်းအဝင်၊ အထွက် တိုက်ရိုက်လွဲပြောင်းမှုစနစ်အသုံးပြုပါ (Cross docking)

အလျင်မြန်ဆုံးပို့ဆောင်ပေးရမည့် အစားအသောက်ကဲ့သို့ကုန်ပစ္စည်းများ သို့မဟုတ် သယ်ယူပို့ဆောင်ရန်အသင့်ဖြစ်နေသော ထုပ်ပိုးပြီးကုန်ပစ္စည်းများ၊ အမျိုးအစားခွဲခြားပြီး ကုန်ပစ္စည်းများကို ပစ္စည်းဝင်ရောက်သည်နှင့် ပြန်လည်လွှဲပြောင်းပေးသည့် (Cross docking) စနစ်ကိုအသုံးပြုပါ။

  • (၁၀) အဆောက်အဦကို အထိရောက်ဆုံးအသုံးပြုနိုင်ရေး (Best utilization of your building)

သိုလှောင်ရုံအဆောက်အဦကို သေချာလေ့လာပြီး နေရာအကျယ်အဝန်းရှိသလောက် အကောင်းဆုံးဘယ်လိုအသုံးပြုနိုင်မလဲဆိုတာ ဆုံးဖြတ်ဆောင်ရွက်ပါ။ ကုန်ပစ္စည်းထပ်ဆင့်စီထားနိုင်မဲ့အမြင့်၊ ပစ္စည်းတင်စင်များရဲ့ ဒေါင်လိုက်နေရာအကျယ်အဝန်း၊ အဆောက်အဦရဲ့ဝင်ဆန့်နိုင်မဲ့ အကန့်အသတ် စတာတွေကို ထည့်သွင်းစဉ်းစားပြီး အဆောက်အဦရဲ့အနေအထားနဲ့ ကိုက်ညီမဲ့ ဒေါင်လိုက် (ကြမ်းပြင်မှ ခေါင်မိုး၊ မျက်နှာကျက်အထိ) နေရာအကျယ်အဝန်းကို အသုံးပြုနိုင်အောင်ကြိုးပမ်းပါ။

  • (၁၁) ပစ္စည်းတင်စင်များ၏အကျယ်ကို အပြည့်အဝအသုံးချပါ (Depth of storage)

သိုလှောင်ရုံအတွင်း အမြင့်ပိုင်းနေရာများကို အကျိုးထိရောက်စွာအသုံးပြုနိုင်ရေးသာမက နေရာအကျယ်အဝန်းကိုလည်း အပြည့်အဝအသုံးချနိုင်ရေး စိစစ်သုံးသပ်ပါ။

  • (၁၂) ထောက်ပံ့ပစ္စည်းများသိုလှောင်မှု (Supply storage)

သင့်ကုန်လှောင်ရုံတွင် ထောက်ပံ့ပစ္စည်းများ (သို့မဟုတ်) ထုပ်ပိုးပစ္စည်းများ သိုလှောင်ထားရပါက လိုအပ်သည်ထက်ပိုလျှံမှုမဖြစ်အောင် ဆောင်ရွက်ပါ။ မိမိလိုအပ်ချက်အရ အသုတ်လိုက်ခွဲ၍ ပေးသွင်းစေခြင်းဖြင့် သိုလှောင်ရုံနေရာကို အကျိုးရှိစွာအသုံးပြုပါ။

  • (၁၃) ကုန်အဝင်၊ အထွက်နေရာအသုံးပြုမှု (Door use)

သင့်ကုန်လှောင်ရုံတွင် ပစ္စည်းလက်ခံသည့်နေရာနှင့် သဘောင်္တင်ပို့သည့်နေရာ သီးခြားစီထားရှိပါက လုပ်ငန်းလျှင်မြန်ချောမွေ့မှုကို မထိခိုက်စေပဲ လုပ်ငန်းနေရာ ချွေတာနိုင်ရေးအတွက် ပစ္စည်းအဝင်အထွက် တစ်နေရာတည်းထားရှိသင့်၊ မသင့် စဉ်းစားပါ။

  • (၁၄) ထပ်ခိုးတပ်ဆင်ပါ (Mezzanine Installation)

သင့်ကုန်လှောင်ရုံ၏ အခင်းအကျင်းဖွဲ့စည်းပုံအရ အဆင်ပြေမည်ဆိုပါက ထပ်ခိုးအထပ်တပ်ဆင်ပါ။
ထပ်ခိုးတပ်ဆင်ခြင်းသည် စရိတ်စကကြီးမားနိုင်သော်လည်း သိုလှောင်ရုံနေရာ ထိရောက်စွာအသုံးပြုမှုကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်သည်။

  • (၁၅) ရိုးရိုးရှင်းရှင်းဆောင်ရွက်ပါ (Keep it Simple)

သိုလှောင်ရုံထိရောက်စွာ အသုံးပြုရေးနှင့် စပ်လျဉ်း၍ ရှုပ်ရှုပ်ထွေးထွေးနှင့် ရိုးရိုးရှင်းရှင်း အဖြေရှာရန် နှစ်မျိုးကြုံတွေ့ရွေးချယ်ရမည်ဆိုပါက ရိုးရှင်းသည့်ဖြေရှင်းနည်းကို ရွေးချယ်ပါ။

#SuperLight #Logistics #Educating #15_ways_to_improve_warehouse_space_utilization

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
my_MMMY