fbpx

Distribution လုပ်ငန်းစဉ်များအတွက် ဆောင်ရန်/ ရှောင်ရန်အချက်များ

ကုန်စည်ဖြန့်ဖြူးမှု (Distribution) သည် ကုန်ပစ္စည်းထုတ်လုပ်ရာဒေသမှ သုံးစွဲသူအသီးသီးထံသို့ အချိန်နှင့်တပြေးညီ ကုန်စည်စီးဆင်းနိုင်ရေးအတွက် ဆောင်ရွက်ပေးရသည့် လုပ်ငန်းပင်ဖြစ်သည်။ ကုန်စည်ဖြန့်ဖြူးမှုကို ဆောင်ရွက်ရာတွင် အောက်ပါအချက် (၃) ချက်ကို ဦးတည်အလေးထားဆောင်ရွက်ကြရသည်။

(၁) ကုန်ပစ္စည်းထုတ်လုပ်ရာမှ သုံးစွဲသူများထံသို့ ကုန်ပစ္စည်းကိုရောက်ရှိအောင် မည်သို့ပို့ဆောင်ပေးမည်။
(၂) ကုန်စည်ပို့ဆောင်သည့်အခါ အသုံးစရိတ်ချွေတာနိုင်ရေးနှင့် အချိန်ကုန်သက်သာမှုရှိစေရေး မည်သို့ဆောင်ရွက်မည်။
(၃) ဈေးကွက်အတွင်း မိမိကုန်ပစ္စည်း၏ ယှဉ်ပြိုင်နိုင်စွမ်းကို မည်သို့တည်ဆောက်မည်။

အဆိုပါ ဦးတည်ချက်များနှင့်အညီ ကုန်စည်ဖြန့်ဖြူးမှုကို ဆောင်ရွက်ရာတွင် လုပ်ဆောင်သင့်သည့်အချက်များ (ဆောင်ရန်) နှင့် ရှောင်ကျဉ်သင့်သည့်အချက်များ (ရှောင်ရန်) ကို သိရှိထားရန်လိုအပ်မည်ဖြစ်သည်။

Dos (ဆာင်ရန်အချက်များ)

  • (၁) First and foremost priority (ပထမနှင့် အရေးပါဆုံးဦးစားပေး)
    —————————————————————————-
    ကုန်စည်ဖြန့်ဖြူးမှုတွင် ပထမနှင့်အရင်ဆုံး ဦးစားပေးဆောင်ရွက်ရမည့်ကိစ္စမှာ မိမိ၏ထုတ်ကုန်ပစ္စည်းကို မည်သည့်ကုန်စည်ဖြန့်ဖြူးရေးလမ်းကြောင်း (Distribution channel) ဖြင့် သုံးစွဲသူများထံ ပို့ဆောင်ပေးရမည်ကို စဉ်းစားဆုံးဖြတ်ရန်ဖြစ်သည်။
    ကုန်စည်ဖြန့်ဖြူးမှုလမ်းကြောင်း ရွေးချယ်သည့်အခါ မိမိထုတ်ကုန်ပစ္စည်း၏ သဘောသဘာဝ၊ သက်တမ်း၊ တန်ဖိုး၊ ထုတ်လုပ်နိုင်မှုပမာဏ၊ ဈေးကွက်အရွယ်အစား၊ ဈေးကွက်မြှင့်တင်ရေးမူဝါဒနှင့် သုံးစွဲသူဝန်ဆောင်မှု စသည်တို့ကိုပါ ထည့်သွင်းတွက်ချက်ရမည်ဖြစ်သည်။
  • (၂) Reach (ပျံ့နှံ့မှု)
    ———————–
    သင့်ကုန်ပစ္စည်းကို ရည်ရွယ်ထားသည့်အတိုင်း ထိရောက်စွာပျံ့ှနှံ့မှု ရှိ၊ မရှိ လေ့လာဆန်းစစ်ပါ။
    သင့်ကုန်ပစ္စည်းကို ပိုမိုတွင်ကျယ်စွာ ပျံ့နှံ့နိုင်ရေးအတွက် မည်သည့်နေရာဒေသများတွင် ပိုမိုအားဖြည့်ထောက်ကူပေးရမည်၊ အဆိုပါဒေသမှ မည်သည့်လုပ်ငန်းလက်တွဲဖက်ကို ပိုမိုအားဖြည့်ထောက်ကူရမည်ကို လေ့လာသုံးသပ်ပါ။
  • (၃) Cost (ကုန်ကျစရိတ်)
    ——————————
    ကုန်စည်ဖြန့်ဖြူးမှု အစီအစဉ်ချမှတ်စဉ်ကပင် မည်သည့်ကုန်စည်ဖြန့်ဖြူးမှုလမ်းကြောင်းသည် ကုန်ကျစရိတ်အသက်သာဆုံးဖြစ်မည်ကို စဉ်းစားသုံးသပ်ရမည်ဖြစ်သည်။
    တစ်ဆင့်ခံလမ်းကြောင်းများ (Indirect channel) အသုံးပြုမည်ဆိုပါက လက်ရှိကုန်စည်ဖြန့်ဖြူးနေသော လက်လီ၊ လက်ကားအရောင်းဆိုင်များစသည့် ကြားခံအဖွဲ့အစည်း၊ လုပ်ငန်းရှင်များနှင့် စီးပွားဖက်အဖြစ် လက်တွဲဆောင်ရွက်မည်လား၊ ကိုယ်ပိုင်ကြားခံအဖွဲ့အစည်း ကွန်ယက်ထူထောင်မည်လားဆိုသည်ကို ရွေးချယ်ပါ။ကိုယ်ပိုင်ကွန်ယက်ထူထောင်မည်ဆိုပါက အမှာစာလုပ်ငန်း၊ ငွေတောင်းခံလွှာနှင့် သုံးစွဲသူဝန်ဆောင်မှုစသည်တို့ စီစဉ်ဆောင်ရွက်ပေးရန် လိုအပ်မည်ကိုသတိပြုပါ။
  • (၄) Contribution (ဖြည့်တင်းခြင်း)
    ——————————————-
    သင့်ကုန်ပစ္စည်းအတွက် ဈေးကွက်သစ်တိုးချဲ့နိုင်ရန် အခွင့်အလမ်းရရှိစေမည့် လမ်းကြောင်းသစ်ကိုရှာဖွေပါ။
  • (၅) Support (အထောက်အကူပေးခြင်း)
    ————————————————-
    ကုန်စည်ဖြန့်ဖြူးမှု လမ်းကြောင်းတစ်ရပ်အတွက် အထောက်အကူများပေးအပ်ခြင်းသည် သင့်လုပ်ငန်းအောင်မြင်မှု၏ သော့ချက်ဖြစ်သည်ကို သတိပြုပါ။
    သုံးစွဲသူများ၏ မျှော်လင့်ချက်ကို ပံ့ပိုးပေးနိုင်မည့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် သုံးစွဲသူများ၊ ကြားခံအဖွဲ့အစည်း၊ လုပ်ငန်းရှင်များနှင့် ဆက်ဆံရေးကို အဆင်ပြေပြေဆောင်ရွက်ပေးနိုင်ရန် ဒေသခံမန်နေဂျာ (သို့မဟုတ်) ကိုယ်စားလှယ်တစ်ဦးကို တာဝန်ပေးပါ။

Don’ts (ရှောင်ရန်အချက်များ)

  • (၁) Make mistakes (အမှားဆောင်ရွက်ခြင်း)
    ————————————————–
    ကုန်စည်ဖြန့်ဖြူးမှု (Distribution) တွင် လိုက်နာဆောင်ရွက်သင့်သည့်အချက်များ (ဆောင်ရန်) ကို အလေးမထားမလိုက်နာခြင်းသည် အမှားကျူးလွန်ခြင်းပင်ဖြစ်သည်။
  • (၂) Risk into a new market (ဈေးကွက်သစ်သို့စွန့်စားဝင်ရောက်ခြင်း)
    ——————————————————————————–
    ဈေးကွက်အတွင်း လေ့လာဆန်းစစ် သုတေသနပြုလုပ်ခြင်းမရှိပဲ စွန့်စားဝင်ရောက်မှုကို ရှောင်ရှားရန်လိုအပ်မည်ဖြစ်သည်။
    မိမိရည်ရွယ်ထားသည့် ဈေးကွက်သစ်အတွင်း မဝင်ရောက်မီ ဈေးကွက်အခြေအနေ၊ ယှဉ်ပြိုင်ဖက်များ၊ သုံးစွဲသူများ၏သဘောထား စသည်တို့ကို လေ့လာဆန်းစစ်သင့်သည်။
  • (၃) Neglect the information (သတင်းအချက်အလက်များကို အလေးဂရုမပြုခြင်း)
    ——————————————————————————————–
    ကြားခံအဖွဲ့အစည်း၊ လုပ်ငန်းရှင်များသည် တန်ဖိုးရှိသော သတင်းအချက်အလက်များကို ပေးစွမ်းနိုင်သည်ကို သတိပြုရန်လိုမည်ဖြစ်သည်။
    ကြားခံများ၏ သတင်းပေးပို့မှုနှင့် သုံးစွဲသူများ၏ သဘောထားတုံ့ပြန့်မှုများကို အလေးဂရုမပြုခြင်းကို ရှောင်ရှားရမည်ဖြစ်သည်။
  • (၄) Lose consistency (တည်ငြိမ်မှုပျက်ပြားခြင်း)
    ———————————————————-
    ကြားခံအဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များစသည့် လုပ်ငန်းလက်တွဲဖက်များ၏ မိမိကုန်ပစ္စည်းနှင့် မိမိကုမ္ပဏီအပေါ်သဘောထား၊ အပြုအမူပြောင်းလဲမှု ရှိ၊ မရှိ ဆန်းစစ်နေရန် လိုအပ်မည်ဖြစ်သည်။ လုပ်ငန်းလက်တွဲဖော်များနှင့် ရေရှည်ခိုင်မြဲသည့် ဆက်ဆံရေးကို ဖော်ဆောင်နိုင်မှ သဘောထား၊ အပြုအမူမပြောင်းမလဲ ခိုင်မြဲနေမည်ဖြစ်သည်။
Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN