fbpx

ခန့်မှန်းရခက်သည့် ကုန်စည်ဖြန့်ဖြူးမှု မဟာဗျူဟာများ

ကုန်စည်ဖြန့်ဖြူးမှု မဟာဗျူဟာ (Distribution strategy) ဆိုသည်မှာ ကုမ္ပဏီတစ်ခု၏ ထုတ်ကုန်ပစ္စည်းတစ်မျိုး (သို့မဟုတ်) ဝန်ဆောင်မှုတစ်ရပ်ကို ရည်မှန်းထားသည့် သုံးစွဲသူများထံသို့ ရောက်ရှိစေရန် မည်သည့်နည်းလမ်းဖြင့် ပို့ဆောင်ပေးသင့်သည်ကို ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံသုံးသပ်ကာ ဦးတည်ချက်၊ ရည်မှန်းချက်များဖြင့် ပြည့်ပြည့်စုံစုံ စနစ်တကျချမှတ် ဆုံးဖြတ်ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်ပင်ဖြစ်သည်။

ကုန်စည်ဖြန့်ဖြူးမှု မဟာဗျူဟာချမှတ်ရာတွင် ထုတ်ကုန်ပစ္စည်းအမျိုးအစား၊ ဈေးကွက်အခြေအနေ၊ ရောင်းချမည့်ဒေသ၏ ပထဝီဝင်၊ သက်ဆိုင်ရာလုပ်ငန်း၏ အမြင့်နှင့်သဘောထား စသည်တို့အပေါ် လွှမ်းခြုံသုံးသပ်ကာ မည်သည့်ကုန်စည်ဖြန့်ဖြူးမှုလမ်းကြောင်းက အသင့်လျော်ဆုံးဖြစ်မည်ကို ဆုံးဖြတ်ဆောင်ရွက်ကြခြင်းဖြစ်သည်။

ထိုသို့ကုန်စည်ဖြန့်ဖြူးမှု မဟာဗျူဟာများ ချမှတ်ရာတွင် အောက်ဖော်ပြပါ အဓိကအချက်များကို အလေးထားဆောင်ရွက်ကြလေ့ရှိသည်
—————————————————————

(၁) ထုတ်လုပ်ရာနေရာမှ သုံးစွဲသူထံသို့ ထုတ်ကုန်ပစ္စည်းကို မည်သည့်နည်းလမ်းဖြင့် (လမ်းကြောင်း) ဖြင့် ပို့ဆောင်ပေးမည်။

(၂) ကုန်ကျစရိတ်သက်သာရန်နှင့် အချိန်တိုတောင်းရန် မည်သို့ဆောင်ရွက်မည်။

(၃) ဈေးကွက်အတွင်း မိမိကုန်ပစ္စည်း၏ ယှဉ်ပြိုင်နိုင်စွမ်းကို မည်သို့မြှင့်တင်မည်။

ကုန်ပစ္စည်းဖြန့်ဖြူးမှု ဆောင်ရွက်ရာတွင် အဓိကအားဖြင့် တိုက်ရိုက်ဖြန့်ဖြူးမှု (Direct distribution) နှင့် တစ်ဆင့်ခံဖြန့်ဖြူးမှု (Indirect distribution) ဟူ၍ နှစ်မျိုးရှိရာ မည်သည့်နည်းလမ်းဖြင့် ပို့ဆောင်သင့်သည်ကို မဟာဗျူဟာစီစဉ်ရေးဆွဲသူများက စိစစ်သုံးသပ်ဆောင်ရွက်ကြရမည်ဖြစ်သည်။

ကုန်စည်ဖြန့်ဖြူးမှု မဟာဗျူဟာများအနက် အရေးပါသည့် မဟာဗျူဟာတစ်ရပ်မှာ တိုက်ရိုက်တင်ပို့မှု (Direct shipping) နည်းလမ်းဖြစ်သည်။

အဆိုပါနည်းလမ်းမှာ ထုတ်လုပ်သူ (သို့မဟုတ်) ဖြန့်ဖြူးသူထံမှ လက်လီအရောင်းဆိုင်များထံ တိုက်ရိုက်ပေးပို့ခြင်းဖြစ်ပြီး ကြားခံအဖွဲ့အစည်းများနှင့် လုပ်ငန်းစဉ်များကို ကျော်လွှားသည့်နည်းလမ်းဖြစ်သည်။

ကြားခံကုန်စည်ဖြန့်ဖြူးမှု (Indirect distribution) ဆောင်ရွက်ရာတွင် အဓိကအားဖြင့် အောက်ပါမဟာဗျူဟာသုံးရပ်ကို အသုံးပြုလေ့ရှိသည်။
—————————————————————————

(၁) Intensive distribution (လွှမ်းခြုံဖြန့်ဖြူးခြင်း)
==============================

လွှမ်းခြုံဖြန့်ဖြူးသည့် မဟာဗျူဟာမှာ မိမိကုန်ပစ္စည်းကို ဈေးကွက်အတွင်း ဖြစ်နိုင်သမျှ လွှမ်းခြုံနိုင်စေရေးအတွက် ကြိုးပမ်းသည့်နည်းလမ်းဖြစ်သည်။ အရေအတွက်မကန့်သတ်ပဲ ထုတ်လုပ်သည့် ကုန်ပစ္စည်းတစ်မျိုးမျိုးကို ဆိုင်ခွဲအရေအတွက်များနိုင်သမျှများများပေါ်တွင် တင်ပို့ရောင်းချသည့် မဟာဗျူဟာဖြစ်သည်။ အခြေခံလူသုံးကုန်ပစ္စည်းများ၊ စားသောက်ဖွယ်များ၊ အရက်၊ ဘီယာ၊ စီးကရက်စသည့် ပစ္စည်းများအတွက် အဓိကသုံးသည်။

(၂) Selection distribution (ရွေးချယ်ဖြန့်ဖြူးခြင်း)
==================================
ရွေးချယ်ဖြန့်ဖြူးခြင်း မဟာဗျူဟာမှာ ကုန်ပစ္စည်းထုတ်လုပ်မှု အရေအတွက်ကို သင့်လျော်စွာထိန်းချုပ်ရင်း ကုန်ပစ္စည်းအလိုက် သက်ဆိုင်ရာ သတ်မှတ်အရောင်းဆိုင်များတွင်သာ တင်ပို့ရောင်းချသည့် နည်းလမ်းဖြစ်သည်။ ကွန်ပြူတာ၊ စမတ်ဖုန်းစသည့် တန်ဖိုးမြင့်ကုန်ပစ္စည်းများအတွက် အသုံးပြုလေ့ရှိသည်။

(၃) Exclusive distribution (သီးသန့်ဖြန့်ဖြူးခြင်း)
===================================
သီးသန့်ဖြန့်ဖြူးသည့် မဟာဗျူဟာမှာ ကုမ္ပဏီမှ လုပ်ငန်းလက်တွဲဖက်အဖြစ် ရွေးချယ်ထားသော အရေအတွက် ကန့်သတ်ထားသည့် ကြားခံအရောင်းကိုယ်စားလှယ်များထံတွင်သာ ပစ္စည်းတင်ပို့ရောင်းချသည့် နည်းလမ်းဖြစ်သည်။ ဒီဇိုင်နာအဝတ်အထည်များ၊ ပြိုင်ကားများကဲ့သို့ တန်ဖိုးကြီးနှင့် ဇိမ်ခံပစ္စည်းများကို ဖြန့်ဖြူးရာတွင် အသုံးပြုလေ့ရှိသည်။

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN