fbpx

သင်္ဘောဆိပ်၊ ဆိပ်ကမ်းနှင့် ကုန်တင်/ချ ဆိပ်ခံများအကြားက ခြားနားချက်များ ( Differences of Port, Harbour and Terminal )

သင်္ဘောဆိပ်၊ ဆိပ်ကမ်းနှင့် ကုန်တင်၊ ချဆိပ်ခံများအကြားက ခြားနားချက်များ ( Differences of Port, Harbour and Terminal )
———————————————————————————

Port နှင့် Harbour ဝေါဟာရနှစ်ခုကို မြန်မာပြန်ဆိုရာတွင် အလွယ်တကူဆိပ်ကမ်းဟု ရေးသားလေ့ရှိကြသည်။ ဥပမာအားဖြင့် Pearl Authority ကို ဆိပ်ကမ်း အာဏာပိုင်အဖွဲ့ဟုလည်းကောင်း ခေါ်ဆိုခြင်းမျိုးဖြစ်သည်။ အမှန်တကယ်အားဖြင့် Port နှင့် Harbour စကားလုံးနှစ်ခုမှာ ရောထွေးနေလျက်ရှိသဖြင့် ဆိပ်ကမ်းဟု မြန်မာမှုပြုခြင်းဖြစ်သည်။ ထိုနည်းတူ Terminal ဟူသော ဝေါဟာရမှာလည်း သုံးနှုန်းသည့် နေရာသဘာဝအရ ရောထွေးနေလျက်ရှိသည်။ ဥပမာ Airport Terminal ကို လေဆိပ်၊ခရီးသည်နားနေဆောင်ဟု အများကသိကြသော်လည်း ဆိပ်ကမ်းရှိ Terminal မှာ ခရီးသည်နားခိုရန်နေရာမဟုတ်သည်ကို တွေ့ရှိကြရမည်ဖြစ်သည်။ သို့ဖြစ်၍ Port,Harbour နှင့် Terminal တို့၏ ခြားနားချက်ကို ဖော်ပြခြင်းမပြုမီ ၎င်းတို့တခုခြင်းစီအပေါ်အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဖော်ပြအပ်ပါသည် –

✅ Harbour (ဆိပ်ကမ်း)
———————-
Harbour (ဆိပ်ကမ်း) ဆိုသည်မှာ ပင်လယ်ကမ်းရိုးတမ်း (သို့မဟုတ်) မြစ်ကမ်းပေါ်ရှိရေပြင်နှင့် ကုန်းမြေထိတွေ့ဆက်စပ်နေသည့် နေရာတစ်နေရာဖြစ်ပြီး အဆိုပါနေရာကို သဘာဝအတားအဆီးများ (ဥပမာ ကုန်းမြေ၊ ကျောက်ဆောင်စသည်) သို့မဟုတ် လူတို့ဖန်တီးပြုလုပ်ထားသော အတားအဆီးများ (ဥပမာ ရေကာတံတိုင်း၊ တာတမံစသည်) ကာဆီးထားရှိကာ ဆိုးရွားသောရာသီဥတု (လေဒဏ်၊ လှိုင်းဒဏ်)မှ လှေနှင့်သင်္ဘောများကို အကာအကွယ်ပေးထားနိုင်သော နေရာကိုခေါ်ဆိုပါသည်။ လှေ၊ သင်္ဘောများအနေဖြင့် ပြင်းထန်သည့် ရာသီဥတုဒဏ်မှလွတ်ကင်းရာ Harbour တွင် ကျောက်ချရပ်နားထားကာ ဘေးအန္တရာယ်ကိုရှောင်ရှားနိုင်သည့်ပြင် ခရီးသည်နှင့် ကုန်ပစ္စည်းများကိုလည်း အတင်၊ အချပြုလုပ်နိုင်သည့်နေရာဖြစ်သည်။ Harbour တွင် သဘာဝအလျောက်ဖြစ်ပေါ်သည့် Natural harbour နှင့် လူတို့ဖန်တီးပြုလုပ်ထားသော Artificial harbour ဟူ၍ နှစ်မျိုးရှိနိုင်သည်။ လူဖန်တီးသည့် Artificial harbour များမှာ သင်္ဘောများဝင်နိုင်၊ ထွက်နိုင်၊ တစ်စီးနှင့်တစ်စီး ရှောင်ကွင်းမောင်းနှင်နိုင်မည့် ရေစူးအနက်ရှိရေပြင်ကို ရေကာတံတိုင်း၊ ကွန်ကရစ်တာတမံစသည်တို့ဖြင့်လှိုင်းဒဏ်၊ လေဒဏ်အကာအကွယ်ရရှိရန် ဖန်တီးပေးထားခြင်းဖြစ်သည်။

✅ Port (ဆိပ်ကမ်း/ သင်္ဘောဆိပ်)
———————————-
Port (သင်္ဘောဆိပ်) ဆိုသည်မှာ ပင်လယ်ကမ်းရိုးတန်း (သို့မဟုတ်) မြစ်ကမ်းပေါ်တွင် ကုန်းမြေနှင့်ရေပြင်ပေါ်ခွလျက် လူဖန်တီးပြုလုပ်ထားသည့် နေရာတစ်ခုဖြစ်ပြီး လှေနှင့်သင်္ဘောများ ခရီးသည်နှင့် ကုန်စည်ပစ္စည်းများ အတင်၊ အချပြုလုပ်နိုင်သည့် နေရာဖြစ်သည်။ တစ်နည်းအားဖြင့် Port ဆိုသည်မှာ ခရီးသည်ပို့ဆောင်ရေး၊ ကုန်စည်ကူးသန်းရောင်းဝယ်ရေးအတွက် သင်္ဘောများကုန်တင်၊ ကုန်ချပြုလုပ်နိုင်ရန် ဖန်တီးပြုလုပ်ထားသော နေရာပင်ဖြစ်သည်။

✅ Terminal (ကုန်တင်၊ ချဆိပ်ခံ)
———————————-
Terminal (ကုန်တင်၊ ချဆိပ်ခံ) ဆိုသည်မှာ Port (သင်္ဘောဆိပ်)အတွင်းရှိ လူတို့ဖန်တီးပြုလုပ်ထားသော ကုန်စည်ပစ္စည်းများ အတင်၊ အချပြုလုပ်သည့် နေရာပင်ဖြစ်သည်။ Port အတွင်းတွင် ကုန်ပစ္စည်းအမျိုးအစားအလိုက် သီးသန့်ထားရှိ ဆောင်ရွက်ကြသော ကုန်တင်၊ ကုန်ချဆိပ်ခံ (Terminals) များရှိကြသည်။ (ဥပမာအားဖြင့် Container Terminals, Bulk Cargo Terminals, Oil & gas Terminals စသည်ဖြင့် သီးသန့် Terminals များရှိတတ်သည်)။ Terminal တစ်ခုချင်းစီတွင် သင်္ဘောများ ကြိုးချီရပ်နားထားနိုင်သည့် berth များ အများအပြားရှိလေ့ရှိသည်။ ပင်လယ်ရေကြောင်းကုန်သွယ်မှုတွင် အများအားဖြင့် ကုန်တင်၊ ကုန်ချဆိပ်ခံ (Terminal) များကို ကုန်တင်၊ ကုန်ချလုပ်ငန်းများ အနှောင့်အယှက်မရှိ လုပ်ငန်းသွက်လက်မြန်ဆန်ရေးအတွက် သင်္ဘောဆိပ် (Port) ၏ လူရှုပ်ထွေးသော အခြားနေရာများနှင့် သီးခြားကင်းလွတ်သည့်နေရာတွင် ထားရှိလေ့ရှိသည်။

✅ Differences (ခြားနားချက်များ)
———————————-
Harbour (ဆိပ်ကမ်း)၊ Port (သင်္ဘောဆိပ်)နှင့် Terminal (ကုန်တင်၊ ကုန်ချဆိပ်ခံ) ဟူသောဝေါဟာရ ၃ခုတွင် Terminal မှာ port အတွင်းရှိ ကုန်တင်ကုန်ချပြုလုပ်သည့် ဆိပ်ခံများသာဖြစ်၍ သိသာကွဲပြားသော်လည်း Harbour နှင့် Port မှာ များစွာကွဲပြားမှုမရှိပဲ ရောထွေးနေလေ့ရှိသည်။ ထိုနေရာတွင် Port ကို Harbour နှင့် ကွဲပြားစေရန် သင်္ဘောဆိပ်ဟု သုံးစွဲထားခြင်းမျှသာဖြစ်ပြီး ဆိပ်ကမ်း၊ သင်္ဘောဆိပ် မိမိနှစ်သက်ရာ သုံးစွဲနိုင်ပါသည်။ Harbour နှင့် Port ခြားနားချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။ Harbour မှာ လှေ၊ သင်္ဘောများ ပြင်းထန်သည့်ရာသီဥတုဒဏ်မှ အကာအကွယ်ယူရန် (သို့မဟုတ်) နားခိုရန်နေရာဖြစ်ပြီး Port မှာ သင်္ဘောများ ခရီးသည်နှင့် ကုန်ပစ္စည်းများ အတင်အချပြုလုပ်ရန် ဖန်တီးထားသောနေရာဖြစ်သည်။ Harbour များမှာလည်း လှိုင်းဒဏ်၊ လေဒဏ်မှ အကာအကွယ်ယူရန်သာမက ခရီးသည်နှင့် ကုန်ပစ္စည်းများ အတင်၊ အချပြုလုပ်နိုင်သဖြင့် Harbour များတွင် ဝင်ငွေရနိုင်သော စီးပွားရေးလုပ်ငန်းများ (ခရီးသည်နှင့် ကုန်ပစ္စည်းအတင်၊ အချ) ပြုလုပ်ပါက Port ဟုသတ်မှတ်နိုင်သည်။ သို့ဖြစ်၍ Ports တိုင်းသည် Harbour ဖြစ်သော်လည်း Harbour တိုင်းသည် Port မဟုတ်ပေ။ Ports များတွင် ရေကြောင်းကုန်သွယ်မှုအတွက် ကုန်တင်၊ ကုန်ချလုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများ၊ ကုန်ပစ္စည်းထိန်းသိမ်းသည့် သိုလှောင်ရုံများ၊ ပို့ဆောင်ရေးဆိုင်ရာ လုပ်ငန်းများသာမက စားသောက်ဆိုင်များ၊ အရောင်းဆိုင်များစသည်ဖြင့် လူလုပ်အဆောက်အအုံများ အများအပြားရှိနိုင်သသို့ရာတွင် Harbour များမှာ Port များကဲ့သို့ ရှိချင်မှ ရှိမည်ဖြစ်သည်။ Harbour များမှာ သဘာဝအလျောက်ဖြစ်ပေါ်နေသည့် (Natural harbour) များရှိသော်လည်း Port မှာမူ ကုန်သွယ်ရေကြောင်းလုပ်ငန်းအတွက် ရည်ရွယ်ချက်ဖြင့် လူတို့ဖန်တီးပြုလုပ်ထားခြင်းဖြစ်သည်။

#SuperLight #Logistics #Educating#Differences_of_Port_Harbour_and_Trminal

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN