fbpx

၂၀၂၀ Incotrems အသစ်မိတ်ဆက် အပိုင်း (၁)

နိုင်ငံတကာ ကုန်သွယ်မှုတွင် ကုန်ပစ္စည်းလွှဲပြောင်းမှု (အပို့၊ အယူ) များတွင် ရောင်းသူများနှင့် ဝယ်သူများ အကြား အတော်ခဲခဲယဉ်းယဉ်း စေ့စပ်ဆွေးနွေးညှိနှိုင်းရမည့် ကိစ္စများ ကြုံတွေ့ရလေ့ရှိသည်။ ဥပမာအားဖြင့် ကုန်ပစ္စည်းများ သင်္ဘောတင်ပို့ခြင်းနှင့် စပ်လျဉ်း၍ သယ်ယူပို့ဆောင်စရိတ် ၊ ကုန်ပစ္စည်းများအတွက် အာမခံနှင့် အခြား စရိတ်စကများအတွက် မည်သူက ကျခံရမည်ဆိုသည်ကို ညှိနှိုင်းဆုံးဖြတ်ရခြင်းမျိုးဖြစ်သည်။
ထိုနည်းတူ ကုန်ပစ္စည်းများ သင်္ဘောဖြင့် ပို့ဆောင်စဉ် ကာလအတွင်း သတ်မှတ်ထားသည့် အချိန်တစ်ရပ်ရပ်တွင် ပစ္စည်းများ ပျက်စီး/ပျောက်ဆုံး စသည်အတွက် မည်သူက တာဝန်ခံရမည် ဆိုသည့် ကိစ္စမျိုးဖြစ်သည်။
ယဉ်ကျေးမှု ဘာသာစကားနှင့် သက်ဆိုင်ရာ နိုင်ငံအလိုက် ဥပဒေပြဌာန်းချက်၊ လုပ်ထုံးလုပ်နည်းများ မတူညီ ကွဲပြားခြားနားနေသည့်အလျောက် စေ့စပ်ဆွေးနွေး ညှိနှိုင်းမှုများသည် ရှုပ်ထွေးမှုများ ၊ နားလည်မှု လွဲခြင်းများလည်း ဖြစ်ပွားစေနိုင်ပြီး ဖြေရှင်းမရသည့် အငြင်းပွားမှုများ ပေါ်ပေါက်စေနိုင်သည်။
၁၉၃၆ ခုနှစ်တွင် နိုင်ငံတကာ ကုန်သည်ကြီးများအဖွဲ့ (ICC –International Chamber of Commerce) က Incoterms system ခေါ် စံပြုသတ်မှတ်ထားသည့် နိုင်ငံတကာ ကုန်သွယ်မှု ဝေါဟာရ သတ်မှတ်ချက် တစ်ရပ်ကို တီထွင်ဖန်တီးခဲ့သည်။
အဆိုပါ Incoterms ခေါ် နိုင်ငံတကာ ကုန်သွယ်မှုစံနှုန်းများသည် သယ်ယူပို့ဆောင်မှု နည်းလမ်းအမျိုးမျိုးနှင့် ရောင်းသူနှင့် ဝယ်သူအကြား ဘေးအန္တရာယ်နှင့် ကုန်ကျစရိတ်ဆိုင်ရာ တာဝန်ခံမှုများကို သတ်မှတ်ပြဌာန်းပေးထားသည်။
Incoterms စနစ်ကို ပြည်တွင်းနှင့် နိုင်ငံတကာ ကုန်သွယ်မှုအတွက် အသုံးပြုကြြ့ပီး ရောင်းသူ၊ ဝယ်သူ နှစ်ဖွဲ့လုံးအတွက် ဖော်ညွှန်းထားသည်။

စတင် အသက်ဝင်နေပြီဖြစ်သည့် New Incotermss 2020

——————————————————————

Incoterms သတ်မှတ်ပြဌာန်းချက်များကို ဖွံ့ဖြိုးတိုးတက်ပြောင်းလဲနေသည့် နိုင်ငံတကာ ကုန်သွယ်ရေးနှင့် လိုက်လျောညီထွေ ဖြစ်စေရေးအတွက် ပြုပြင်ပြောင်းလဲ ပြင်ဆင် တည်းဖြတ်ထုတ်ဝေ ပြဌာန်းခဲ့ရာ ယခုဆိုလျှင် သတ္တမအကြိမ်မြောက်ရှိခဲ့ပြီ ဖြစ်သည်။
ယခု အသစ် ပြင်ဆင်တည်းဖြတ်ပြဌာန်းထားသည့် New Incoterms 2020 သည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ (၁) ရက်နေ့မှ စတင်၍ အသက်ဝင်ပြီဖြစ်သည်။
သို့ရာတွင် ယခင် Incoterms 2010 နှင့် အညီ ချုပ်ဆိုဆောင်ရွက်ခဲ့သော ကန်ထရိုက်စာချုပ်များသည် ၂၀၁၉ ခုနှစ် ကုန်ဆုံးပြီးသော်လည်း ဆက်လက် တရားဝင်နေဦးမည်ဖြစ်သည်။ အဆိုပါ ကန်ထရိုက်စာချုပ် ချုပ်ဆိုခဲ့သည့် အဖွဲ့များအနေဖြင့် မည်သည့် Incoterms version (Incoterms 2010 or Incoterms 2020) ကိုမဆို ရွေးချယ်ရန် သဘောတူဆောင်ရွက်ခွင့်ရှိသော်လည်း မည်သည့် version ကို ရွေးချယ်မည်ဆိုသည်ကိုမူ တိတိကျကျ သတ်မှတ်ပြဌာန်းကြရန်ဖြစ်သည်။
Incoterms ပြဌာန်းချက်များကို အရောင်းအဝယ် ကန်ထရိုက်များတွင် တာဝန်နှင့် ပိုင်ဆိုင်ခွင့်များအား တိတိကျကျ သတ်မှတ်ပေးနိုင်ရန် စေ့စပ်ညှိနှိုင်းမှုများတွင် အသုံးပြုကြသည်။ အထူးသဖြင့် အောက်ပါ ကိစ္စရပ်များတွင် တာဝန်နှင့် ပိုင်ဆိုင်ခွင့်ကို အတိအကျ ဖော်ညွှန်းပေးထားသည်။

ကုန်ကျစရိတ်များ

———————-

သင်္ဘောတင်ပို့မှု ခရီးလမ်းကြောင်းတွင် သတ်မှတ်ထားသည့် နေရာတွင် ပို့ကုန်ပစ္စည်းနှင့် စပ်လျဉ်းသော ကုန်ကျစရိတ်များအတွက် မည်သူ့တွင် တာဝန်ရှိသလဲ။
ဥပမာအာားဖြင့် ပြည်ပပို့ကုန်ု ထုတ်ပိုးစရိတ် ၊ သယ်ယူပို့ဆောင်ရေးစရိတ် နှင့် အကောက်ခွန်တို့ကို မည်သူက ကျခံမည်ကို သတ်မှတ်ပြဌာန်းပေးထားသည်။

ဘေးအန္တရာယ်များ

—————————

ကုန်ပစ္စည်းများ ပို့ဆောင်စဉ်ကာလအတွင်း ပျက်စီး ပျောက်ဆုံး စသည့် ဘေးအန္တရာယ်များ ကြုံတွေ့ရပါက မည်သူက တာဝန်ယူရမည်ကို သတ်မှတ်ပေးထားသည်။
Incoterms 2020 ပြဌာန်းချက်များသည် ရောင်းသူ ဝယ်သူ နှစ်ဦးစလုံးအတွက် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်မှုနှင့် ဆက်နွယ်သော တာဝန်နှင့် ဝတ္တရားများကို ရှင်းလင်းစွာ သတ်မှတ်ပြဌာန်းထားသည်။
သို့ရာတွင် Incoterms 2020 သတ်မှတ်ပြဌာန်းချက်ကို အရောင်းအဝယ် ကန်ထရိုက်စာချုပ် တစ်ရပ်အဖြစ် မယူဆသင့်ပေ။

Incoterms 2020 သတ်မှတ်ပြဌာန်းချက်များတွင် မပါဝင်သည့် အချက်များအကြောင်း အသးစိတ် ရှင်းလင်းချက်များအား နောက်ထပ်ဆာင်းပါးတွင် ဆက်လက်ရေးသားဖော်ပြပေးသွားပါမည်။

#SuperLight #Logistics #Supply_Chain

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN