fbpx

Mobile Apps ထဲက ကုန်စည်စီးဆင်းမှုများ

ကုန်စည်စီးဆင်းမှု (Logistics) နှင့် သင်္ဘောတင်ပို့မှု (Shippint) တို့သည် အမြဲတမ်းဆိုသလို အလုပ်များပြားနေပြီး အလျင်အမြန် သိသိသာသာ ပြောင်းလဲနေသော လုပ်ငန်းများပင် ဖြစ်သည်။
အဆိုပါ လုပ်ငန်းများသည် အခြားစီးပွားရေးလုပ်ငန်း အများအပြားနှင့် နှိုင်းစာလျှင် နောက်ဆုံးပေါ် ခေတ်မီနည်းပညာများကို ပိုမို လိုလားစွာ လက်ခံကျင့်သံံုံးလျက်ရှိသော လုပ်ငန်းများဖြစ်သည်။ လုပ်ငန်းတွင်ကျယ်ထိရောက်မှုကို မြှင့်တင်ပေးနိုင်မည့် နည်းပညာသစ်များအား လက်ခံဆောင်ရွက်ရန် မည်သည့်အခါမှ တုန့်ဆိုင်းနှောင့်နှေးမှု မရှိခဲ့ပေ။
သို့ဖြစ်၍လည်း mobile apps (စမတ်ဖုန်း ၊ ipad ၊ tablet ၊ laptop) စသည်တို့တွင် ထည့်သွင်း အသုံးပြုနိုင်သော computer program (or) software application ကို လက်ခံကျင့်သုံးသော လုပ်ငန်းကဏ္ဍများတွင် ကုန်စည်ဖြန့်ဖြူးရေး (Logistics) လုပ်ငန်းသည် ရှေ့တန်းမှ ရပ်တည်နေခြင်းဖြစ်သည်။
ကုန်စည်စီးဆင်းမှုနှင့် သင်္ဘောတင်ပို့မှု လုပ်ငန်းဌာနခွမြျားကို ကမ္ဘာအနှံ့ ဖြန့်ကျက်ဆောင်ရွက်နေသော ဧရာမလုပ်ငန်းကြီးမှသည် တစ်နိုင်တစ်ပိုင် ဆောင်ရွက်နေသော လုပ်ငန်းငယ်များအထိ ကုန်စည်စီးဆင်းမှု (Logistics) နယ်ပယ်တစ်ဝှန်းလုံးတွင် mobile apps များကို တွင်တွင်ကျယ်ကျယ် ကျယ်ကျယ်ပြန့်ပြန့် လက်ခံကျင့်သုံးလျက်ရှိသည်။
Mobiel apps များက ကုန်စည်စီးဆင်းမှု လုပ်ငန်းဆောင်ရွက်ချက်များ အပေါ် မည်သို့ သိသာစွာ ပြောင်းလဲလာအောင် စွမ်းဆောင်ပးလျက်ရှိသည်ကို အကျဉ်းအားဖြင့် ဖော်ပြလိုက်ပါသည်။

(၁) IOT / GPS နှင့် AI

—————————-

ကုန်စည်စီးဆင်းမှု (Logistics) နယ်ပယ်တစ်ခုလုံးအတွက် မရှိမဖြစ် ခေတ်မီနည်းပညာများအနက် IOT (Internet of thing) ၊ GPS (Global Positioning System) နှင့် AI (Artificial Intelligence) တို့သည် အရေးပါဆုံး နည်းပညာများအဖြစ် ရပ်တည်နေကြသည်။
အဆိုပါ နည်းပညာများကို သယ်ယူပို့ဆောင်ရေးစနစ်များနှင့် ချိတ်ဆက်အသုံးပြုခြင်းအားဖြင့် သင်္ဘောတင်ကုန်စည်များ ၊ ခရီးလမ်းပေါ်မှ မော်တော်ယာဉ်များကို ခြေရာကောက်ရာတွင် ယခင်အခါများထက် များစွာ ပိုလွယ်ကူလာခဲ့သည်။
GPS စနစ်က သယ်ယူပို့ဆောင်သည့် ယာဉ်များ၏ တည်နေရာ သတင်းအချက်အလက်ကို အတိအကျ ပေးပို့နိုင်သည်။ AI နည်းပညာက အဆိုပါ သတင်းအချက်အလက်ကို ယာဉ်လမ်းကြောင်း အချက်အလက်များနှင့် ပေါင်းစပ်ကာ မော်တော်ယာဉ်များအား အကောင်းဆုံး ခရီးလမ်းကြောင်းကို ညွှန်ပြပေးနိုင်သည်။
ထို့အပြင် AI နည်းပညာ အခြေခံသည့် Apps များသည် ကုန်ပစ္စည်းများ လွှဲပြောင်းပေးပို့မည့် ကာလ အတိုင်းအတာကို ပိုမိုတိကျစွာ ခန့်မှန်းတွက်ချက်ပေးနိုင်သည်။

(၂) သက်သာသည့် သိုလှောင်ရုံစီမံခန့်ခွဲမှု

————————————————-

လူ့ပယောဂကြောင့် ဖြစ်ပေါ်ရသော မှားယွင်းမှုများသည် ကုန်စည်စီးဆင်းမှု လုပ်ငန်းအတွက်သာမက supply chain ကွန်ယက်တစ်ခုလုံးအတွက် စိတ်ပျက်ဖွယ် မလိုလားအပ်သော အကြောင်းကိစ္စများပင် ဖြစ်သည်။
ယခုအခါ ခေတ်မီနည်းပညာ တိုးတက်မှုနှင့် အတူ RFID (Radio Frequency identification) ၊ WMS (Warehouse management system) ကဲ့သို့သော နည်းပညာများ၏ အကူအညီဖြင့် သိုလှောင်ရုံ စီမံခန့်ခွဲမှုလုပ်ငန်းများကို လွယ်ကူချောမွေ့စွာ ဆောင်ရွက်လာနိုင်သည့်အပြင် မလိုလားအပ်သော အမှားများကိုလည်း ရှောင်ကွင်းလာနိုင်ပြီ ဖြစ်သည်။
ထို့တိုင် mobile apps များသည် အချက်အလက်များအားလုံးကို တစ်စုတစ်စည်းတည်း စုစည်းကာ ဗဟိုအချက်အလက်များ သိုမှီးရာ အဖြစ် အသုံးပြုနိုင်သည်။

(၃) သင်္ဘောတင်ပို့ကုန်စည်များကို မျက်ခြေမပြတ် သိရှိနိုင်ခြင်း

———————————————————————-

ယခင်က မိမိတို့ လက်ခံရမည့် သင်္ဘောတင်ကုန်စည်များ အခြေအနေကို သိရှိရန် email (သို့) သက်ဆိုင်ရာ သင်္ဘောလိုင်း website များသို့ ဝင်ရောက်ကြည့်ရှုကြရသည်။
ယခုအခါ သင်္ဘောတင် ကုန်စည်များနှင့် စပ်လျဉ်း၍ သတင်းအချက်အလက်များကို ကွန်ပြူတာဖန်သားပြင်ပေါ်တွင် စဉ်ဆက်မပြတ် အချိန်မရွေး ခြေရာကောက်နိုင်ပြီ ဖြစ်သည်။
ထိုသို့ သင်္ဘောတင် ကုန်ပစ္စည်းများကို အလွယ်တကူ မျက်ခြေမပြတ်သိရှိနိုင်ခြင်းသည် ကုန်ပစ္စည်းများကို online မှတစ်ဆင့် မှာယူသည့် မရေမတွက်နိုင်သော သုံးစွဲသူများအတွက် များစွာ အထူးအရေးပါလှသည်။
ထို့ပြင် mobile apps များမှ တစ်ဆင့် သင်္ဘောတင် ကုန်ပစ္စည်းများကို အချိန်မရွေး ထောက်လှမ်း သိရှိနိုင်ခြင်းသည် လုပ်ငန်းကဏ္ဍ တစ်ရပ်လုံး၏ ထုတ်လုပ်နိုင်မှုစွမ်းအား မြှင့်တင်ရေးအတွက များစွာ အထောက်အကူ ဖြစ်စေနိုင်လျက်ရှိသည်။

(၄) ပိုမိုတိုးပွားလာသော အီလက်ထရောနစ် ကုန်သွယ်ရေး ရောင်းချမှုများ

——————————————————————————

Mobile apps များသည် သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သည့် အတွေ့အကြုံနှင့် ပိုမိုလွယ်ကူရှင်းလင်းသည့် လုပ်ဆောင်နိုင်မှုများကို ဖြည့်ဆည်းပေးနေသည့်အပြင် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရာတွင်လည်း များစွာ အထောက်အကူပြုပေးလျက်ရှိသည်။
ပိုမို မြန်ဆန်သွက်လက်ပြီး သိသသာမြင်သာသည့် ပစ္စည်းပေးပို့မှု လုပ်ငန်းစဉ်များကြောင့် လက်လီ သုံးစွဲသူအများအပြားသည် online (သို့) mobile apps များမှတစ်ဆင့် ကုန်ပစ္စည်းများကို မှာကြားလာကြသည်။
ထို့ပြင် အမှာစာတစ်ခုအပေါ် အလျင်အမြန် အတည်ပြုပေးနိုင်မှုနှင့် ပစ္စည်းပေးပို့မှု လုပ်ငန်းစဉ်တွင် ပေးပို့သည့် ပစ္စည်းနှင့် စပ်လျဉ်း၍ ကြိုတင် သတင်းပေးပို့နိုင်မှုသည် လုပ်ငန်းစဉ် တစ်ရပ်လုံးအပေါ် ပွင့်လင်းမြင်သာမှုရှိစေပြီး သုံးစွဲသူများ၏ ယုံကြည်စိတ်ချမှုကို အပြည့်အဝ ရရှိစေလျက်ရှိသည်။

(၅) ပိုမိုသက်သာသည့် ကုန်ကျစရိတ်နှင့် လုပ်ငန်းတွင်ကျယ်ထိရောက်မှု

——————————————————————————-

ကုန်စည်စီးဆင်းမှုလုပ်ငန်းအတွက် တီထွင်ဖန်တီးခဲ့သည့် mobile apps များသည် လုပ်ငန်း ပွင့်လင်းမြင်သာမှုနှင့် တွင်ကျယ်ထိရောက်မှုကို အကောင်းဆုံး ဖြည့်ဆည်းပေးနေသည်သာမက ကုန်စည်စီးဆင်းမှု လုပ်ငန်းဆိုင်ရာတာဝန်ရှိသူများအတွက် လုပ်ငန်းပမာဏ လျော့ကျရေးကိုပါ အထောက်အကူပြုပေးလျက်ရှိသည်။
ဥပမာအားဖြင့် အလွယ်တကူ သိရှိနိုင်ပြီး အဆင်ပြေချောမွေ့သည့် ပစ္စည်းပို့ဆောင်မှု လုပ်ငန်းစဉ်သည် သုံးစွဲသူများထံမှ စုံစမ်းမေးမြန်းသည့် ဖုန်းခေါ်ဆိုမှုများကို သိသာစွာ လျော့ကျသွားစေမည် ဖြစ်သည်။
ထို့ပြင် သုံးစွဲသူ (ပစ္စည်းမှာကြားထားသူများ) များအား ပေးပို့သည့် ပစ္စည်း နှင့် ပစ္စည်းပေးပို့မှု အခြေအနေနှင့် စပ်လျဉ်း၍ mobile apps များမှတစ်ဆင့် အလိုအလျောက် သတင်းပေးနေမည်ဖြစ်ရာ သုံးစွဲသူ ဝန်ဆောင်မှုအတွက် အချိန်ပြည့် ဆောင်ရွက်နေရန် လိုအပ်မည် မဟုတ်တော့ပဲ ကုန်ကျစရိတ်များစွာ လျော့နည်းသက်သာသွားစေမည် ဖြစ်သည်။

(၆) သယ်ယူပို့ဆောင်မှုလုပ်ငန်း

————————————-
Mobile apps များ၏ အဓိက အကျိုးပြုမှုတစ်ရပ်မှာ သယ်ယူပို့ဆောင်မှု လုပ်ငန်းဆောင်ရွက်ချက်များနှင့် စီမံခန့်ခွဲမှုများကို ပိုမို လွယ်ကူစေခြင်းပင်ဖြစ်သည်။
မည်သည့် ကုန်စည်စီးဆင်းရေး ဝန်ဆောင်မှုလုပ်ငန်းကို မဆို သယ်ယူပို့ဆောင်ရေး လုပ်ငန်းအသီးသီးနှင့် ပိုင်ရှင်အသီးသီးထံမှ မော်တော်ယာဉ်များကို စုစည်းပြီး ကြီးကြပ်ကွပ်ကဲ စီစဉ်ရန် လိုအပ်မည်ဖြစ်သည်။
သို့ရာတွင် ယခုအခါ သာမန် mobile apps တစ်ခုကို အသုံးပြုရုံမျှဖြင့် မတူညီသော ပိုင်ရှင် အသီးသီးထံ တစ်စည်းတစ်လုံးတည်း ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

#SuperLight #Logistics #Supply_Chain

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN