fbpx

ကုန်ပစ္စည်းစာရင်းစီမံခန့်ခွဲမမှုကို အထိရောက်ဆုံးဖြစ်စေရန် အထောက်အကူပေးမည့် မဟာဗျူဟာ (၈)ရပ်

ကုန်ပစ္စည်း စာရင်း စီမံခန့်ခွဲမှုသည် ကုန်ပစ္စည်းထုတ်လုပ်သူများအတွက်သာမက လက်လီရောင်းချသူများအတွက်ပါ အထူးအရေးပါသည့် ကိစ္စရပ်ဖြစ်သည်။
ကုန်ပစ္စည်းထုတ်လုပ်သူမများအတွက် ရည်မှန်းချက်မှာ ကုန်ပစ္စည်းစုစုပေါင်း အရေအတွက်နှင့် ကုန်ပစ္စည်းစာရင်းတွင် ကြာမြင့်ချိန် (စင်တင်ချိန်) နှစ်ရပ်လုံးကို လျော့ချနိုင်ရေးဖြစ်ပြီး လက်လီရောင်းချသူများအတွက် ရည်မှန်းချက်မှာ ဝယ်လိုအားနှင့် လိုက်လျောညီထွေ ဖြစ်စေမည့် ကုန်ပစ္စည်းအရေအတွက်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ရေးနှင့် ကုန်ပစ္စည်းပြတ်လပ်မှု (သို့) ကာလရှည်စုပုံနေမှု စသည့် မလိုလားအပ်သော အခြေအနေများကို လျှော့ချနိုင်ရေးပင်ဖြစ်သည်။
သုံးစွဲသူများ၏ လိုအပ် (ဝယ်လိုအား) နှင့် ကိုက်ညီစေမည့် အသင့်လျော်ဆုံးသော ကုန်ပစ္စည်းအရေအတွက်ကို ဆက်လက်ထိန်းသိမ်းထားရှိနိုင်ရေးအတွက် အသုံးပြုနိုင်သည့် ကုန်ပစ္စည်းစာရင်း စီမံခန့်ခွဲမှုမဟာဗျူဟာ အများအပြား ရှိနေသည်။
၎င်းတို့အနက် သိရှိထားသင့်သော မဟာဗျူဟာအချို့ကို ဖော်ပြလိုက်ပါသည်။

(၁) အချက်အလက်စုဆောင်းမှုကို ပိုမိုတိုးတက်အောင် ပြုပြင်ခြင်း

————————————————————————–

နိုင်ငံတကာ Supply Chain (ဈေးကွက်ချိတ်ဆက်မှုများ)တွင် အဖွဲ့အစည်းတစ်ရပ် အနေဖြင့် ကုန်ပစ္စည်းများ (ကုန်ကြမ်း ၊ ကုန်ချော) မည်သည့်နေရာတွင် ရှိသည် ၊ ထုတ်ကုန်ပစ္စည်းသုံးစွဲသူများထံ ရောက်ရှိရန် ကြာမြင့်မည့်အချိန် ၊ ကုန်ထုတ်စက်ရုံ ၊ အလုပ်ရုံများထံ ကုန်ကြမ်းပစ္စည်းများ ရောက်ရှိရန် ကြာမြင့်မည့်အချိန် ၊ ရောက်ရှိမည့် ကုန်ကြမ်းပစ္စည်းပမာဏ စသည့် အချက်များကို မလွဲမသွေ သိရှိထားရန် လိုအပ်မည်ဖြစ်သည်။
အဆိုပါ အချက်အလက်များကို သေချာစွာသိရှိထားခြင်းမရှိပါက အဖွဲ့အစည်းအနေဖြင့် ၎င်း၏ ကုန်ပစ္စည်းများ မည်ရွေ့မည်မျှ ရှိသည်ဆိုသည့် အဆင့်ကို သင့်တော်လျောက်ပတ်စွာ ခန့်မှန်းတွက်ဆနိုင်ခြင်းရှိမည်မဟုတ်ပဲ ကုန်ပစ္စည်းများကို မလိုအပ်ပဲ အမြောက်အမြား စုဆောင်း ထိန်းသိမ်းထားခြင်းမျိုး ဖြစ်ပေါ်နိုင်မည် ဖြစ်သည်။
ကုန်ပစ္စည်းစာရင်းစီမံနိုင်ရန်နှင့် မည်သည့်အချိန်တွင် ကုန်ပစ္စည်းများ ထပ်မံ မှာယူမှု ရပ်ဆိုင်းရမည် ဆိုခြင်းကို ဆုံးဖြတ်နိုင်ရန် အဖွဲ့အစည်းများအနေဖြင့် တစ်ပတ်လည်ရေတွက်မှု စနစ် တစ်ရပ်ရပ်ကို ကျင့်သုံးဆောင်ရွက်သင့်သည်။
ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ကုန်ပစ္စည်းများအားလုံးကို မျက်ခြည်မပြတ် စစ်ဆေးသွားနိုင်စေမည်ဖြစ်ပြီး Supply Chain မှ ပေးပို့လာသော အခြားသတင်းအချက်အလက်များနှင့် ဆက်စပ်ကာ မိမိ လက်ကျန်ကုန်ပစ္စည်းများကို မည်ရွှေ့မည်မျှ မည်သည့်အခါ ထပ်မံဖြည့်တင်းထားရမည်ကို တွက်ဆသွားနိုင်မည် ဖြစ်သည်။

(၂) ကြာမြင့်ချိန်များကို လျော့ချခြင်း

————————————–

အဖွဲ့အစည်းတစ်ခု၏ ကြာမြင့်ချိန် Lead Time (ကုန်ပစ္စည်းတစ်ခု ထုတ်လုပ်ရန် အစပျိုးချိန်မှ ကုန်ပစ္စည်းထုတ်လုပ်ပြီး ကုန်ချောအဖြစ် သုံးစွဲသူ လက်ဝယ်ရောက်သည်အထိ ကြာမြင့်ချိန်) အချိန်ကြာရှည်လာလေလေ ၎င်းအဖွဲ့အစည်း၏ လက်ဝယ်တွင် ကုန်ပစ္စည်းအရေအတွက် ပိုမိုများပြားလာလေလေ ဖြစ်သည်။
အဖွဲ့အစည်းများအနေဖြင့် သုံးစွဲသူမျျား လက်ဝယ်သို့ ထုတ်ကုန်ပစ္စည်းမျာား ရောက်ရှိစေမည့် ပိုမိုလျင်မြန်သည့် နည်းလမ်းများကို ရှာဖွေကြံဆနိုင်ရမည်ဖြစ်သည်။
ဥပမာအားဖြင့် ပိုမိုထိရောက်လျင်မြန်သော သယ်ယူပို့ဆောင်ရးစနစ်များကို အသုံးပြုခြင်း(သို့) သုံးစွဲသူအများအပြား တည်ရှိရာ အဓိကနေရာများအနီးသို့ ကုန်ထုတ်လုပ်သည့် စက်ရုံအလုပ်ရုံများ ပြောင်းရွှေ့နေရာယူထားခြင်းမျိုး ဖြစ်သည်။
သို့ရာတွင် ပိုမို စရိတ်စက ကြီးမားသော သယ်ယူပို့ဆောင်မှု နည်းလမ်းများနှင့် ၎င်းတို့နှင့် ဆက်စပ်နေသော ထပ်ဆောင်းကုန်ကျစရိတ်များသည် ကုန်ကျခံ သင့် မသင့် ချိန်ဆရန်နှင့် ယခင်အတိုင်း ကုန်ပစ္စည်းများ ထားရှိခြင်းကြောင့် ကုန်ကျမည့် သိုလှောင်ထိန်းသိမ်းစရိတ်များကို မလွဲမသွေ ထည့်သွင်းစဉ်းစားရန်ဖြစ်သည်။

(၃) ကုန်ထုတ်လုပ်မှု အရှိန်မြှင်တင်ခြင်း

———————————————

အဖွဲ့အစည်းတစ်ရပ်အနေဖြင့် သုံးစွဲသူများ၏ လိုအင် (ဝယ်လိုအာား) နှင့် ကိုက်ညီမည့် ကုန်ပစ္စည်းအရေအတွက် အလုံအလောက်ရှိနေမည် ဖြစ်သည်။
အကယ်၍ ကုန်ပစ္စည်းများကို လျင်မြန်စွာ ထုတ်လုပ်နိုင်လျှင် (သို့) ထုတ်လုပ်သူထံမှ ကုန်ပစ္စည်းများကို ပိုမို လျင်မြန်စွာ လက်ခံရရှိမည်ဆိုလျှင် ကုန်ပစ္စည်းအရေအတွက် နည်းနည်း (သိုလှောင်ထားရမှု ပမာဏ)ဖြင့် ဝယ်လိုအားနှင့် ကိုက်ညီမည့် အဆင့်ကို ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။
ဥပမာအားဖြင့် ကုန်ပစ္စည်းတစ်ခု ထုတ်လုပ်ရန် တစ်လအချိန်ကြာမြင့်မည်ဆိုပါက ထိန်းသိမ်းသိုလှောင်ထားရမည့် ကုန်ပစ္စည်း အရေအတွက အဆင့်သည့် အနည်းဆုံး ရက်သတ္တပတ် လေးပါတ်စာ ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်ရမည် ဖြစ်သည်။
အကယ်၍ ကုန်ပစ္စည်းတစ်ခု ထုတ်လုပ်ရန် တစ်ရက်သာကြာမြင့်မည်ဆိုပါက နှစ်ရက်စာ ကုန်ပစ္စည်းအရေအတွက် အသင့်သည် သုံးစွဲသူဝယ်လိုအားကို ကာမိစေနိုင်မည်ဖြစ်ပြီး ကုန်ပစ္စည်းသိုလှောင်ထိန်းသိမ်းထားရမှု အရေအတွကို များစွာလျှော့ချနိုင်မည် ဖြစ်သည်။

(၄) စီးပွားရေးတွက်ခြေကိုက်ဝယ်ယူမှုရှောင်ရှားခြင်း

——————————————————–

အဖွဲ့အစည်းတော်တော်များများသည် ကုန်ပစ္စည်းအစုအပြုံလိုက် ဝယ်ယူလျှင် ဈေးသက်သာသဖြင့် ကုန်ကြမ်းပစ္စည်းများ (သို့) ပစ္စည်းအစိတ်အပိုင်းများကို အရေအတွက် အမြောက်အမြား တစ်စုတစ်စည်းတည်း ဝယ်ယူလေ့ရှိကြသည်။
သို့ရာတွင် ကုန်ပစ္စည်းအစုအပြုံလိုက် ဝယ်ယူခြင်းသည် ဝယ်ယူမည့်ဈေးနှုန်းတွင် လျော့နည်းသက်သာ (ကာမိ)သည်ထက် ကုန်ပစ္စည်းများကို သိုလှောင်ထိန်းသိမ်းထားရှိရမှုက ပိုမိုကုန်ကျနိုင်သည်ကို သတိပြုသင့်သည်။
အဖွဲ့အစည်းများ အနေဖြင့် သုံးစွဲသူများ၏ ဝယ်လိုအား အဆင့်နှင့် ကိုက်ညီအောင် လိုအပ်မည့် ပမာဏအတိုင်းအတာကိုသာ ဝယ်ယူသင့်သည်။ ထိုအချက်မှာ Just-in-time inventory ( ကုန်ပစ္စည်းထုတ်လုပ်ရန် (သို့) ဖြန့်ဖြူးရန် လိုအပ်သလောက်သာ လက်ခံသည့် မဟာဗျူဟာ ) ၏ သဘောထားတစ်ရပ်ဖြစ်သည်။
သို့ရာတွင် လုပ်ငန်းကဏ္ဍ နှင့် ထုတ်ကုန်ပစ္စည်း အမျိုးအစား သဘာဝကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။

(၅) ကုန်ပစ္စည်းအပိုအလျှံစုဆောင်းထားရှိခြင်း

———————————————————

Hedge inventory ဆိုသည်မှာ ကုန်ပစ္စည်းပြတ်လပ်ခြင်း ၊ ဈေးနှုန်းမြင့်တက်ခြင်း စသည့် အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသော အန္တရာယ်များကို လျှော့ချနိုင်ရန် (သို့) ရှောင်ရှားနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကြားခံ သဘောမျိုး ကုန်ပစ္စည်းများကို လိုအပ်သည်ထက် ပိုမို ဝယ်ယူထားခြင်း (သို့) ပိုမို စုဆောင်းသိုလှောင်ထားခြင်း ဖြစ်သည်။ Hedging မှာ ကုန်ပစ္စည်း ဈေးနှုန်းမြင့်တက်မှု (သို့) ငွေကြေး ဖောင်းပွမှု စသည့် မတည်ငြိမ်သည့် အခြေအနေများကြောင့် ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည့် ဆုံးရှုံးမှုများကို ကာမိစေရန် အသုံးပြုသည့် စွန့်စားရသော မဟာဗျူဟာတစ်ရပ် ဖြစ်သည်နှင့်အညီ မဖြစ်ပေါ်သေးသည့် အနာဂတ်အလားအလာာကို အတည့်မတ်ဆုံး ကြိုတင်ခန့်မှန်းတွက်ဆနိုင်မှုကို အခြေခံထားပြီး ဖြစ်ပေါ်လာနိုင်သည့် ကုန်ကျစရိတ်နှင့် ဆုံးရှုံးနိုင်မှု အန္တရာယ်သည်လည်း အလွန်မြင့်မားနိုင်သည်ကို သတိပြုနေရမည်ဖြစ်သည်။
သို့ရာတွင် တစ်ခါတစ်ရံတွင် မျှော်မှန်းထားသည့်အတိုင်း အခြေအနေများ ဖြစ်ပေါ်လာသည့်အခါ အဖွဲ့အစည်းများအတွက် အမြတ်အစွန်းများစွာ ရရှိရန် အထောက်အကူပြုသည်ကိုလည်း တွေ့ရှိရတတ်ပေသည်။

(၆) ဈေးကွက်ဝယ်လိုအား အပေါ် ကုန်ပစ္စည်းစီမံခန့်ခွဲမှုကို အခြေပြုခြင်း

———————————————————————————

ကုန်ပစ္စည်းများ စီမံခန့်ခွဲမှုကို အထောက်အကူပြုရန် ကြိုတင်ခန့်မှန်းမှုမများသည် အမှန်တကယ် လိုအပ်ချက်ဖြစ်သော်လည်း အဆိုပါ ကြိုတင်ခန့်မှန်းချက်များသည် အမှန်တကယ် အတွေ့အကြုံရှိ ကျွမ်းကျင်လိမ်မာသော ကြိုတင်မှန်းဆချက်များ ဖြစ်ရန်လိုသည်။
လများစွာ (သို့) တစ်နှစ်ခန့် ရှေ့သို့ ကြိုတင်ခန့်မှန်းချက်များသည် အတိအကျ မှန်ကန်ရန်မလွယ်ကူပေ။
အဖွဲ့အစည်းများအနေဖြင့် မည်သည့်အချိန်တွင် ကုန်ပစ္စည်းများ ဖြည့်တင်းရမည်ကို သည်။ဆုံးဖြတ်နိုင်ရန် ဈေးကွက်ဝယ်လိုအား နှင့် နှိုင်းယှဉ်ကာ ကြိုတင် ခန့်မှန်း ဆောင်ရွက်သင့်ပေသည်။
ထိုသို့ ဈေးကွက် ဝယ်လိုအားကို အခြေခံကာ မှန်းဆခြင်းအားဖြင့် သုံးစွဲသူများ အမှန်တကယ် ဝယ်ယူသည့်ပမာဏနှင့် လိုက်လျောညီထွေ ဖြစ်စေမည့် ကုန်ပစ္စည်းအရေအတွက်အသင့်ကို ထိန်းသိမ်းထားရှိနိုင်မည်ဖြစ်သည်။

(၇) မိတ်ဖက်များအသုံးပြုခြင်း

————————————-

အဖွဲ့အစည်းများအနေဖြင့် ကုန်ပစ္စည်းပေးသွင်းသူ မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကုန်ပစ္စည်းထိန်းသိမ်းထားရမှု အရေအတွက် ပမာဏ အဆင့်ကို လျော့ချနိုင်သည်။
ထိုသို့ မိတ်ဖက်အဖြစ် လက်တွဲပူးပေါင်းဆောင်ရွက်ရာတွင် ကုန်ပစ္စည်းပေးသွင်းသူနှင့် ဝယ်ယူသူအဖွဲ့အစည်းများအကြား အပြန်အလှန် ယုံကြည်မှု မြင့်မားရန် လိုအပ်မည်ဖြစ်သည်။
မိတ်ဖက်များအကြား ယုံကြည်မှု မြင့်မားရေးအတွက် ကုန်ပစ္စည်းသင်္ဘော တင်ပို့မှုသတင်းကဲ့သို့သော သိသင့်သိထိုက်သည့် သတင်းများကို မိတ်ဖက်နှစ်ဦးစလုံးမှ ဝင်ရောက်ကြည့်ရှုအသုံးပြုနိုင်သည့် Online Information System များကို မျှဝေဆောင်ရွက်ကြရမည်ဖြစ်သည်။

(၈) အလျင်အမြန်ကုန်စည်ဖြည့်တင်းနိုင်ခြင်း

————————————————
ကုန်ပစ္စည်းများ အလျင်အမြန် ဖြည့်တင်းနိုင်ခြင်းသည် သုံးစွဲသူ ဝယ်လိုအားနှင့် ကုန်ပစ္စည်းစင်တင်အရေအတွက် အနိမ့်ဆုံးလျော့ချလိုသည့် လက်လီရောင်းသူများ၏ ဆန္ဒကို ဟန်ချက်ညီအောင် အထောက်အကူပေးနိုင်သည်။
လက်လီကုန်စံဆိုင်ရှင်အများစုသည် အမြတ်နည်းနည်း ရယူပြီး အရေအတွက်များများကို ဆက်သွယ်ရောင်းချလိုကြသည်ဖြစ်ရာ ကုန်ပစ္စည်းများ အလျင်အမြန် ဖြည့်တင်းနိုင်မှု မဟာဗျူဟာများသည် လက်လီကုန်စုံဆိုင်ရှင်များအတွက် အထူးပင်အသုံးဝင်သည်။ ကုန်ပစ္စည်း အလျင်အမြန်ဖြည့်တင်းနိုင်မှု မဟာဗျူဟာကြောင့် စတိုးဆိုင်များတွင်ထားရှိရမည့် ပစ္စည်းအရေအတွက် ပိုမိုလျော့နည်းထားသိုနိုင်ခြင်း၊ ရောင်းချရန် အရေအတွက်နှင့် ဖြည့်တင်းမည့် အရေအတွက်ကို ကိုက်ညီမှုကြောင့် အလဟသ ဆုံးရှံုံးရမှုများကို လျော့ချနိုင်ခြင်းနှင့် ကုန်ပစ္စည်းများအားလုံးကို မျက်ခြေမပြတ် ထောက်လှမ်းနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။

#SuperLight #Logistics #Supply_Chain

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN