fbpx

ရေကြောင်း၊ လေကြောင်းနှင့် ကုန်လမ်းကုန်စည်ပို့ဆောင်မှု နှိုင်းယှဉ်ခြင်း

ကုန်ပစ္စည်းများ သဘောၤတင်ပို့မှုစီစဉ်သည့်အခါ သယ်ယူပို့ဆောင်မည့်နည်းလမ်းသည် အရေးကြီးသည့် စဉ်းစားဆုံးဖြတ်ရမည့်ကိစ္စ ဖြစ်ပါတယ်။ မည်သို့သော သယ်ယူပို့ဆောင်မှုနည်းလမ်းနဲ့ ပို့ဆောင်အသုံးပြုမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချမှတ်တဲ့အခါ ပို့ဆောင်မှုစရိတ်စကအပြင် အရေးတကြီးပို့ဆောင်ပေးရန်လိုအပ်ချက်၊ သဘောၤတင်ပို့မဲ့ ကုန်စည်များ၏တန်ဖိုး၊ ကုန်ပစ္စည်းများ၏အလေးချိန်၊ အရွယ်အစားစသည့် အချက်များမှာ ထည့်သွင်းတွက်ချက်ရမဲ့အချက်များဖြစ်ပါတယ်။ သင့်ကုန်ပစ္စည်းများပို့ဆောင်သည့်အခါ မည်သည့်နည်းလမ်းသည်အကောင်းဆုံး၊ အသင့်လျော်ဆုံးဖြစ်သည်ကို ချိန်ဆနိုင်ရေးအတွက် ကုန်စည်ပို့ဆောင်မှုနည်းလမ်းများကို နှိုင်းယှဉ်ဖော်ပြအပ်ပါတယ်။

(၁) ပင်လယ်ရေကြောင်းကုန်စည်ပို့ဆောင်မှု
ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှု၏ ၉၀ ရာခိုင်နှုန်းခန့်မှာ ပင်လယ်ရေကြောင်းကုန်စည်ပို့ဆောင်မှုဖြစ်ပါတယ်။
ကုန်ပစ္စည်းများ၏ အရွယ်အစား၊ ထုထည်ပမာဏတို့ကြောင့် ပင်လယ်ရေကြောင်းမှတစ်ပါး အခြားနည်းလမ်းများနဲ့ ပို့ဆောင်လို့မရသည့်ကုန်စည်များ ရှိသကဲ့သို့ စီးပွားရေးအရ တွက်ခြေကိုက်အောင် ပင်လယ်ရေကြောင်းနှင့် ပို့ဆောင်ရသည့် ကုန်စည်များလဲရှိပါတယ်။ ပင်လယ်ရေကြောင်းပို့ဆောင်မှုဟာ ကုန်စည်ပို့ဆောင်မှုမှာ ကုန်ကျစရိတ် အသက်သာဆုံးဖြစ်ပေမဲ့ အခြားပို့ဆောင်မှု နည်းလမ်းများနှင့် နှိုင်းယှဉ်လျှင် သယ်ယူပို့ဆောင်ချိန်ပိုမိုကြာမြင့်မှာ ဖြစ်ပါတယ်။

ပင်လယ်ရေကြောင်းပို့ဆောင်မှု၏ အဓိကအကျိုးကျေးဇူးများမှာ –

၁) အချိန်ယူပို့ဆောင်နိုင်သည့် မည်သည့်ကုန်ပစ္စည်းများကိုမဆို ပို့ဆောင်နိုင်မှု
၂) အရွယ်အစား၊ ထုထည်ပမာဏနှင့် အလေးချိန်အရ အခြားပို့ဆောင်မှုယာဉ်များ သယ်ယူပို့ဆောင်နိုင်ခြင်းမရှိသည့် ကုန်စည်များ တင်ဆောင်ပေးပို့နိုင်မှု
၃) ကုန်စည်ပို့ဆောင်ခ အနည်းဆုံးဖြစ်သဖြင့် စီးပွားရေးတွက်ခြေကိုက်မှု
၄) ကမ္ဘာတစ်ဝှမ်းဖြန့်ကျက်ပို့ဆောင်နိုင်မှု
၅) ကုန်ပစ္စည်းအမျိုးအစားအလိုက် ကုန်တင်သဘောၤအမျိုးမျိုး ရွေးချယ်နိုင်မှု

(၂) လေကြောင်းကုန်စည်ပို့ဆောင်မှု
ဈေးကွက်နှင့် ကုန်စည်စီးဆင်းမှုလိုအပ်ချက်အရ အလျင်အမြန်အချိန်မှီပေးပို့ရမည့် ပစ္စည်းများ၊ တန်ဖိုးကြီးပစ္စည်းများကို လေကြောင်းဖြင့် ပို့ဆောင်ကြလေ့ရှိသည်။ ထို့ပြင်အစားအစာ၊ ပန်းစသည့် ပျက်စီးလွယ်သောပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများကိုလဲ သယ်ယူပို့ဆောင်မှုကြာမြင့်ချိန်တိုတောင်းသည့် လေကြောင်းပို့ဆောင်မှုကို ရွေးချယ်ကြသည်။ လေကြောင်းပို့ဆောင်ရေးတွင် အရွယ်အစားနှင့် အလေးချိန်ကန့်သတ်မှုများကြောင့် ပစ္စည်းအမျိုးအစားတိုင်း ပို့ဆောင်နိုင်ခြင်းမရှိသကဲ့သို့ ကုန်စည်ပို့ဆောင်ခမှာလည်း အခြားပို့ဆောင်မှုနည်းလမ်းများထက် မြင့်မားနေမည်ဖြစ်သည်။

လေကြောင်းကုန်စည်ပို့ဆောင်မှု၏ အဓိကအကျိုးကျေးဇူးများမှာ –
၁) ပို့ဆောင်မှုအချိန်တိုတောင်းခြင်း၊ အလျင်အမြန်ပို့ဆောင်နိုင်ခြင်း
၂) ကုန်စည်ထိန်းသိမ်းကိုင်တွယ်ရမှု လျော့နည်းခြင်း
၃) စာရွက်စာတမ်းလိုအပ်ချက် လျော့နည်းခြင်း
၄) ပစ္စည်းအဝင်၊ အထွက် အချိန်တိကျခြင်း
၅) ကုန်ပစ္စည်းအတွက် ပိုမို၍လုံခြုံစိတ်ချရခြင်း

(၃) ကုန်းလမ်းပို့ဆောင်မှု (ရထား)
ကုန်လမ်းပို့ဆောင်မှုအနက် ရထားဖြင့်ပို့ဆောင်ခြင်းမှာ ခရီးရှည်ပို့ဆောင်ခြင်းတွင် မော်တော်ယာဉ်ဖြင့်ပို့ဆောင်ခြင်းထက် ပို၍ကုန်ကျစရိတ်သက်သာနိုင်သော်လည်း ခရီးတိုတွင် မော်တော်ယာဉ်ဖြင့် ပို့ဆောင်မှုထက် စရိတ်စကပိုမိုကုန်ကျနိုင်သည်။ ထို့ပြင်ရထားဖြင့်ပို့ဆောင်ရာတွင် ခရီးစဉ်အစနှင့် အဆုံးတွင် မော်တော်ယာဉ်များ အသုံးပြုရန်လိုအပ်မည်သာမက လေးလံသည့်ဝန်များအတွက် လိုအပ်ပါက ဝန်ချီစက်တစ်မျိုးမျိုးအသုံးပြုရသည့် စရိတ်စကပိုမိုလာနိုင်မည်ဖြစ်သည်။

ရထားဖြင့်ကုန်ပစ္စည်းပို့ဆောင်မှု၏ အဓိကအကျိုးကျေးဇူးများမှာ –
၁) ပို့ဆောင်မှုကြာမြင့်ချိန်နှင့် ခရီးစဉ်အဝင်၊ အထွက် အချိန်စိတ်ချရမှု
၂) ကုန်လမ်းပို့ဆောင်မှုတွင် ရထားဖြင့်ပို့ဆောင်ခြင်းက အထိရောက်ဆုံးဖြစ်ပြီး ကုန်ရထားတစ်စီးသည် ကုန်တင်ယာဉ်အစီး ၄၀၀ ကျော်နှင့် ညီမျှသည့်ဝန်ကို သယ်ဆောင်နိုင်ခြင်း
၃) ခရီးရှည်ပို့ဆောင်မှုတွင် လျင်မြန်ပြီး စရိတ်စကသက်သာစေနိုင်ခြင်း
၄) သဘာဝအရ ရထားများသည် ပိုမိုဘေးအန္တာရာယ်ကင်းရှင်းမှုရှိခြင်း

(၄) ကုန်လမ်းပို့ဆောင်မှု (မော်တော်ယာဉ်)
မော်တော်ယာဉ်ဖြင့် ကုန်စည်ပို့ဆောင်မှုမှာ ယေဘုယျအားဖြင့် ပို့ဆောင်မှုအများဆုံး နည်းလမ်းတစ်ရပ်ဖြစ်သည်။ မော်တော်ယာဉ်ဖြင့် ကုန်စည်ပို့ဆောင်မှုမှာ အခြားပို့ဆောင်ရေးနည်းလမ်းများနှင့် နှိုင်းယှဉ်လျှင် အောက်ပါအကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည် …..

၁) စရိတ်စကသက်သာမှု
၂) လျင်မြန်ပြီး သတ်မှတ်ချိန်အတိုင်းပေးပို့နိုင်မှု
၃) ခရီးတို၊ ခရီးရှည်၊ နိုင်ငံတွင်း၊ နိုင်ငံတကာပေးပို့နိုင်မှု
၄) ပြုပြင်ပြောင်းလဲလွယ်သည့် ဝန်ဆောင်မှု
၅) အခြားပို့ဆောင်ရေးနည်းလမ်းများနှင့် နှိုင်းယှဉ်လျှင် ထုပ်ပိုးစရိတ်ချွေတာနိုင်မှု
၆) ကုန်စည်နှင့် ယာဉ်လမ်းကြောင်းကို စုံစမ်းသိရှိနိုင်မှု
၇) အိမ်တိုင်ရာရောက်ပို့ဆောင်ပေးနိုင်မှု

(၅) နည်းလမ်းအချို့ပေါင်းစပ်ပို့်ဆောင်ခြင်း
အခြားကုန်စည်ပို့ဆောင်မှု နည်းလမ်းတစ်မျိုးမှာ ကုန်စည်ပို့ဆောင်မှု နည်းလမ်းတစ်မျိုးထက်ပိုမို၍ မတူညီသောနည်းလမ်းများ ပေါင်းစပ်ဆောင်ရွက်ခြင်းပင်ဖြစ်သည်။ ဥပမာ ကား၊ ရထား၊ သဘောၤစသည်ဖြင့် မတူညီသည့်ယာဉ်များဖြင့် ခရီးစဉ်အစမှ အဆုံးသို့အဆင့်ဆင့် ပြောင်းလွဲပို့ဆောင်ပေးခြင်းဖြစ်သည်။ ပထဝီအနေအထားနှင့် လုပ်ငန်းလိုအပ်ချက်အရ မတူညီသည့်ယာဉ်များ ပေါင်းစပ်ပို့ဆောင်ရာတွင် ပြောင်းလဲမှုအဆင့်တိုင်းတွင် ကုန်ပစ္စည်းများလုံခြုံမှုနှင့် အဆင်ပြေချောမွေ့မှုအတွက် သတိပြုဆောင်ရွက်ရန်လိုမည်ဖြစ်သည်။

အဆိုပါနည်းလမ်းအရ ရရှိနိုင်သောအကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်သည် ….

၁) ကုန်ပစ္စည်းများကို ကမ္ဘာ့မည်သည့်ဒေသသို့မဆို ပို့ဆောင်နိုင်ခြင်း
၂) ထုတ်လုပ်သူနှင့် သုံးစွဲသူအကြား ခရီးအကွာအဝေးကို လျှော့ချနိုင်ခြင်း
၃) ကုန်ကျစရိတ်အထိုက်အလျောက် လျော့နည်းသက်သာနိုင်ခြင်း

ကုန်စည်ပို့ဆောင်မှုနည်းလမ်းတိုင်းတွင် အားသာချက်များရှိသကဲ့သို့ အားနည်းချက်များလည်းရှိကြရာ ပို့ဆောင်မည့်ကုန်စည်၏ ဦးစားပေးပို့ဆောင်ရန်လိုအပ်ချက်၊ ကုန်ပစ္စည်းအမျိုးအစားနှင့် သဘောသဘာဝ၊ ကုန်ကျစရိတ်နှိုင်းယှဉ်ချက်တို့ကို အခြေခံကာ သင့်ကုန်ပစ္စည်းနဲ့ လိုက်လျောညီထွေဖြစ်စေမည့် ကုန်စည်ပို့ဆောင်မှုနည်းလမ်းကို ရွေးချယ်ဆောင်ရွက်သွားရမည်ဖြစ်သည်။

#SuperLight #Logistics #Educating #Sea, Air & Road:  Freight competition

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN