fbpx

3PL Company နှင့် လက်တွဲလုပ်ကိုင်လျှင် ရရှိမည့် အကျိုးကျေးဇူး (၅)ချက်

ကုမ္ပဏီများအနေဖြင့် ကုန်စည်စီးဆင်းမှု အထောက်အကူပြုတတိယအဖွဲ့များ (Third – Party Logistics – 3PL) နှင့် လက်တွဲဆောင်ရွက်ရန် မည်သည့်အတွက် ရွေးချယ်ကြသလဲဆိုသော အကြောင်းပြချက်အမြောက်အမြားရှိသည်။ 3PL အဖွဲ့များ၏ ရေပန်းစားလူသိများရသည့် အဓိကအချက်မှာ ၎င်းတို့နှင့် လက်တွဲဆောင်ရွက်ခြင်းဖြင့် ရရှိလာနိုင်သည့် အမျိုးမျိုးသော အကျိုးကျေးဇူးများကြောင့်ဖြစ်သည်။
ယခုဆောင်းပါးတွင် 3PL များနှင့် လက်တွဲဆောင်ရွက်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများအနက် အခြားအချက်များထက် ပိုမိုထင်ရှားသိသာသော အခြားအချက်များထက် ပိုမိုသိသာထင်ရှားသော အကျိုးကျေးဇူး ၅ရပ်ကို ဖော်ပြသွားမည်ဖြစ်သည်။

(၁) အကုန်အကျသက်သာမှု (Savings)
———————————————
ကုမ္ပဏီများအနေဖြင့် 3PL အဖွဲ့အစည်းတစ်ခုခုနှင့် ပူးပေါင်းဆောင်ရွက်မှုစတင်ပြီးနောက် ၎င်းတို့နှင့် ဆက်လက်လက်တွဲ လုပ်ကိုင်ကြသည့် အဓိက အကြောင်းပြချက်တစ်ရပ်မှာ 3PL များကြောင့်ရရှိသည့် အကုန်အကျသက်သာမှု (သို့) ကုန်ကျစရိတ်ချွေတာနိုင်မှုပင်ဖြစ်သည်။
3PL အဖွဲ့တစ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းအဖွဲ့အစည်း (သို့) ကုမ္ပဏီ တစ်ခုသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့် ဆက်သွယ်ဆောင်ရွက်သည့်အခါ ညှိနှိုင်းနိုင်မှု (ဈေးဆစ်နိုင်မှု) အခွင့်အလမ်း ပိုမိုရရှိစေနိုင်မည် ဖြစ်သည်။ တစ်နည်းအားဖြင့် သယ်ယူပို့ဆောင်ရေးနှင့် ကုန်စည်စီးဆင်းမှုဆိုင်ရာ ဝန်ဆောင်မှုများအတွက် ဈေးလျော့ပေးမှုများ ရရှိနိုင်မည်ဖြစ်သည်။ ထို့ပြင် 3PL အဖွဲ့များသည် ကုန်ကျစရိတ်များ ခြိုးခြံခြွေတာနိုင်မည့် နည်းလမ်းများ ရှာကြံရာတွင် အတွေ့အကြုံရင့်ပြီး ကျွမ်းကျင်မှုရှိကြသည်။ ဥပမာ ပိုမို မြန်ဆန်ချောမွေ့မည့် ခရီးလမ်းကြောင်းများ ရှာဖွေပေးခြင်း ၊ပိုမို သင့်လျော်ဈေးသက်သာမည့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း ရွေးချယ်နိုင်ရန် ဆက်သွယ်ပေးခြင်း စသည့် ဆောင်ရွက်ပေးမှုမျိုးဖြစ်သည်။ သို့ဖြစ်၍ ကျွမ်းကျင်သူများ လက်ဝယ်သို့ သင့်လုပ်ငန်းကို အပ်နှံဆောင်ရွက်စေခြင်းဖြင့် သင့်အနေဖြင့် သယ်ယူပို့ဆောင်မှုဆိုင်ရာ Supply chain အပေါ် နစ္စဓူဝ ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်တော့မည် မဟုတ်ပေ။ အထူးသဖြင့် သင့်၏ ကုန်စည်ပို့ဆောင်မှုဆိုင်ရာ Supply Chain လုပ်ငန်းလည်ပတ်ရန် လိုအပ်မည့် လူအင်အား ၊ အဆောက်အအုံ ၊ ပစ္စည်းပစ္စယနှင့် ကရိယာတန်ဆာပလာများအတွက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် မလိုအပ်တော့ပေ။ ဤအချက်သည်ပင် ကြီးမားလှသည့် ကုန်ကျစရိတ် ခြိုးခြံချွေတာနိုင်မှု (သို့) ကုန်ကျစရိတ် သက်သာမှုပင်ဖြစ်သည်။ သင် လက်တွဲဆောင်ရွက်သည့် 3PL အဖွဲ့၏ ကုန်စည်စီးဆင်းမှု ကွန်ယက်တစ်လျှောက် အဆင့်တိုင်း အဆင့်တိုင်းတွင် အရှိန်အဟုန်မပျက် စီးဆင်းနေချိန်တွင် သင့်အနေဖြင့် Supply Chain ၏ ကျန်ရှိနေသော လုပ်ငန်းများအပေါ် အပြည့်အဝ အာရုံစူးစိုက်ကာ အင်ပြည့်အားပြည့် ဆောင်ရွက်နိုင်မည့် အခွင့်အလမ်း ရရှိလာစေမည်ဖြစ်သည်။

(၂) ပိုမိုကောင်းမွန်သည့် နည်းပညာ
—————————————–
3PL အဖွဲ့အစည်းတစ်ခုနှင့် စပ်လျဉ်း၍ စဉ်းစားတွေးတောကြသည့်အခါ 3PL အဖွဲ့အစည်းများ၏ ထုံးစံအတိုင်း ၎င်းတို့ထိထိရောက်ရောက် အသုံးချနေသည့် နည်းပညာများနှင့် ဆက်စပ်နေသောအကျိုးကျေးဇူးများကို မျက်စိသျှမ်းကြလေ့ရှိသည်။ 3PL အဖွဲ့အစည်း အများစု၏ လုပ်ငန်းတွင်ကျယ်ထိရောက်စွာ ဆောင်ရွက်နိုင်စွမ်းမှာ နည်းပညာများ (သို့) a suite of sotware အသုံးပြုခြင်းမှ ထွက်ပေါ်လာသော ရလာဒ်ပင်ဖြစ်သည်။
အဆိုပါ နည်းပညာများသည် သယ်ယူပို့ဆောင်ရေးဆိုင်ရာ လိုအပ်ချက်များ ၊ ကုန်ပစ္စည်းများ (မည်သည့်နေရာတွင်ရှိသည် ၊ မည်သည့်နေရာသို့ ရောက်ရှိနေပြီစသည့်) ကို ခြေရာကောက်ယူမှုများ ၊ အချိန်နှင့် တပြေးညီ လေ့လာဆန်းစစ် စိစစ်မှုများနျင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှု လမ်းကြောင်းရွေးချယ်ခြင်းများ စသည့် ဆောင်ရွက်ချက်များအတွက် များစွာ အထောက်အကူပြုပေးလျက်ရှိသည်။
3PL အဖွဲ့များအေနဖြင့် အဆိုပါ နည်းပညာများကို အသုံးပြုလျက် လုပ်ငန်းများကို ပိုမိုကောင်းမွန်အောင် ၊ ပိုမို မြန်ဆန်သွက်လက်အောင် ၊ ပိုမို တွင်ကျယ်ထိရောက်အောင် ဆောင်ရွက်နေကြသည့်အားလျော်စွာ ၎င်းတို့နှင့် ဆက်သွယ်ဆောင်ရွက်ခြင်းဖြင့် သင့်အနေဖြင့် သင့်၏ သယ်ယူပို့ဆောင်ရေးဆိုင်ရာ Supply Chain တစ်ရပ်လုံး၏ ပုံရိပ်ကို ပိုမို အသေးစိတ် ပိုမို တိတိကျကျ မြင်တွေ့နိုင်မည်ဖြစ်ပြီး သင့်လုပ်ငန်း ပိုမို တွင်ကျယ်ထိရောက်စေရေးအတွက် ပြုပြင်ဆောင်ရွက်ရမည့် နည်းလမ်းများ ၊ အသေးစိတ် ဆန်းစစ် လေ့လာအကဲဖြတ်မှုများဖြင့် သင့်လုပ်ငန်း ပိုမိုတိုးတက်ကောင်းမွန်အောင်ပြုပြင်ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။

(၃) ဈေးကွက်အတွင်း ဝင်ရောက်နိုင်ခွင့်
——————————————
သင့်အနေဖြင့် သင့်လုပ်ငန်းကို ပိုမိုချဲ့ထွင်ရန် အသင့်ရှိနေပြီဆိုလျှင် သင့်လက်တွဲဖော် 3PL အဖွဲ့မှ သင့်အား အထောက်အကူပြုပေးသွားရန် အသင့်ရှိနေမည်ဖြစ်သည်။ 3PL အဖွဲ့အစည်းများသည် မတူညီသော ဈေးကွက်အများအပြားအတွင်း လုပ်ငန်းအဖွဲ့အစည်း အမျိုးမျိုးနှင့် ဆက်စပ်ဆောင်ရွက်နေကြသည်ဖြစ်ရာ သင့်အနေဖြင့် နယ်ပယ်ဒေသသစ်များအတွင်းသို့ စိုးရိမ်ပူပန်ဖွယ်မလိုပဲ သင့်လုပ်ငန်းကို အဖုအထစ်မရှိ အဆင်ပြေပြေ ချောချောမွေ့မွေ့ ချဲ့ထွင်နိုင်မည်ဖြစ်သည်။ ဥပမာအားဖြင့် 3PL အဖွဲ့အစည်းအနေဖြင့် သင့်အား အဓိက ဈေးကွက်များအနီး ကုန်စည်ဖြန့်ဖြူးရေးဌာနများ (သိုလှောင်ရုံစသည်) အသုံးပြုခွင့်ရရှိရန် စီစဉ်ဖန်တီးပေးနိုင်သည်။ သို့ဖြစ်ရာ လုပ်ငန်းချဲ့ထွင်ရာတွင် မဖြစ်မနေ လိုအပ်မည့် သိုလှောင်ထိန်းသိမ်းမှုအတွက် ရင်းနှီးမြှုပ်နှံရန် မလိုအပ်ခြင်းသည်ပင် ကြီးမားသော ကုန်ကျစရိတ် သက်သာမှုပင်ဖြစ်သည်။
ထို့ပြင် ဈေးကွက်သစ်တွင် ပေါ်ပေါက်လာမည့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ လိုအပ်ချက်အတွက် 3PL အဖွဲ့အစည်းတစ်ခုအား ငှားရမ်းဆောင်ရွက်ခြင်းဖြင့် သင့်အနေနှင့် သုံးစွဲသူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရေး ၊ လုပ်ငန်း ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးတို့အတွက် အပြည့်အဝ အာရုံစိုက် ဆောင်ရွက်နိုင်ခွင့်ရရှိစေမည်ဖြစ်သည်။

(၄) လုပ်ငန်းတိုးချဲ့နိုင်မှု
—————————–
3PL အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရရှိနိုင်သည့် သိသာထင်ရှားဆုံး အကျိုးကျေးဇူးတစ်ရပ်မှာ သင့်လုပ်ငန်း လိုအပ်ချက်နှင့်အညီ လုပ်ငန်းတိုးချဲ့ရာတွင် မဖြစ်မနေ လိုအပ်မည့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အရင်းအမြစ်များကို အသုံးပြုခွင့်ရရှိနိုင်ခြင်းပင်ဖြစ်သည်။
သင့်အနေဖြင့် သင်္ဘောတင်ပို့မှုနှင့် ကုန်စည်ဖြန့်ချီမှုလုပ်ငန်းကို မိမိအဖွဲ့အစည်းမှသာ ဆောင်ရွက်နေပြီး လုပ်ငန်းတိုးချဲ့ရန် လိုအပ်လာမည်ဆိုပါက ထိုသို့ လုပ်ငန်းတိုးချဲ့နိုင်ရန် လုပ်သားအင်အား ၊ အဆောက်အအုံ ၊ယာဉ်ယန္တရားနှင့် ပစ္စည်းအမျိုးအစားများအတွက် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ရတော့မည်ဖြစ်သည်။ အဆိုပါ ရင်းနှီးမြှုပ်နှံ စရိတ်စကမှာ သေးငယ်လှမည်မဟုတ်ပါ။
သို့ရာတွင် 3PL အဖွဲ့အစည်းတစ်ခုနှင့် ပူးပေါင်းဆောင်ရွက်မည်ဆိုပါက သင့်အနေဖြင့် စရိတ်စက ကုန်ကျမည့် ရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်ရပဲ သင်္ဘောတင်ပို့မှုနှင့် ကုန်စည်ဖြန့်ချီမှုကို သင့်လုပ်ငန်း ရည်မှန်းချက်နှင့်အညီ တိုးချဲ့ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။

(၅) ကျွမ်းကျင်မှု
——————–
3PL အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန် ရွေးချယ်ရသည့် အကြောင်းအရင်းများအနက် အဓိက အချက်တစ်ရပ်မှာ 3PL အဖွဲ့အစည်းများအနေဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း နယ်ပယ်တွင် ကြီးမားသော အတွေ့အကြုံနှင့် လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှု အပြည့်အဝ ရှိနေခြင်းပင်ဖြစ်သည်။
၎င်းတို့၏ လုပ်ငန်းအတွေ့အကြုံနှင့် ကျွမ်းကျင်မှုက လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ချောမွေ့ရေး ၊ ချွတ်ယွင်းချွတ်ချော်မှုများ ဖော်ထုတ်ရေး ၊ ကုန်ကျစရိတ်များ ချွေတာမှု မြှင့်တင်နိုင်ရေးနှင့် သင်္ဘောတင်ပို့မှုဆိုင်ရာ လိုအပ်ချက်များကို အစမှ အဆုံး တောက်လျောက်ကြီးကြပ် ဆောင်ရွက်ပေးသွားစေနိုင်မည်ဖြစ်သည်။ ထို့ပြင် 3PL အဖွဲ့များသည် သယ်ယူပို့ဆောင်ရေး နယ်ပယ်တစ်လွှားတွင် များပြားလှစွာသော လုပ်ငန်းလက်တွဲဖက်များနှင့် ကောင်းမွန်သည့် ဆက်ဆံရေး ထူထောင်ထားကြသူများ ဖြစ်သည့်အားလျော်စွာ သင့်အား သင့်လျော်မည့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းရွေးချယ်ရာတွင် အထောက်အကူပြုပေးနိုင်သကဲ့သို့ ကုန်ကျစရိတ် အသက်သာဆုံးနှင့် အသင့်လျော်ဆုံး သင်္ဘောတင်ပို့မှုဆိုင်ရာ လိုအပ်မည့် နည်းစနစ်များအတွက်လည်း လမ်းညွှန်ပံ့ပိုးပေးသွားနိုင်မည်ဖြစ်သည်။

နိဂုံးချုပ် သုံးသပ်ချက်
———————–
ကုမ္ပဏီများသည် 3PL အဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်းဆောင်ရွက်ရန် ရွေးချယ်ရသည့် အကြောင်း ပြချက် အများအပြားရှိပေသည်။ ထိုနည်းတူ ၎င်းတို့နှင့် လက်တွဲဆောင်ရွက်ခြင်းဖြင့် ရရှိနိုင်သည့် အကျိူးကျေးဇူးများမှာလည်း မနည်းလှပေ။
သို့ရာတွင် 3PL အဖွဲ့တစ်ဖွဲ့အနေဖြင့် သင့်လုပ်ငန်းအတွက် မည်ရွေ့မည်မျှ အကျိုးပြုနိုင်မည်ဆိုခြင်းမှာ သင်၏ လုပ်ငန်းဆိုင်ရာ ရည်မှန်းချက်နှင့် သင့်လုပ်ငန်း၏ လိုအပ်ချက်များအပေါ်တွင်လည်း မူတည်နေမည်ဖြစ်သည်။ ထို့ပြင် 3PL အဖွဲ့တိုင်းသည် တူညီသည့်လုပ်ငန်း အတွေ့အကြုံ ၊ တူညီသည့် လုပ်ငန်းစွမ်းဆောင်ရည်များ ရှိနေကြခြင်းမဟုတ်ပေ။ 3PL တစ်ဖွဲ့ချင်းစီအနေဖြင့် သင့်လုပ်ငန်း အတွေ့အကြုံ ၊ လုပ်ငန်းဆောင်ရွက်မှု သက်တမ်း ၊ လုပ်ငန်းကျွမ်းကျင်မှု အတိုင်းအတာများ ကွဲပြားခြားနားနေကြမည်သာဖြစ်သည်။
သို့ဖြစ်၍ သင့်၏ လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး (သို့) လုပ်ငန်းချဲ့ထွင်ရေးကို အထောက်အကူပြုနိုင်မည့် အတွေ့အကြုံနှင့် ကျွမ်းကျင်မှုရှိသော အဖွဲ့တစ်ဖွဲ့ ၊ တစ်နည်းအားဖြင့် သင့်လုပ်ငန်း လိုအပ်ချက်များကို အမှန်တကယ် ဖြည့်ဆည်းပေးနိုင်မည့် အဖွဲ့တစ်ဖွဲ့အား စီစစ်ရွေးချယ် ဆောင်ရွက်သွားရန်မှာ သင်၏ တာဝန်ပင်ဖြစ်သည်။

#SuperLight #Logistics #Knowledge #3PL

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN