fbpx

Six Sigma နှင့် Logistics ဘာလဲ ? ဘယ်လိုလဲ ? အပိုင်း (၁)

Six Sigma ဆိုတာ ဘာလဲ (What is Six Sigma?)
—————————————–
Six Sigma ဆိုသည်မှာ ထုတ်ကုန်ပစ္စည်းတစ်ခု (သို့) လုပ်ငန်းစဉ်တစ်ရပ် (သို့) ဝန်ဆောင်မှုတစ်ခု အတွင်းရှိ ချွတ်ယွင်းချက်များ၊ အားနည်းချက်များကို ရှာဖွေ ဖော်ထုတ်ဖယ်ရှားနိုင်ရေးအတွက် အသုံးပြုသည့် စည်းစနစ်တကျဖြစ်သော ၊ ကိန်းဂဏန်း စာရင်းဇယားများကို အခြေခံသော ၊ စဉ်ဆက်မပြတ် ပြုပြင်မွမ်းမံနေသော နည်းပညာတစ်ရပ်ပင်ဖြစ်သည်။ Six Sigma သည် လုပ်ငန်းအဖွဲ့အစည်းများအား ၎င်းတို့၏ လုပ်ငန်းစဉ်များ စွမ်းဆောင်နိုင်မှု တိုးတက်မြှင့်တင်နိုင်ရန် လက်နက်ကိရိယာအဖြစ် အထောက်အကူပြုပေးလျက်ရှိသည်။ Six Sigma အယူအဆ ပေါ်ပေါက်လာသည်မှာ ဆယ်စုနှစ်အတန်ကြာခဲ့ပြီဖြစ်သည်။ 1986 ခုနှစ်တွင် Motorola, Inc မှ Bill Smith ဆိုသူက လုပ်ငန်းခွင်အတွင်း အရည်အသွေး အဖက်ဖက်မှ တိုးတက်လာစေရန် ချွတ်ယွင်းအားနည်းချက်များကို ရှာဖွေဖော်ထုတ်နိုင်ရေးအတွက် Six Sigma အယူအဆကို ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ မူလအယူအဆ ၊ သဘောထားမှာ ထပ်ဆောင်းဖြည့်စွတ်မွမ်းမံမှု အချို့ ပြုလုပ်ခဲ့သော်လည်း six sigma နည်းပညာ၏ အဓိက မဏ္ဍိုင်အဖြစ် တည်ရှိနေဆဲဖြစ်သည်။

General Electic (GE) မှ ၎င်း၏ လုပ်ငန်းဆောင်ရွက်မှုများတွင် လေလွင့်ပြုန်းတီးမှုများ လျော့ချရေး ၊ ထုတ်ကုန်ပစ္စည်း အရည်အသွေးမြှင့်တင်နိုင်ရေးနှင့် အသုံးစရိတ်ချွေတာရေးတို့အတွက် six sigma ကို ပထမဆုံးအသုံးပြုခဲ့သည်။ General Electric (GE) မှ ၎င်း၏ လုပ်ငန်းဆောင်ရွက်မှုများတွင် လေလွင့်ပြုန်းတီးမှုများ လျော့ချရေး ၊ ထုတ်ကုန်ပစ္စည်း အရည်အသွေး မြှင့်တင်နိုင်ရေးနှင့် အသုံးစရိတ်ချွေတာရေးတို့အတွက် six sigma ကို ပထမဆုံး စတင်အသုံးပြုခဲ့သည်။ General Electric (GE)၏ အောင်မြင်မှုရရှိခဲ့မှုကြောင့် အခြား အခြားသော လုပ်ငန်း အဖွဲ့အစည်းများမှ six sigma အစီအစဉ်များကို အကောင်အထည်ဖော် အသုံးပြုလာခဲ့ကြခြင်းဖြစ်သည်။ ယခုဆိုလျှင် ကမ္ဘာတစ်လွှား ကုမ္ပဏီအများအပြားသည် ၎င်းတို့၏ လုပ်ငန်းစဉ်များ ၊ လုပ်ငန်းနည်းစနစ်များ တိုးတက်ကောင်းမွန်လာစေရေးအတွက် six sigma ကို အသုံးပြုနေကြပြီ ဖြစ်ပြီး သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းများအတွင်း အပေါင်းလက္ခဏာဆောင်သော ပြောင်းလဲခြင်းများ ရရှိခံစားနေကြရသည်။ Six Sigma (6 σ ) မှ Sigma မှာ ခေတ်သစ်ဂရိစာပေ၏ ၁၈လုံးမြောက် အက္ခရာ စာလုံးဖြစ်ပြီး အင်္ဂလိပ်အက္ခရာ “ S ” နှင့် တူညီသည်။ သို့ဖြစ်၍ six sigma ကို အနီးစပ်ဆုံး မြန်မာမှုပြုရပါက “s” ခြောက်လုံးဟု ဆိုနိုင်သည်။

Six Sigma မှ “S” ခြောက်လုံးကို ကိုယ်စားပြုသည့် စကားလုံးများမှာ
———————–
1. Sort (မျိုးတူစု စိစစ်ရွေးချယ်ခြင်း)
2. Set in order ( အစီအစဉ်တကျ နေရာချထားခြင်း)
3. Slime (aka Scrub or Sweep) (တိုက်ချွတ်ဆေးကြောခြင်း (သို့) လှည်းကျင်းဖယ်ရှားခြင်း)
4. Standardize (သတ်မှတ်ချက်နှင့်အညီဖြစ်စေခြင်း)
5. Sustain (အားဖြည့်ထောက်ကူပေးခြင်း) နှင့်
6. Safety (လုံခြုံစိတ်ချရခြင်း) တို့ ဖြစ်သည်။

Six Sigma ချဉ်းကပ်မှု၏ အဓိက အနှစ်သာရမှာ လေလွင့်ပြုန်းတီးမှုများကို ဖယ်ရှားရှင်းလင်းခြင်းဖြင့် လုပ်ငန်းတွင်ကျယ်ထိရောက်မှုနှင့် အရည်အသွေး တိုးတက်မြင့်မားလာစေခြင်းပင်ဖြစ်သည်။ Six Sigma သည် အထူးတိကျမှန်ကန်သည့် အချက်အလက် စုဆောင်းမှုစနစ် အပေါ်တွင် အခြေခံဆောင်ရွက်သည်။ သို့ရာတွင် လိုလားသည့် ရလာဒ်များ ထွက်ပေါ်လာစေရေးအတွက် စီမံခန့်ခွဲမှု တာဝန်ရှိသူများနှင့် အလုပ်သမားများ၏ ထိထိရောက်ရောက် ပံ့ပိုးပါဝင်ကြိုးပမ်းမှုလိုအပ်မည်ဖြစ်သည်။

Six Sigma နှင့် ကုန်စည်စီးဆင်းမှု (Six Sigma and Logistics)
———————————————–
မျက်မှောက်ကာလတွင် ကုန်စည်စီးဆင်းမှု (Logisitcs) သည် မည်သည့်ကုမ္ပဏီအတွက်မဆို ဈေးကွက်အတွင်း အရေးပါသော ယှဉ်ပြိုင်နိုင်မှု အားသာချက်ကို ဖြည့်တင်းပေးလျက်ရှိသည့်အားလျော်စွာ လုပ်ငန်းအဖွဲ့အစည်းများအတွက် ကုန်စည်စီးဆင်းမှုသည် အဓိက ကျောရိုးသဖွယ် တည်ရှိလာပြီဖြစ်သည်။ ချွတ်ယွင်းချက် ၊ အားနည်းချက်များကို ဖယ်ရှားရှင်းလင်းခြင်း (သို့) လုပ်ငန်းစဉ် တစ်ခုအတွင်း ကွဲလွဲ ၊ ကွာဟချက်များကို လျော့နည်းနိုင်သမျှ လျော့နည်းအောင် ဆောင်ရွက်ခြင်း ဆိုသည့် six sigma ချဉ်းကပ်မှု နည်းလမ်းသည် ကုန်စည် စီးဆင်းမှု (Logistics) လုပ်ငန်းတွင် အသုံးချမည်ဆိုပါက များစွာအသုံးဝင်နိုင်မည်ဖြစ်သည်။ ကုန်စည်စီးဆင်းမှုနှင့် ဆက်နွယ်နေသော မည်သည့် လုပ်ငန်းတွင်မဆို ကွဲလွဲမှု လျော့ချခြင်းသည် အရေးပါသည့် အယူအဆ ၊ သဘာဝတစ်ရားတစ်ရပ်ဖြစ်သည်။ ကုန်စည်စိးဆင်းမှုဆိုသည်မှာ ကုန်ပစ္စည်းစာရင်းစီမံခန့်ခွဲမှုနှင့် လုံးဝ ဆက်စပ်နေသည်။ ထို့ပြင် ကုန်ပစ္စည်းစာရင်းစီမံခန့်ခွဲမှုမှာလည်း ကွာယချက်များ စီမံမှုအပေါ် များစွာ တည်မီနေသည်။ ပုံမှန်အားဖြင့် ကွာဟချက်များ စီမံမှုသည် ကုန်ပစ္စည်း စာရင်းများ ကန့်သတ် ထိန်းချုပ်ခြင်း (သို့) အရေးပေါ် လိုအပ်ချက်များအတွက် ကြားခံလက်ကျန်ပစ္စည်းများ ထားရှိခြင်းမှ တစ်ဆင့် ဆောင်ရွက်နေကြမြဲဖြစ်သည်။
သယ်ယူပို့ဆောင်မှုဆိုင်ရာ စိတ်ချအားထားရမှု ၊ ပစ္စည်းထောက်ပံ့သူများ၏ အရည်အသွေး ၊ သုံးစွဲသူများ၏ လိုအပ်ချက်နဲ့ ထုတ်လုပ်မှု လုပ်ငန်း စွမ်းဆောင်ရည်များမှ ကွာဟချက်များကို ဖြည့်ဆည်း ပံ့ပိုးပေးနိုင်ရန် စိတ်ချရသည် လက်ကျန်ကုန်ပစ္စည်းများ လက်ဝယ်ထားရှိရေးမှာ အထူးအရေးကြီးသည်။ အဆိုပါ ကြားခံလက်ဝယ်ကုန်ပစ္စည်းထားရှိမှုအပေါ် မှီခိုနေရခြင်းကို အတိုင်းအတာ တစ်ရပ်အထိ လျော့ချနိုင်မည့် နည်းလမ်းမှာ ကုန်ကြမ်းပစ္စည်း ပေးသွင်းသူမှသည် သုံးစွဲသူများအထိ လုပ်ငန်းစဉ် တစ်ရပ်လုံးအတွင်း ကွဲလွဲနေမှုများကို သိရှိနားလည်ပြီး ကိုယ်တွယ်ထိန်းသိမ်းနိုင်ရေးပင်ဖြစ်သည်။ ထုတ်လုပ်မှုတွင် ကွာဟချက်များ ၊ ကုန်စည်စီးဆင်းမှု (ကုန်ကြမ်းအဝင်နှင့် ကုန်ချောအထွက်) တွင် ကွာဟချက်များသည် ထုတ်လုပ်မှု ရပ်ဆိုင်းသွားသည်အထိ ဖြစ်စေနိုင်ပြီး အဖွဲ့အစည်းဆိုင်ရာ ယုံကြည်ကိုးစားနိုင်မှုနှင့် သုံးစွဲသူများ၏ သစ္စာရှိမှုတို့ကိုပါ ဆုံးရှုံးသွားစေနိုင်သည်။

Six Sigma မှ မည်သို့ ထောက်ကူပေးနိုင်သလဲ (How can six sigma help?)
————————————————
Six Sigma နည်းပညာသည် လုပ်ငန်းစဉ်များ (သို့) ထုတ်ကုန်ပစ္စည်းများနျင့် ဆက်စပ်နေသော ကွဲလွဲမှုများ လျော့ချခြင်းအတွက် တည်ရှိနေခြင်းဖြစ်သည်။ Six Sigma သည် ကွဲလွဲချက်များ၏ အကြောင်းရင်းကို ဖော်ထုတ်ပြီး အဆိုပါ ကွဲလွဲချက်များကို ဖယ်ရှားနိုင်မည့် အသင့်လျော်ဆုံး ဖြေရှင်းနည်းများကို ရှာဖွေခြင်းနှင့် လုံးဝသက်ဆိုင်သည်။ Six Sigma ကို အသုံးချလျက် ကွဲလွဲချက်များကို ဖော်ထုတ်ကာ ကွဲလွဲချက်များကို ဖယ်ရှားနိုင်ခြင်းဖြင့် လုပ်ငန်းစဉ်မှ ချွတ်ယွင်းချက် ၊ အပြစ်အနာအဆာမရှိသလောက် ကင်းစင်စွာဖြင့် လည်ပတ်စေနိုင်မည် ဖြစ်သည်။ Six Sigma သည် ရိုးရှင်းသော်လည်း ထိရောက်သည့် ဖွဲ့စည်းတည်ဆောက်မှုနှင့် လုပ်ငန်းနည်းစနစ်ကိ အသားပေးထားသော နည်းလမ်းတစ်ရပ်ဖြစ်ပြီး သိသာ ထူးခြားသော ရလာဒ်များ ရရှိထွက်ပေါ်လာရေးအတွက် အဖွဲ့အစည်းဆိုင်ရာ ရည်မှန်းချက်များနှင့် တာဝန်ယူ ၊ တာဝန်ခံမှုများကို တိကျစွာ ခွဲဝေသတ်မှတ်မှုနှင့် အတူ တိုးတက်ကောင်းမွန်အောင် ပြုပြင်မွမ်းမံဆောင်ရွက်ပေးမည့် နည်းလမ်းတစ်ရပ်ဖြစ်သည်။ Six Sigma သည် ရေရှည်ကာလတစ်ရပ်အတွက် စဉ်ဆက်မပြေတ်သော ပြုပြင်မွမ်းမံမှုများကို ဖြည့်ဆည်းပေးနိုင်မည့် အစီအစဉ်တစ်ရပ်မျှသာ မဟုတ်ပေ။ Six Sigma သည် အခြားလုပ်ငန်းနည်းစနစ်များ အားလုံးကဲ့သို့ပင် နည်းပညာ နှစ်ရပ်ဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ အဆိုပါ နည်းပညာ နှစ်ရပ်မှာတည်ရှိပြီး လုပ်ငန်း အဖွဲ့အစည်း တစ်ရပ်နှင့် ဆက်နွယ်နေသော လုပ်ငန်းစဉ်တစ်ရပ် (သို့) လုပ်ငန်း နည်းစနစ် တစ်ခုခုကို ပိုမို တိုးတက်ကောင်းမွန်ေအောင် ပြပြင် မွမ်းမံရာတွင် အသုံးပြုသည့် DMAIC နှင့် လုပ်ငန်းစဉ်အသစ်တစ်ခု (သို့) ထုတ်ကုန်ပစ္စည်း ဒီဇိုင်းအသစ်တစ်ခုကို ဖန်တီးရာတွင် အသုံးပြုသည့်ပ DMADV (သို့)DFSS (Design for Six Sigma) တို့ပင် ဖြစ်သည်။ကုန်စည်စီးဆင်းမှု (တစ်နည်းအားဖြင့် တည်ရှိပြီး လုပ်ငန်းနှင့် ဆက်နွယ်နေသော လုပ်ငန်းစဉ်တစ်ရပ်) အတွက် လိုက်လျောညီထွေ သဟဇာတဖြစ်မည်။ Six Sigma ချဉ်းကပ်မှုမှာ DMAIC နည်းပညာတစ်ရပ်ပင်ဖြစ်သည်။

ကုန်စည်စီးဆင်းမှုတွင် DMAIC အသုံးဝင်မှု (Application of DMAIC in Logistics) အကြောင်းကို နောက်တစ်ပတ် ဆောင်းပါးတွင် ဆက်လက်ရေးသားဖော်ပြပေးသွားမည်။

#SuperLight #Logistics #Knowledge #Six_Sigma

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN