fbpx

ကုန်သေတ္တာအလွတ်များ နေရာပြန်လည်ချထားရေး ပြသနာကို နည်းပညာဖြင့် မည်သို့ ဖြေရှင်းမလဲ : အပိုင်း (၁) (How to solve empty container prepositioning problem with technologies)

ကမ္ဘာတစ်ဝှန်းမှ ထုတ်ကုန်ပစ္စည်းအားလုံး၏ ၉၅ ရာခိုင်နှုန်းမှာ ကုန်သေတ္တာများဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။ ကုန်သေတ္တာဖြင့် ကုန်စည်ပို့ဆောင်မှု လုပ်ငန်းမှာ တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို ကျောထောက်နောက်ခံ ပြုနေသည့် လုပ်ငန်းကဏ္ဍဟု ဆိုနိုင်သည်။ ကုန်သေတ္တာများဖြင့် သယ်ယူပို့ဆောင်သည့် ကုန်စည်ပစ္စည်းများ၏ အရေအတွက် ပမာဏမှာ ၁၉၈၀ ပြည့်နှစ်က မက်ထရစ်တန် ၁၀၂ သန်းခန့်ရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် မက်ထရစ်တန် ၁ ဒသမ၈၄ ဘီလျံခန့်အထိ မြင့်တက်လာခဲ့သည်။  သို့ရာတွင် ကုန်သေတ္တာ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းမှာ အလွန်ကြီးမားသည့် ချွတ်ယွင်းအားနည်းချက်ကြောင့် ထိခိုက်နစ်နာမှုနှင့် ကြုံတွေ့ရလျက်ရှိသည်။ အတိအကျဆိုလျှင် ကုန်သေတ္တာအလွတ် (အခွံ)များ နေရာပြန်လည်ချထားရေးသည် သိသာထင်ရှားသည့် ပြသနာတစ်ရပ်အဖြစ် တည်ရှိနေခြင်းဖြစ်သည်။
Boston Consulting Group (BCG) ၏ အဆိုအရ ကမ္ဘာတစ်ဝှန်းတွင် သယ်ယူပို့ဆောင်နေသည့် ကုန်သေတ္တာ ၃သုံးတိုင်းတွင် ၁လုံးမှာ ကုန်ပစ္စည်းမပါသော အလွတ် (အခွံ) ဖြစ်ပြီး အဆိုပါ ကုန်သေတ္တာအလွတ် သယ်ယူပို့ဆောင်မှု ကုန်ကျစရိတ်မှာ လုပ်ငန်းကဏ္ဍတစ်ခုလုံးအတွက် အမေရိကန်ဒေါ်လာ ၂၀ ဘီလျံအထိ ကုန်ကျခံနေရလျက်ရှိသည်ဟု ဆိုသည်။
ယခုဆောင်းပါးတွင် ကုန်သေတ္တာဖြင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းကဏ္ဍ၏ အဓိက ဦးတည်ရာ အလားအလာများ ၊ ကုန်သေတ္တာအလွတ်များ နေရာပြန်လည်ချထားမှု ပြသနာ၏ အကျိုးသက်ရောက်မှုများနှင့် ကုန်သေတ္တာ ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီများအနေဖြင့် ဤပြသနာကို နည်းပညာအထောက်အကူများနှင့် မည်သို့ ဖြေရှင်းနိုင်မည် စသည်တို့ကို လေ့လာဆန်းစစ် တင်ပြသွားမည်ဖြစ်သည်။

ကုန်သေတ္တာဖြင့် ကုန်စည်ပို့ဆောင်ရေးဈေးကွက်အလားအလာ
(Container shipping market outlook)
—————————————————
2017 ခုနှစ်တွင် လုပ်ငန်းကဏ္ဍတစ်ရပ်လုံး အတိုင်းအတာဖြင့် အမြတ်အစွန်း ရရှိခဲ့သော်လည်း ကုန်သေတ္တာ ကုန်စည်ပို့ဆောင်မှု ဈေးကွက်အလားအလာသည် အပြုသဘော ဖော်ဆောင်မနေပေ။ သယ်ယူပို့ဆောငိုင်မှု ဝန်ပမာဏ မြှင့်တင်ခြင်းဖြင့် တစ်ယူနစ်ချင်းအလိုက် အသုံးစရိတ် လျော့ကျစေရေး အားထုတ်မှု တစ်နည်းအားဖြင့် စီးပွားရေး တွက်ခြေကိုက်မှု ရရှိစေရန် ဆောင်ရွက်မှုအဖြစ် သင်္ဘောလိုင်း / ကုမ္ပဏီများမှ ပို၍ ပို၍ ကြီးမားသော သင်္ဘောကြီးများကို အသုံးပြုလာကြသည်။ ယခုဆိုလျှင် 21000 TEU ( ၁ TEU = အလျားပေ ၂၀ရှိ ကုန်သေတ္တာတစ်လုံးနှင့် ညီမျှသော ပမာဏ) ကျော်သော ဝန်ပမာဏကို တင်ဆောင်နိုင်သည့် သင်္ဘောကြီးများ ရှိနေပြီဖြစ်သည်။  အကျိုးဆက်အဖြစ် ကမ္ဘာ့ ကုန်သေတ္တာတင် သင်္ဘောကြီးများ၏ ကုန်တင်ဆောင်နိုင်မှု ပမာဏမှာ အလွန်လျင်မြန်စွာ ဆက်လက်ကြီးထွားနေပြီး လိုအပ်ချက်ထက် ပိုလွန်နေပြီ ဖြစ်သည်။ အဆိုပါ လိုအပ်ချက်ထက် ပိုမို သယ်ဆောင်နိုင်ခြင်းက ကုန်စည်သယ်ဆောင်ခ နှုန်းထားများကို ကျဆင်းစေခဲ့သည်။ ထို့ပြင် ၂၀၁၀ ခုနှစ်အတွင်း ကုန်သေတ္တာ ကုန်စည်ပို့ဆောင်မှု လုပ်ငန်းအတွက် အခြားအဓိက အကြောင်းအချက် နှစ်ရပ်ကလည်း ထိခိုက်မှု ဖြစ်ပေါ်စေခဲ့သည်။ ပထမ တစ်ချက်မှာ ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံကြီးများဖြစ်သည့် အမေရိကန်နှင့် တရုတ်အကြား ကုန်သွယ်ရေး တင်းမာမှုနှင့် ဒုတိယအချက်မှာ နိုင်ငံတကာ ရေကြောင်းအဖွဲ့ (IMO) မှ သတ်မှတ်ပြဌာန်းလိုက်သည့် ကမ္ဘာလုံးဆိုင်ရာ ဆာလ်ဖာ ကန့်သတ်မှု ပြဌာန်းချက် (Global Sulphur Cap regualtion) ဖြစ်သည်။
Global Sulphur Cap regulation မှာ ဆာလ်ဖာ (ကန့်) အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှင့်မှု ထိန်းချုပ်ရေးအတွက် သင်္ဘောများ အသုံးပြုသည့် လောင်စာဆီတွင် ကန့် (Sulphur) ပါဝင်မှုကို သုညဒသမ ၅ရာခိုင်နှုန်းအထိ လျှော့ချရမည်ဖြစ်ပြီး အဆိုပါ ပြဌာန်းချက်မှာ ယခု ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ရက်မှ သက်ဝင်နေပြီဖြစ်သည်။
အဆိုပါ ပြဌာန်းချက်ကြောင့် သင်္ဘောများ၏ လောင်စာဆီ ကုန်ကျစရိတ်မှာ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်း အထိမြင့်တက်လာခဲ့မည်ဖြစ်သည်။

ကုန်သေတ္တာအလွတ်များ နေရာပြန်လည်ချထားရမည့် အကြောင်းအရင်းများ  (Main reasons for repositioning of empty container)
—————————————–
ကုန်စည်ပို့ဆောင်မှု လုပ်ငန်းကဏ္ဍတွင် ကုန်သေတ္တာအလွတ်များ နေရာပြန်လည်ချထားရမှုသည် သင်္ဘောလိုင်း တစ်ခု၏ လုပ်ငန်းဆောင်ရွက်မှု ကုန်ကျစရိတ်မှ ၅ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းအထိ ရှိနေသည်။ ထို့ပြင် အဆိုပါ ကုန်သေတ္တာ အလွတ်များအား ထိန်းသိမ်းထားရှိရေးနှင့်ပြုပြင်ထိန်းသိမ်းရေး ကုန်ကျစရိတ်များကိုပါ ပေါင်းထည့်ရမည်ဆိုပါက ကုန်သေတ္တာလွတ်များအား ပြန်လည်နေရာချထားရမှုသည် လုပ်ငန်းအသုံးစရိတ်၏ ၁၂ ရာခိုင်နှုန်းထက် ကျော်လွန်မည်ဟု ခန့်မှန်းထားကြသည်။  အဆိုပါ လုပ်ငန်းကဏ္ဍတစ်ရပ်လုံးနှင့် သက်ဆိုင်နေသည့် ပြသနာသည် အောက်ဖော်ပြပါ အကြောင်းအချက်များနှင့် ဆက်နွယ်နေသည်။

 

ကုန်သွယ်ရေး ဟန်ချက်မညီမျှမှုများ (Trade imbalances)
—————————–
ကုန်သေတ္တာအလွတ်များ နေရာပြန်လည်ချထားရခြင်းအတွက် အဓိက အကြောင်းအရင်းမှာ ကုန်သွယ်ရေးဟန်ချက် မညီမျှမှုမှ ပေါ်ပေါက်ခဲ့ရခြင်းဖြစ်သည်။ ကုန်ပစ္စည်းအပြည့်နှင့် ကုန်သေတ္တာများသည် ပြည်ပပို့ကုန် အလေးပေးသော နေရာဒေသများ (ဥပမာ အာရှ)မှ တင်ပို့ကြပြီး ၎င်းတို့အနက် အများအပြားသည် သွင်းကုန် အလေးပေး ဒေသများ (ဥပမာ အာဖရိက) မှ ကုန်မပါ အခွံအဖြစ်ဖြင့် မူလဒေသများသို့ ပြန်လည် တင်ပို့ကြသည်။ အကြမ်းဖြင်းအားဖြင့် အဆိုပါ ကုန်သွယ်ရေးမညီမျှမှုသည် ကုန်သေတ္တာအလွတ်များ ပြောင်းရွှေ့မှုအားလုံး၏ သုံးပုံနှစ်ပုံခန့် အပေါ် အကျိုးသက်ရောက်မှု ရှိသည်။

 

တည်နေရာပြောင်းရွှေ့မှုအချိန် (Relocation time)
——————————–
ကုန်သေတ္တာများ နေရာပြန်လည်ပြောင်းရွှေ့မှုသည် ရသတ္တပတ် အတန်ကြာ တစ်ခါတစ်ရံ လများအထိ အချိန်ယူလေ့ရှိသည်။ သို့ဖြစ်၍ ကုန်သေတ္တာတင် သင်္ဘောလိုင်းများအနေဖြင့် လုပ်ငန်းလိုအပ်ချက်များကို ရက်သတ္တပတ်များစွာ ကြိုတင်သိရှိနိုင်ရန် လိုအပ်သည်။ ထိုသို့ သိရှိမှသာ ကမ္ဘာတစ်ဝှန်းနေရာဒေသအသီးသီးရှိ ကုန်သေတ္တာ အလွတ်များအား လုံခြုံစွာ ထိန်းသိမ်းထားရှိမှုနှင့် လိုအပ်သလို ပြန်လည်နေရာ ရွှေ့ပြောင်းမှုကို ကုန်ကျစရိတ် အနည်းဆုံးဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

 

ကုန်သေတ္တာအလွတ် လက်ဝယ်ထားရှိမှုနှင့် ၎င်းအတွက် ကုန်ကျစရိတ် (Empty stock and its costs)
———————————-
လုပ်ငန်းလိုအပ်ချက်နှင့်အညီ ဖြည့်တင်းပေးနိုင်ရေးအတွက် ကုမ္ပဏီများအနေဖြင့် နေရာဒေသအသီးသီးအတွက် ကုန်သေတ္တာ အမျိုးအစားအလိုက် (ဥပမာ အအေးခန်း ကုန်သေတ္တာ ၊ ဓာတုပစ္စည်း (ဓာတ်ငွေ့ရည်) ၊ သိုလှောင်ကန် စသည်) ကုန်သေတ္တာအလွတ် အရေအတွက်မည်ရွေ့မည်မျှ ထားရှိရမည်ကို ဆုံးဖြတ်ကြရမည်ဖြစ်သည်။
ကုန်သေတ္တာအလွတ်များ လက်ဝယ် ထိန်းသိမ်းထားရှိခြင်းနှင့် ဆက်နွယ်နေသော အဓိက ကုန်ကျစရိတ် အမျိုးအစား (၃)မျိုး ရှိသည်။ ၎င်းတို့မှာ ပြန်လည်နေရာချထားရမှု ကုန်ကျစရိတ် သိုလှောင်ထိန်းသိမ်းစရိတ်နှင့် ပိုင်ဆိုင်မှု ကုန်ကျစရိတ်တို့ ဖြစ်သည်။ ကုန်သေတ္တာ ထိန်းသိမ်းထားရှိစရိတ်မှာ ထားရှိရာနေရာ (သိုလှောင်ရုံ ၊ ဂိုဒေါင်စသည်) အလိုက် ချုပ်ဆိုသည့် စာချုပ်ပေါ်မူတည်၍ သက်သာသည့် နှုန်းထားများ ရရှိနိုင်သော်လည်း ပြန်လည် နေရာချထားမှု စရိတ်မှာ ကုန်အပြည့် ကုန်သေတ္တာများ ပို့ဆောင်စရိတ်နှင့် များစွာ ကွာခြားမှုမရှိသဖြင့် ပြန်လည်နေရာချထားမှုစရိတ်မှာ ဝန်ထုပ်ဝန်ပိုးတစ်ရပ်အဖြစ် တည်ရှိနေပေသည်။ ထို့ပြင်နေရာဒေသတစ်ခုတွင် ကုန်သေတ္တာအလွတ်များကို အရံအဖြစ် အရေအတွက်များများ ထားရှိလိုလေလေ ကုမ္ပဏီအနေဖြင့် ကုန်သေတ္တာ အရေအတွက် များများ ပိုင်ဆိုင်ထားရှိရန် လိုအပ်လေလေ ဖြစ်သည်။ သို့ဖြစ်ရာ ပုံမှန် ကုန်သေတ္တာ တစ်လုံးအတွက် ပိုင်ဆိုင်မှု ကုန်ကျစရိတ်သည် တစ်နေ့လျှင် အမေရိကန်ဒေါ်လာ သုညဒသမ၅ မှ ၁ ဒေါ်လာအထိ ကျသင့်မည်ဖြစ်ပြီး အအေးခန်းကုန်သေတ္တာ ၊ ဓာတ်ငွေ့ရည်ကန် စသည့် အထူး ကုန်သေတ္တာများအတွက်ဆိုလျှင် ပိုမို၍ ကုန်ကျမည်သာဖြစ်သည်။

 

ယုံကြည်စိတ်ချရမှု မရှိသည့် ကုန်သွယ် မှုဆိုင်ရာ ကြိုတင်ခန့်မှန်းချက်များ (Unreliable commercial forecasts)
——————————————————
ကုန်သေတ္တာ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းကဏ္ဍတွင် ကြိုတင်ခန့်မှန်းချက်များမှာ အစဉ်အလာအရ ယုံကြည်စိတ်ချအားထားရမှု မရှိသည့်အပြင် သင်္ဘောတင်ကုန်သေတ္တာများ၏ ရာသီအလိုက် လိုအပ်ချက်မှာလည်း အတက်အကျများဖြင့် တည်ငြိမ်မှုများစွာ အားနည်းလျက်ရှိသည်။ ထိုသို့ ကုန်သွယ်မှုဆိုင်ရာ ကြိုတင်ခန့်မှန်းချက်များ တိကျမှန်ကန်မှု အားနည်းခြင်းက ကြိုတင်စီစဉ်ဆောင်ရွက်မှုများအတွက် အထောက်အကူမဖြစ်စေပဲ အနာဂတ် ရည်မှန်းချက်များ ချမှတ်ရန် အခက်အခဲ ဖြစ်ပေါ်စေလျက်ရှိသည်။

 

ကုန်သေတ္တာလွတ်များ ပြန်လည်နေရာချထားမှုကို ဖြေရှင်းပေးနိုင်မည့် နည်းပညာများ (Technologies that can solve empty Repositioning)
—————————————————–
ကံအားလျော်စွာပင် ခေတ်မီနည်းပညာများ၏ တိုးတက်မှုဖြင့် ကုန်သေတ္တာလွတ်များအား ပြန်လည်နေရာချထားရေးပြသနာကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် အလားအလာများ ပေါ်ပေါက်နေပြီဖြစ်သည်။ အဆိုပါ ကုန်သေတ္တာလွတ်များ ပြန်လည်နေရာချထားရေးနှင့် စပ်လျဉ်း၍ အလားအလာကောင်းများ ဖော်ဆောင်ပေးလျက်ရှိသော ထိပ်တန်းနည်းပညာ အချို့ကို ထုတ်နှုတ်တင်ပြပေးသွားမည်ဖြစ်သည်။

အဆိုပါ နည်းလမ်း (၅)ခုအကြောင်းအား နောက်တစ်ပတ် ဆောင်းပါးတွင် အသေးစိတ်ဆက်လက်ရေးသား ဖော်ပြပေးသွားပါမည်။

 

#SuperLight #Logistics #Knowledge #Container_Problem

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN