fbpx

ကုန်သေတ္တာအလွတ်များ နေရာပြန်လည်ချထားရေး ပြသနာကို နည်းပညာဖြင့် မည်သို့ ဖြေရှင်းမလဲ : အပိုင်း (၂) (How to solve empty container prepositioning problem with technologies)

ကုန်သေတ္တာလွတ်များ ပြန်လည်နေရာချထားမှုကို ဖြေရှင်းပေးနိုင်မည့် နည်းပညာများ (Technologies that can solve empty Repositioning)

——————————————————–

ကံအားလျော်စွာပင် ခေတ်မီနည်းပညာများ၏ တိုးတက်မှုဖြင့် ကုန်သေတ္တာလွတ်များအား ပြန်လည်နေရာချထားရေးပြသနာကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် အလားအလာများ ပေါ်ပေါက်နေပြီဖြစ်သည်။ အဆိုပါ ကုန်သေတ္တာလွတ်များ ပြန်လည်နေရာချထားရေးနှင့် စပ်လျဉ်း၍ အလားအလာကောင်းများ ဖော်ဆောင်ပေးလျက်ရှိသော ထိပ်တန်းနည်းပညာ အချို့ကို ထုတ်နှုတ်တင်ပြပေးသွားမည်ဖြစ်သည်။
ထိုနည်းပညာများမှာ ……………

၁။ Asset Metrics
——————
ဘူဂေးရီးယားနိုင်ငံ ၊ ဆိုဖီယာအခြေစိုက် နည်းပညာကုမ္ပဏီ တစ်ခုဖြစ်သည့် Transmetrics မှ ကုန်သေတ္တာအလွတ်များ စီမံခန့်ခွဲမှုဆိုင်ရာ Asset Metrics ခေါ် ကြိုတင်ခန့်မှန်းမှု နည်းပညာတစ်ရပ်ကို တီထွင်ခဲ့သည်။ အဆိုပါ ကြိုတင်ခန့်မှန်းမှု နည်းပညာ (Software) တွင် အဓိက အစိတ်အပိုင်း (၃)ခုပါဝင်သည်။ ၎င်းတို့မှာ အချက်အလက် သန့်စင်မှုနှင့် တန်ဖိုးမြှင့်မှု ၊ ယခင်အစဉ်အလာအချက်အလက်များနှင့် ပြင်ပအကြောင်းအရာများအပေါ် အခြေခံသော Artificial Intelligence (AI) ဖြင့် ပေါင်းစပ်ဆောင်ရွက်သည့် လုပ်ငန်းလိုအပ်ချက် ကြိုတင်ခန့်မှန်းခြင်း နှင့် ကြိုတင်ခန့်မှန်းချက်များအပေါ် မူတည်၍ တွင်ကျယ်ထိရောက်မှုရှိဆုံးဖြစ်အောင် အသုံးပြုခြင်းတို့ဖြစ်သည်။ အဆိုပါ နည်းပညာ (Software) ကို အသုံးပြုလျက် ကုန်သေတ္တာလွတ်များ နေရာပြန်လည် ချထားခြင်း ၊ သိုလှောင်ထားရှိခြင်း ၊ ပြုပြင်ထိန်းသိမ်းခြင်း တို့အတွက် အသင့်လျော်ဆုံးနှင့် လက်တွေ့ဆောင်ရွက်နိုင်သော ကမ္ဘာလုံးဆိုင်ရာ ကွန်ယက်အစီအစဉ်တစ်ရပ်ကို ရက်သတ္တပတ် ၁၂ ပတ် အထိကြိုတင်၍ တွက်ချက်စီစဉ်ရေးဆွဲနိုင်မည် ဖြစ်သည်။ ထိုသို့ ကြိုတင်စီမံမှု ရေးဆွဲရာတွင် ဆိပ်ကမ်းအလုပ်သမားစရိတ် ၊ ဂိတ်ကြေးစသည့် ဆက်နွယ်နေသည့် စရိတ်စကအားလုံးကိုပါ ထည့်သွင်းတွက်ချက်နိုင်မည်ဖြစ်သည်။

၂။ xChange’s Platform
————————–
ဘော့စတွန် အတိုင်ပင်ခံအုပ်စု၏ လက်ခွဲတစ်ခုဖြစ်သော နည်းပညာဆိုင်ရာ ကုမ္ပဏီ xChange မှ ကုန်သေတ္တာလွတ်များ ပြန်လည်နေရာချထားမှု ပြသနာအတွက် အခြားရှုထောင့်တစ်ရပ်မှ ကိုင်တွယ်ဖြေရှင်းနည်း တစ်ခုကို ဖော်ထုတ်ထားခဲ့သည်။ Xchange ကုမ္ပဏီ၏ ကုန်သေတ္တာလွတ်များဆိုင်ရာ ဒီဂျစ်တယ်စင်မြင့် (Digital Platform) ပေါ်တွင် အဖွဲ့ဝင်များအနေဖြင့် ၎င်းတို့၏ တင်ပို့မည့် ကုန်ပစ္စည်းများ နှင့် အံဝင်မည့် ကုန်သေတ္တာလွတ်များကို ရှာဖွေနိုင်မည်ဖြစ်သည်။ အဆိုပါ xChange ကုမ္ပဏီ၏ Digital Platform မှာ ကုန်သေတ္တာ ကုန်စည်စီးဆင်းမှုအတွက် ပထမဆုံး Online ဈေးကွက်အဖြစ် သတ်မှတ်ခံရသည်။ ကုန်သေတ္တာငှားရမ်း အသုံးပြုလိုသူနှင့် ကုန်သေတ္တာပိုင်ရှင် ကုမ္ပဏီများအကြား ညှိနှိုင်းပေးခြင်း ၊ ကုန်ပစ္စည်းနှင့် ဆီလျော်မည့် ကုန်သေတ္တာများ ရှာဖွေပေးခြင်း ၊ Demurrage နှင့် Detention fee ကဲ့သို့သော နောက်ကျဒဏ်ကြေးများ သက်သာမှုရရှိစေခြင်း စသည့် အကျိုးကျေးဇူး အများအပြားကို ဖော်ဆောင်ပေးနိုင်လျက်ရှိသည်။ xChange’s Platform တွင် အဖွဲ့ဝင်များအဖြစ် သင်္ဘောကုမ္ပဏီများ ၊ ကုန်သေတ္တာငှားရမ်းသည့် ကုမ္ပဏီများ ၊ ကုန်သေတ္တာဖြင့် ကုန်သွယ်သူ ကုန်သည်ကြီးများ ၊ NOVCC (Non Vessel Owing Common Carrier) ခေါ် ကြားခံ (ကုန်ပို့သူနှင့်သင်္ဘောလိုင်းအကြား) ကုမ္ပဏီကြီးများ ၊ ကုန်ပစ္စည်းတင်ပို့ပေးသူများ စသည့် ကုမ္ပဏီပေါင်း ၃၀၀ ကျော် ပါဝင်နေကြသည်။ xChange’s Platform သည် ကမ္ဘာတစ်ဝှန်းရှိ နေရာဒေသပေါင်း ၂၅၀၀ ကျော်ကို လွှမ်းခြုံထားနိုင်ပြီး ၎င်းတို့နှင့် ဆက်သွယ်ဆောင်ရွက်ခြင်းဖြင့် ကုန်သေတ္တာတစ်လုံးလျှင် ဒေါ်လာ ၂၀၀ မှ ၄၀၀ ကြား သက်သာစေနိုင်သည်ဟုဆိုသည်။

၃။ Tank Container Finder.com
—————————–
နယ်သာလန်နိုင်ငံ ကုန်စည်စီးဆင်းမှု ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ Tank Container Finder.com မှလည်း ၎င်းတို့၏ Digital Platform “ Tank Container Finder.com ” ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်မှ စတင်၍ အစပျိုးခဲ့သည်။  xChange မှာ ကုန်သေတ္တာလွတ်အမျိုးအစား အားလုံးအတွက် Digital Platform ဖြစ်သော်လည်း Tank Container Finder မှာမူ ၎င်း၏ အမည်နှင့် လိုက်လျောညီထွေစွာ Tank Container များအတွက်သာ သီးသန့် Online ဈေးကွက်တစ်ခုဖြစ်သည်။ ကမ္ဘာတစ်ဝှန်းရှိ နိုင်ငံပေါင်း ၁၀၀ ကျော်မှ အသုံးပြုသူ ကုမ္ပဏီ ၉၀၀ ကျော်အတွက် Tank Container Finder မှ ဝန်ဆောင်မှုများ ပေးဆောင်လျက်ရှိသည်ဟု ဆိုသည်။ အရည်နှင့် ဓာတ်ငွေ့ (ဓာတ်ငွေ့ရည်) သယ်ပို့လိုသူ ကုမ္ပဏီများအနေဖြင့် Tank container finder.com ပေါ်တွင် ၎င်းတို့၏ လိုအပ်ချက်ကို တင်ထားခြင်းဖြင့် ဓာတ်ငွေ့/ရည် သိုလှောင်ကန် (Tank Container) ငှားရမ်း/ရောင်းချ လိုသူများနှင့် ဆက်သွယ်မှု ရနိုင်ကာ ပိုမိုသင့်လျော်မည့် (သို့) ဈေးနှုန်းသက်သာမည့် ကမ်းလှမ်းမှုများကို ရွေးချယ် အသုံးပြုနိုင်မည် ဖြစ်သည်။ ယခုအခါ Tank Container Finder.com သည် ကမ္ဘာတစ်ဝှန်းမှ Tank Container (သိုလှောင်ကန်)များအတွက် စုံစမ်းရှာဖွေရန် အဓိကအရင်းအမြစ် တစ်ရပ်အဖြစ်ရပ်တည်နေပြီ ဖြစ်သည်။

၄။ Navigate
————–
နယ်သာလန်နိုင်ငံ ရော့တာဒမ်ဆိပ်ကမ်းမှလည်း Navigate ခေါ် online digital platform တစ်ခုကို တီထွင်ထားရှိသည်။ ယခင်က Inland links ဟုခေါ်ဆိုခဲ့ကြသည်။ Navigate သည် online ခရီးလမ်းညွှန်တစ်ရပ် ဖြစ်ပြီး ရော့တာဒမ်မှ တစ်ဆင့် ကုန်သေတ္တာ ကုန်စည်များ သယ်ယူပို့ဆောင်ရန် အကောင်းဆုံးနှင့် အထိရောက်ဆုံး လမ်းကို ရှာဖွေနိုင်ရန် အကောင်းဆုံးနှင့် အထိရောက်ဆုံးလမ်းကို ရှာဖွေနိုင်ရန် အထောက်အကူပြုပေးသည်။ ထို့ပြင် Navigate တွင် ကုန်သေတ္တာလွတ်များ ရှိရာ ရှာဖွေမှုလမ်းညွှန် (Empty Depots tool) ခေါ် ဥရောပ တစ်လွှားရှိ ကုန်သေတ္တာလွတ်များ ထားရှိ / ရောက်ရှိရာ နေရာများကို လျင်မြန်စွာ ရှာဖွေနိုင်သည့် လမ်းညွှန်ချက် တစ်ရပ်ပါဝင်သည်။

၅။ Avantida
————–
အမေရိကန်ပြည်ထောင်စု ၊ တက်ဆက်ပြည်နယ် အော်စတင်မြို့အခြေစိုက် software ကုမ္ပဏီတစ်ခုဖြစ်သည့် E2open မှလည်း Avantida ခေါ် Online platform တစ်ခုကို ဖော်ထုတ်ခဲ့သည်။ Avantida အနေဖြင့် ကုန်သေတ္တာများ ပြန်လည်အသုံးပြုခြင်းနှင့် ပြန်လည်နေရာချထားခြင်းကဲ့သို့သော ကုန်းတွင်းအခြေစိုက် လုပ်ငန်းဆောင်ရွက်ချက်များကို ပေါင်းစပ်ညှိနှိုင်းရာတွင် အထောက်အကူပြုပေးခြင်း ဖြစ်သည်။ ကုန်သေတ္တာ တစ်လုံးအနေဖြင့် ကုန်ပစ္စည်းများ ထုတ်ယူပြီးပါက ၎င်းကုန်သေတ္တာကို မူလ သင်္ဘောတင်ပို့ရာ (သို့) အသုံးပြုမည့်နေရာသို့ ပြန်လည်ပို့ဆောင်သင့်သည်။
Avantida ကို အသုံးပြုခြင်းဖြင့် ကုန်စည် ပို့ဆောင်သူ ကုမ္ပဏီများအနေဖြင့် သက်ဆိုင်ရာ သင်္ဘောလိုင်းသို့ တင်ပို့မည့် ကုန်သေတ္တာကိုသာ ပြန်လည်အသုံးပြုရန်နှင့် မူလ တင်ပို့သူထံ တိုက်ရိုက်ပြန်လည်သယ်ဆောင်လာရန် မေတ္တာရပ်ခံနိုင်သည်။ ထိုသို့ တိုက်ရိုက် သယ်ယူမှုသည် ဆိပ်ကမ်းများ ၊ သိုလှောင်ရုံများတွင် စောင့်ဆိုင်းနေရသည့် အချိန်များကို ဖယ်ရှားနိုင်ပြီး မလိုလားအပ်သော ကုန်ကျစရိတ်များကို လျော့ပါးစေနိုင်သည်။

သုံးသပ်ချက် (Conclusion)
——————————
ကုန်စည် သယ်ယူပို့ဆောင်ရေးကုမ္ပဏီများအနေဖြင့် ကုန်သေတ္တာအလွတ်များကို သွင်းကုန် အလေးပေးနေရာဒေသများမှသည် ပို့ကုန် အလေးပေးနေရာဒေသများဆီသို့ အစဉ်အမြဲ ရွှေ့ပြောင်းနေကြရမည်သာဖြစ်သည်။ ကုန်သေတ္တာအလွတ်များ ပြန်လည်နေရာချထားရသည့် ကုန်ကျစရိတ် (အမေရိကန်ဒေါ်လာ ၂၀ ဘီလျံ) တစ်ရပ်လုံးကို လုံးဝ ဖယ်ရှားနိုင်မည့် နည်းလမ်းရှိမည်မဟုတ်ပါ။ သို့ရာတွင် အဆိုပါ ကုန်ကျစရိတ် စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းခန့်သည် ချွတ်ယွင်း ၊အားနည်းချက်များကြောင့် ဖြစ်ပေါ်ရသည်ဟု ခန့်မှန်းရသဖြင့် အဆိုပါ အလဟသ ကုန်ကျရမှုမျိုးကိုမူ နည်းပညာများဖြင့် အသုံးပြုလျက် ဖယ်ရှားပေးနိုင်မည် ဖြစ်သည်။ ဆောင်းပါးတွင် ဖော်ပြခဲ့သည့် အထက်ပါ နည်းပညာဆိုင်ရာ ဖြေရှင်းမှုများသည် ကုန်သေတ္တာ အလွတ်များ ပြန်လည်နေရာချထားမှုအပေါ် တိုးတက်ကောင်းမွန်အောင် ပြုပြင်ပေးနိုင်သည့် အလားအလာများကို လက်တွေ့ပြသနေပြီး ဖြစ်သည်။ သို့ရာတွင် ကုန်စည်စီးဆင်းမှုတွင် အမှန်တကယ် အသုံးစရိတ် ခြိုးခြံချွေတာမှု အောင်မြင်ရေးအတွက် မည်သည့် နည်းပညာရပ်မဆို ပြသနာဖြေရှင်းမှု၏ အစိတ်အပိုင်း တစ်ရပ်မျှသာဖြစ်သည် ဆိုခြင်းကို မမေ့လျော့သင့်ပေ။ ကုမ္ပဏီများအနေဖြင့် သက်ဆိုင်ရာ လုပ်ငန်းခွင်များအတွင်း သင့်လျော်မည့် နည်းပညာများကို ပေါင်းစပ်အသုံးပြုလျက် နည်းပညာများမှ ရလာဒ်နှင့် အကြံပြုချက် ၊ ခန့်မှန်းချက်များကို လေ့လာဆန်းစစ် သုံးသပ်ကာ လုပ်ငန်းပိုမို တွင်ကျယ်ထိရောက်ရေးအတွက် စီမံဆောင်ရွက်သွားကြရမည်ဖြစ်ပေသည်။

#SuperLight #Logistics #Knowledge #Container

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN