fbpx

6S ဆိုတာ ဘာလဲ ?

6s Lean (သို့) Lean six sigma ဆိုသည်မှာ ကွဲလွဲမှု (ကွာဟချက်)များကို စနစ်တကျ လျော့ချပြီး လေလွင့်ပြုန်းတီးမှုများကို ဖယ်ရှားခြင်းဖြင့် လုပ်ငန်းစွမ်းဆောင်မှုပိုမို တိုးတက်အောင် ပြုပြင်နိုင်ရေးအတွက် အဖွဲ့လိုက် စုစည်းကြိုးပမ်းမှုအပေါ် အခြေပြုသည့် စီမံခန့်ခွဲမှု နည်းလမ်းတစ်ရပ်ဖြစ်သည်။ Lean six sigma သည် six sigma နည်းလမ်းများနှင့် Lean manufacturing အယူအဆအတွေးအမြင်ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ Lean six sigma သည် ကုန်ထုတ်လုပ်မှုနှင့် အဖွဲ့အစည်းဆိုင်ရာ လုပ်နည်းစနစ်များတွင် အရည်အသွေးကောင်းမွန်ရေးကို ဆောင်ရွက်ရင်း ရုပ်ပိုင်းဆိုင်ရာ အရင်းအမြစ်များ ၊ အချိန် ၊ ကြိုးပမ်းအားထုတ်မှုနှင့် ပင်ကိုယ်စွမ်းရည်တို့မှ အလဟသ လေလွင့်ပြုန်းတီးမှု ၊ အပြစ်အနာအဆာများကို ဖယ်ရှားနိုင်ရေး ဆောင်ရွက်သည့် နည်းလမ်း ဖြစ်သည်။ အရိုးရှင်းဆုံး အဓိပ္ပါယ်ဖွင့်ဆိုရလျှင် Six Sigma ၏ အခြေခံသဘောတရားမှာ သုံးစွဲသူ ၊ စားသုံးသူများအတွက် တန်ဖိုး (သို့) ထိုက်တန်မှု (သို့) အသုံးဝင်မှု တစ်စုံတစ်ရာကို ဖန်တီးပေးနိုင်ခြင်းမရှိသည့် အရင်းအမြစ်များအား အသုံးပြုသည့် မည်သည့်အသုံးပြုသူကိုမဆို လေလွင့်ပြုန်းတီးမှု တစ်ရပ်ဟု သတ်မှတ်ယူဆပြီး အဆိုပါ အသုံးပြုမှုကို ဖယ်ရှားရှင်းလင်းရမည်ဖြစ်သည်။

၁၉၈၀ ပြည့်နှစ်အလွန်များတွင် အမေရိကန်ပြည်ထောင်စုတွင် Lean Six Sigma ၏ မူလပထမအစကို စတင်မြင်တွေ့ရသည်။ထိုစဉ်က Lean six sigma ကို ဂျပန်နိုင်ငံမှ စတင်ပေါ်ပေါက်သည့် စီမံခန့်ခွဲမှုအခြေခံသဘောတရားနှင့် လုပ်နည်းစနစ်များ ပေါင်းစပ်မှုတစ်ရပ်အဖြစ် ရှုမြင်ခဲ့ကြသည်။ ဂျပန်တို့၏ ပိုမိုကောင်းမွန်သော ထုတ်ကုန်များကို ယှဉ်ပြိုင်နိုင်ရန် ကြိုးပမ်းမှု တစ်ရပ်အဖြစ် အမေရိကန် ကုန်ထုတ်လုပ်ငန်းအချို့က ဂျပန်ကုန်ထုတ်လုပ်မှု သဘောတရားအချို့ကို လိုက်နာကျင့်သုံးကာ လေလွင့်ပြုန်းတီးမှုများ လျှော့ချရေးအပေါ် အာရုံစိုက်လာခဲ့ကြသည်။ ၁၉၉၀ ပြည့်လွန်နှစ်များတွင် အဆိုပါ သဘောတရားကို အမေရိကန် ကုမ္ပဏီကြီးများက လိုက်နာကျင့်သုံးလာခဲ့ကြသည်။ Lean six sigmg ဟူသော ဝေါဟာရကို ၂၀၀၂ ခုနှစ်တွင် Michae George နှင့် Robert Lawrence Jr တို့က ၎င်းတို့၏ စာအုပ် Lean six sigma : Combining Six Sigma with Lean Speed တွင် စတင်မိတ်ဆက်ပေးခဲ့ခြင်းဖြစ်သည်။

Lean six sigma မှာ Lean manufacturing နှင့် Six Sigma အယူအဆကို ပေါင်းစပ်ပြီး ပြန်လည် ပြုပြင်မွမ်းမံထားသော နည်းလမ်းတစ်ရပ်ပင်ဖြစ်သည်။ သို့ဖြစ်ရာ Lean နှင့် six sigma ဝေါဟာရနှစ်ရပ်ကို အနည်းငယ်ရှင်းပြသွားမည်ဖြစ်သည်။
Lean Manufacturing (သို့) Lean Production မှာ Toyota ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှုပုံစံ “ The Toyota Way” မှ ဆင်းသက်လာသည့် ကုန်ထုတ်လုပ်မှု နည်းစနစ်တစ်ရပ်ဖြစ်သည်။ Lean ဟူသော ဝေါဟာရကို ၁၉၈၈ ခုနှစ်တွင် John Kratcik ဆိုသူက စတင်သုံးစွဲ (တီထွင်)ခဲ့ခြင်း ဖြစ်ပြီး ၁၉၉၆ ခုနှစ်တွင် James Womack နှင့် David Jones တို့က အဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြသည်။
Womack နှင့် Jones တို့က Lean ၏ အဓိပ္ပါယ်ကို “ စားသုံးသူများ အမှန်တကယ် လိုအပ်သည့်အရာကို အတိအကျ ဖြည့်ဆည်းပေးနိုင်ရန် ပို၍ ပို၍ နီးကပ်အောင်ဆောင်ရွက်ရင်း လူ့စွမ်းအား ၊ ပစ္စည်းကိရိယာ ၊အချိန်နှင့် နေရာတို့ကို လျှော့၍ လျှော့၍ ဆောင်ရွက်သည့် နည်းလမ်း (တစ်နည်းအားဖြင့်) အရင်းအနှီးနည်းနည်းဖြင့် ပို၍ ပို၍ ဆောင်ရွက်သည့် နည်းလမ်း” ဟု ဖွင့်ဆိုခဲ့သည်။ Lean ၏ အနက်အဓိပ္ပါယ်ကို အနီးစပ်ဆုံး မြန်မာမှုပြုရပါက “နည်းနည်းနှင့် ကျဲကျဲ တိုင်းသည့်နည်းလမ်း” ဟုဆိုနိုင်သည်။

Six sigma မှာ ကုန်ထုတ်လုပ်မှု လုပ်နည်းစနစ်များကို ပိုမို တိုးတက်ကောင်းမွန်အောင်ပြုပြုင်ရာတွင် အသုံးပြုသည့် နည်းစနစ်များဖြစ်သည်။ Six sigma ကို ၁၉၈၅ ခုနှစ်တွင် Motorola Inc မှ Bill Smith ဆိုသူ အင်ဂျင်နီယာတစ်ဦးက ဂျပန်တို့၏ Kasisen (တိုးတက်ကောင်းမွန်အောင် စဉ်ဆက်မပြတ်ပြုပြင်ရေး) ဟူသော သဘောတရားကို အခြေပြုကာ စတင်တီထွင်ခဲ့ခြင်းဖြစ်သည်။
Six Sigma မှ Sigma မှာ ခေတ်သစ်ဂရိစာပေ၏ ၁၈လုံးမြောက် အက္ခရာဖြစ်ပြီး အင်္ဂလိပ်အက္ခရာ “S” နှင့် တူညီသည်။ သို့ဖြစ်၍ Six sigma ကို အနီးစပ်ဆုံး မြန်မာမှုပြုရပါက အက်စ် “S” ခြောက်လုံးဟု ဆိုနိုင်သည်။ Six Sigma ကို ၁၉၉၅ ခုနှစ်တွင် General Electric မှ လုပ်ငန်း မဟာဗျူဟာတစ်ရပ်အဖြစ် စတင်အသုံးပြုခဲ့ပြီး ၎င်း၏ အောင်မြင်မှုရရှိခဲ့ခြင်းအပေါ် မူတည်ကာ ကမ္ဘာတစ်လွှားမှ ကုမ္ပဏီများအများအကြား ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြသည်။

Six Sigma နှင့် Lean manufacturing နှစ်မျိုးသည် ဂျပန်အယူအဆ လွှမ်းမိုးနေသည့် ဆင်တူယိုးမှား နည်းစနစ်များဖြစ်သော်လည်း သီးခြားစီကွဲပြားလိုသော နည်းစနစ်များ ဖြစ်ကြသည်။ Lean six sigma သည် လုပ်ငန်းခွင်နှင့် လုပ်ငန်းစဉ်များအတွင်း ချွတ်ယွင်းချက်များ ၊ လေလွင့်ပြုန်းတီးမှုများ လျှော့ချ (သို့) ဖယ်ရှားနိုင်ယုံမျှမက အဖွဲ့အစည်းနှင့် အဖွဲ့အစည်းဝင်များ၏ အမူအကျင့် ၊ အလေ့အထများ ပြောင်းလဲလာစေရေးအတွက်လည်း မူဘောင်တစ်ရပ်အဖြစ် ဖြည့်ဆည်းပေးသည်။

Lean Six Sigma ကို အောင်မြင်စွာ အသုံးပြုနိုင်ရေးအတွက် Lean Manufacturing ၏ သဘောတရားနှင့် Six Sigma ၏ လုပ်နည်းစနစ်များကို ပေါင်းစပ်ဖော်ဆောင်ကြရမည်ဖြစ်သည်။ ဤဆောင်းပါးတွင် Lean six sigma ၏ လုပ်ငန်းဆိုင်ရာ သဘောတရား ၊ ဒသနိကနှင့် လုပ်ငန်းစဉ်နည်းစနစ်များ ၊ အဆင့်များကို တင်ပြခြင်းမပြုလုပ်ပဲ Lean six sigma ၏ အခြေခံသဘောတရာ တစ်ရပ်ဖြစ်သော အက်စ် (s) ခြောက်လုံး (သို့) အက်စ် (s) ငါးလုံး + Safety ကို ဖော်ပြသွားမည် ဖြစ်သည်။

6s မှာ ဂျပန်တို့၏ Kaizen (တိုးတက်ကောင်းမွန်အောင် စဉ်ဆက်မပြတ်ပြုပြင်ရေး) သဘောတရား၏ အခြေခံအုတ်မြစ် 5s တွင် Safety (ဘေးကင်းလုံခြုံရေး) ကို ခြောက်ခုမြောက် “S”အဖြစ် ပေါင်းစပ်ဖွဲ့စည်းကာပြုပြင်မွမ်းမံထားခြင်းဖြစ်သည်။
ဂျပန်တို့၏ မူရင်း 5S မှာ ကုန်ထုတ်လုပ်မှု နည်းစနစ်များအတွင်း လေလွင့်ပြုန်းတီးမှုများကို ဖယ်ရှားရှင်းလင်းနိုင်ရေးအတွက် ပထမခြေလှမ်း (သို့) အခြေခံ ထောက်တိုင်များပင်ဖြစ်သည်။ ဂျပန်ဘာသာဖြင့် Seri / Seiton/Seio/Seiketsu နှင့် Sbitsuke ဟု အသံထွက်ပြီး S အက္ခရာဖြင့် စကားလုံးတိုင်းကို အစပျိုးသဖြင့် 5S ဟု ခေါ်ဆိုခြင်းဖြစ်သည်။ 5S ၏ အခြေခံသဘောတရားမှာ “ အရာရာတိုင်းအတွက် နေရာတစ်နေရာနှင့် အရာရာတိုင်းသည် သူ့နေရာတွင်သူရှိရမည် ” (A Place for Everything and Everything in its Place) ဟုဖြစ်သည်။

5S သည် လုပ်ငန်းခွင်နှင့် လုပ်ငန်းစဉ်အတွင်း အလဟသဖြစ်နေသော အချိန် ၊ နေရာ နှင့် ပစ္စည်းများကို ဖယ်ရှားရေးအတွက် အထောက်အကူပြုပြီး ထုတ်ကုန်အရည်အသွေး နှင့် ထုတ်ကုန်စွမ်းအားကို တိုးတက်ကောင်းမွန်စေကာ ကုန်ကျစရိတ်များကို လျော့ကျစေနိုင်သည်။  အဆိုပါ 5S နှင့် ခြောက်ခုမြောက် S “Safety” တို့ ပေါင်းစပ်ထားသော 6S သည် လုပ်ငန်းခွင် ဝန်းကျင်အဆင့်မြှင့်တင်ရေးနှင့် လုပ်ငန်းစွမ်းဆောငမှု ထိရောက်တွင်ကျယ်ရေးအတွက် အကောင်းဆုံး ဖြည့်ဆည်းပေးမည့် အခြေခံ အဆင့်များပင်ဖြစ်သည်။
ယင်း 6S အကြောင်းအပြည့်အစုံကို နောက်တစ်ပတ်ဆောင်းပါးတွင် အသေးစိတ်ဆက်လက်ရေးသား ဖော်ပြပေးသွားပါမည်။

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN