fbpx

What is 6S ? အပိုင်း (၂)

5S ၏ အခြေခံသဘောတရားမှာ “ အရာရာတိုင်းအတွက် နေရာတစ်နေရာနှင့် အရာရာတိုင်းသည် သူ့နေရာတွင်သူရှိရမည် ” (A Place for Everything and Everything in its Place) ဟုဖြစ်သည်။
5S သည် လုပ်ငန်းခွင်နှင့် လုပ်ငန်းစဉ်အတွင်း အလဟသဖြစ်နေသော အချိန် ၊ နေရာ နှင့် ပစ္စည်းများကို ဖယ်ရှားရေးအတွက် အထောက်အကူပြုပြီး ထုတ်ကုန်အရည်အသွေး နှင့် ထုတ်ကုန်စွမ်းအားကို တိုးတက်ကောင်းမွန်စေကာ ကုန်ကျစရိတ်များကို လျော့ကျစေနိုင်သည်။
အဆိုပါ 5S နှင့် ခြောက်ခုမြောက် S “Safety” တို့ ပေါင်းစပ်ထားသော 6S သည် လုပ်ငန်းခွင် ဝန်းကျင်အဆင့်မြှင့်တင်ရေးနှင့် လုပ်ငန်းစွမ်းဆောင်မှု ထိရောက်တွင်ကျယ်ရေးအတွက် အကောင်းဆုံး ဖြည့်ဆည်းပေးမည့် အခြေခံ အဆင့်များပင်ဖြစ်သည်။
၎င်းတို့မှာ

(၁) ရွေးဖယ်ခြင်း (Sort )
———————
ပြုပြင်မွမ်းမံမှု လုပ်ငန်းစဉ် 6s ၏ ပထမဆုံးအဆင့် (First Step) မှာ လုပ်ငန်းခွင်အတွင်း လိုအပ်သော ပစ္စည်းများနှင့် မလိုအပ်သော ပစ္စည်းများကို ရွေးချယ်ခွဲထုတ်ရန် ဖြစ်သည်။ အဓိက အချက်မှာ လုပ်ငန်းခွင်အတွင်း လိုအပ်သည့် အရာများသည် လုပ်ငန်းဆောင်ရွက်ရန် လိုအပ်ချိန်တွင် အသင့်ရရှိနိုင်ရန်နှင့် မလိုအပ်သော အရာများအား စွန့်ပစ်ရန် (သို့) နောင်အသုံးပြုနိုင်ရေးအတွက် လုပ်ငန်းခွင်အပြင်တွင် သိမ်းဆည်းထားရန်ဖြစ်သည်။ ဤရွေးဖယ်မှု (sort) အဆင့်သည် ရှုပ်ပွနေသည့် နေရာများကို ရှင်းလင်းယုံမျှသာမက ပို၍ ကျယ်ပြန့်သည့် 4M ရှုထောင့် တစ်နည်းအားဖြင့် လူ (Man) ၊ စက် (Machine) ၊ နည်းလမ်း (Method) နှင့် ပစ္စည်းများ (Material) အပေါ်တွင်လည်း ရွေးချယ်ဖယ်ရှားသည့်အဆင့်ဟု ယူဆနိုင်သည်။

(၂) အစီအစဉ်တကျ နေရာချထားခြင်း (Set in order)
———————–
လုပ်ငန်းစဉ်၏ ဒုတိယအဆင့်မှာ လိုအပ်သည့် အရာများ (ဥပမာ ပစ္စည်းကိရိယာ ၊ အသုံးအဆောင် နှင့် အခြားအရာများ) ကို အလွယ်တကူ အသုံးပြုနိုင်ရေးအတွက် ၎င်းတို့၏ သဘောသဘာဝအရ တူရာတူရာ ရွေးချယ်လျက် အစီအစဉ်တကျထားရှိခြင်းဖြစ်သည်။ အလုပ်သမားများအနေဖြင့် လိုအပ်ချိန်တွင် အလွယ်တကူ ရရှိနိုင်ပြီး လုပ်ငန်းတွင်ကျယ် ထိရောက်မှုကို အထောက်အကူ ဖြစ်စေမည်ဖြစ်သည်

(၃) သန့်စင်စေခြင်း (Shine or Scrub)
————————–
တတိယအဆင့်မှာ လုပ်ငန်းခွင်အတွင်း အတွင်းအပြင်အားလုံး အမှိုက်သရိုက် ၊ အကျိုးအပဲ့ ၊ အပျက်အစီး ၊ အစအနများ ၊ အစွန်းအကွက်များ ၊ အဟန့်အတားများ ၊အတားအဆီးများ ၊ လမ်းပိတ်ဆို့မှုများ ကို ရှင်းလင်းဖယ်ရှားသည့် သန့်ရှင်းရေးအဆင့်ပင်ဖြစ်သည်။
လုပ်ငန်းခွင်တစ်ပြင်လုံး သန့်ရှင်းသပ်ရပ်ပြီး ကြည့်ကောင်းစေယုံမျှသာမက မလိုလားအပ်သော မတော်တဆ ထိခိုက်စေမည့် အန္တရာယ်များကို ရှောင်ရှားနိုင်ပြီး ထွက်ရှိလာသော ထုတ်ကုန်ပစ္စည်းများကို မသန့်ရှင်းသည့် ပတ်ဝန်းကျင်ကြောင့် စွန်းပေမှုများ မဖြစ်စေရန်ကိုပါ အထောက်အကူပြုနိုင်မည်ဖြစ်သည်။

(၄) စံသတ်မှတ်ခြင်း (Standardize)
—————-
စတုတ္ထမြောက်အဆင့်မှာ ပထမအဆင့် ၃ရပ်၏ လုပ်ငန်းဆောင်ရွက်မှုများအပေါ် စနစ်တကျ ဖြစ်စေရန် လုပ်နည်းစနစ်များ ချမှတ်ခြင်းပင်ဖြစ်သည်။ အဓိက ဦးတည်ချက်မှာ လုပ်ငန်းစဉ်အရှေ့အဆင့် (၃)ရပ်ကို အလုပ်သမားများ အတွင်း အလေ့အထအဖြစ်နှင့် လုပ်ငန်းခွင်အတွင်း ပုံမှန်ဆောင်ရွက်နေကျ အလုပ်အဖြစ် စွဲထင်သွားစေရန်ဖြစ်သည်။ မြင်လွယ်သည့် သတိပေးချက်များ ကပ်နှံခြင်း ၊ အလုပ်သမားများ၏ ဝတ္တရားတစ်ရပ်အဖြစ် ရှုမြင်လာရန် ဆောင်ရွက်ခြင်း ၊ ပုံမှန်စစ်ဆေးမှုများ ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းခွင်သစ် စံနှုန်းများ ဖော်ဆောင်ခြင်းဖြစ်သည်။ ဤသို့ဖြင့် ဝန်ထမ်းများအတွင်း ရှေ့ပိုင်းလုပ်ငန်းစဉ်အဆင့်များကို မေ့လျော့ခြင်းမျိုး ရှောင်ရှားနိုင်ရန်နှင့် ယခင်လုပ်ငန်းခွင် အလေ့အကျင့်ဟောင်းများ စွဲမြဲနေမှုကို ဖျောက်ဖကျ်နိုင်မည်ဖြစ်သည်။

(၅) တည်တံ့စေခြင်း (Sustain)
———————–
6s ၏ ငါးဆင့်မြောက်အဆင့်မှာ ပထမအဆင့် ၃ခုတွင် ထိန်းသိမ်းထားခဲ့သော လုပ်ငန်းစဉ်သစ်များနှင့် နည်းစနစ်သစ်များကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းထားရှိသည့် အဆင့်ဖြစ်သည်။ ဤအဆင့်သည် ရေရှည်ရည်မှန်းချက်ပန်းတိုင်တစ်ရပ်အဖြစ်သာမက အခက်ခဲဆုံး ၊ စိန်ခေါ်မှုအများဆုံး ကြုံတွေ့ရသည့် အဆင့်ဖြစ်သည်။ ဤအဆင့်တွင် စံ သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများကို အလေ့အထတစ်ရပ်အဖြစ် စွဲမြဲသွားသည်အထိ စဉ်ဆက်မပြတ် တွန်းအားပေး လှုံ့ဆော် ဆောင်ရွက်သွားရန် ဖြစ်သည်။

(၆) ဘေးအန္တရာယ်ကင်းရှင်းလုံခြုံရေး (Safety)
———————-
Safety မှာ မူရင်း 5s ကို ပြုပြင်မွမ်းမံရာတွင် ခြောက်ခုမြောက် s အဖြစ် ပေါင်းစပ်ထည့်သွင်းထားခြင်း ဖြစ်သည်။ လုပ်ငန်းခွင်တိုင်းတွင် ဘေးအန္တရာယ် ကင်းရှင်းလုံခြုံရေးမှာ ထိပ်တန်းဦးစားပေးတစ်ရပ်ဖြစ်သည်။ ဘေးအန္တရာယ် ကင်းရှင်းလုံခြုံသည့် လုပ်ငန်းခွင်သည် အလုပ်သမားများအနေဖြင့် စိတ်ချလုံခြုံမှုကို ခံစားရရှိစေကာ စိုးရိမ်သောက ကင်းဝေးပြီး ကုန်ထုတ်စွမ်းအားနှင့် အရည်အသွေးအပေါ် အပြုသဘော အကျိုးသက်ရောက်လျက်ရှိသည်။
သို့ဖြစ်ရာ လုပ်ငန်းခွင်အတွင်းနှင့် လုပ်ငန်းဆောင်ရွက်စဉ် အတွင်း အလုပ်သမားများ၏ ဘေးအန္တရာယ်ကင်းရှင်းမှုကို ထိန်းသိမ်းထားရှိနိုင်ရေးအတွက် အန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များ ချမှတ်ဖော်ဆောင်ခြင်း ၊ ဘေးအန္တရာယ်ဖြစ်စေနိုင်မှုများ ၊ ဘေးအန္တရာယ်များကို ရွေးချယ်ဖော်ထုတ်ခြင်း စသည့်တို့အပေါ် အာရုံစိုက်အလေးထား ဆောင်ရွက်ရမည်ဖြစ်သည်။
အထူးသဖြင့် လုပ်ငန်းခွင်အတွင်း လိုအပ်သည့် အန္တရာယ်ကင်းရှင်းရေး စံနှုန်းသတ်မှတ်ချက်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်သည်။ အချုပ်အားဖြင့် 6s Lean (သို့) Lean six sigma မှ s ခြောက်လုံး (6s) သည် လုပ်ငန်းခွင်တစ်ခုအတွင်း မလိုလားအပ်သည့် အရာများကို ဖယ်ရှားရှင်းလင်းပြီး ကုန်ထုတ်စွမ်းအားနှင့် ကုန်ထုတ်အရည်အသွေးတိုးတက်လာစေမည့် နည်းစနစ်များကို ရေရှည်တည်တံ့စေရန်နှင့် အလုပ်သမားများအတွင်း အလေ့အထအဖြစ် စွဲမြဲသွားစေရန် တွန်းအားပေးရင်း သာယာသန့်ရှင်းပြီး ဘေးအန္တရာယ် ကင်းရှင်းလုံခြုံသည့် လုပ်ငန်းခွင်ဝန်းကျင်တစ်ရပ်ကို ဖော်ဆောင်သည့် နည်းလမ်းတစ်ရပ်ပင်ဖြစ်ပေသည်။

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN