fbpx

ကုန်စည်စီးဆင်းမှု အထောက်အကူပြု ဆက်သွယ်ရေးပစ္စည်းကိရိယာများနှင့် နည်းပညာများ၏ ခေတ်သစ်ကို 5G ကွန်ရက်မှ မည်သို့ဖန်တီးပေးမည်နည်း

စတင်မိတ်ဆက်စဉ်ကတည်းက 5G သည် လုပ်ငန်းကဏ္ဍတိုင်း၏ အများစိတ်ဝင်စားစရာအကြောင်းအရာအဖြစ် လျင်လျင်မြန်မြန်ပင် ရောက်ရှိခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် 5G network သည် ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံကို လွှမ်းခြုံမိလိမ့်မည်ဟု ခန့်မှန်းထားကြသည်။ 5G ဆိုင်ရာ စီးပွားရေးစစ်တမ်းတစ်ရပ်က 2035 အရောက်တွင် 5G သည် အမေရိကန်ဒေါ်လား ၁၃.၂ ထရီရံ တန်ဖိုးရှိ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို အထောက်အကူဖြစ်စေမည့် အလားအလာရှိပြီး အလုပ်အကိင်သစ် ၂၂သန်းအထိ ဖန်တီးနိုင်လိမ့်မည်ဟုဆိုသည်။ ယခုအခါ 5G network သည် အမြင့်ဆုံးမိုဘိုင်းဆက်သွယ်မှုအမြန်နှုန်းနှင့် တုန့်ပြန်မှု နှောင့်နှေးချိန်နှုန်း (Latency rate – user မှ စတင်အသုံးပြုချိန်နှင့် web app မှ တုန့်ပြန်ချိန်အကြား စောင့်ဆိုင်းရသည့် ကွာဟချိန်) အနိမ့်ဆုံးဖြင့် ဆက်သွယ်မှုကဏ္ဍသစ် တစ်ရပ်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်သည်။

5G မှ ဖော်ဆောင်ပေးလိုက်သော ဆက်သွယ်နိုင်မှု စွမ်းရည်အဆင့်သစ်သည် လုပ်ငန်းကဏ္ဍအားလုံးနီးပါးကို အကျိုးသက်ရောက်စေမည့် အလားအလာရှိပေသည်။ အမှန်တကယ်အားဖြင့် 5G သည် ကုန်စည်စီးဆင်းမှု လုပ်ငန်းကဏ္ဍကြီး တစ်ရပ်လုံးကို ၎င်းလိုအပ်နေသည့် Digitiization (အချက်အလက်များအား ဒီဂျစ်တယ်ပုံစံပြောင်းလဲသည့် လုပ်ငန်းစဉ်) အပြည့်အဝဖြစ်စေရန် တွန်းအားပေးမည့် နည်းပညာတစ်ရပ်ဖြစ်လာနိုင်သည်။ ကုန်စည်စီးဆင်းမှုနှင့် ကုန်စည်တင်ပို့သည့် လုပ်ငန်း 90 ရာခိုင်နှုန်းနီးပါးက လုပ်ငန်းကဏ္ဍတွင် ယခုရင်ဆိုင်နေရသည့် အကြီးမားဆုံး စိန်ခေါ်မှုကြီးတစ်ရပ်မှာ Supply Chain ထင်သာမြင်သာရှိမှု အားနည်းခြင်းပင်ဖြစ်သည်ဟု ဆိုကြသည်။

အခြားလေ့လာချက်တစ်ရပ်အရ ကုန်ပစ္စည်းတင်ပို့သူနှင့် ကုန်ပစ္စည်းလက်ခံသူ 85 ရာခိုင်နှုန်းက ပြုပြင်ပြောင်းလဲရန်နှေးကွေးသည် (သို့) ခေတ်နောက်ကျနေသည်ဟု ယုံကြည်နေကြသည်ဟုဆိုသည်။ 5G network သည် ကုန်စည်စီးဆင်းမှု အထောက်အကူပြု ဆက်သွယ်ရေးပစ္စည်းကိရိယာများနှင့် နည်းပညာများအတွက် ထူးကဲသည့် အခြေအနေသစ်တစ်ရပ်ကို ဖန်တီးနိုင်ခြင်းဖြင့် ကုန်စည်စီးဆင်းမှုကဏ္ဍကို ပြုပြင်ပြောင်းလဲစေနိုင်မည့် စွမ်းအားရှိမည်ဟု မှန်းဆထားကြသည်။ လာမည့်နှစ် အနည်းငယ်ခန့်အတွင်း 5G ကွန်ရက်မှ ကုန်စည်စီးဆင်းမှု အထောက်အကူပြု ဆက်သွယ်ရေးနည်းပညာအပေါ် အဓိက အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေမည့် အလားအလာအချို့ဟု လေ့လာတင်ပြသွားမည်ဖြစ်သည်။

IOT နှင့် Telematics
———————–
IOT (ကွန်ရက်တစ်ခုအတွင်းရှိ ကွန်ပြူတာအချင်းချင်း သတင်းပေးပို့ဖလှယ်နိုင်သည့်စနစ်) သည် ကုန်စည်စီးဆင်းမှု နယ်ပယ်အတွင်း အမေရိကန်ဒေါ်လာ 1.9 ထရီရံ တန်ဖိုးရှိ အခွင့်အရေးများကို ဖော်ဆောင်ပေးနိုင်ခဲ့ပြီးဖြစ်သည်ဟု ဂျာမန်အမြန်ချောပို့လုပ်ငန်းကြီး DHL မှ ဖော်ပြခဲ့ပြီးဖြစ်သည်။ အဆိုပါ ပမာဏမှာ 5G ကွန်ရက်များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြချိန် တိုးတက်လာသည့်ပမာဏမျှသာဖြစ်သည်။ 5G သည် တစ်စက္ကန့်လျှင် 10Gbps အထိမြန်နှုန်းရှိပြီး 4G ထက် အဆတစ်ရာပိုမြန်သည်။ အဆိုပါမြန်နှုန်းဖြင့် 5G network ကိုအသုံးပြုသည့် Telematics System (မော်တော်ယာဉ်တွင်တပ်ဆင်ထားသည့် ခြေရာခံစနစ် – Tracking service မှတစ်ဆင့် အချက်အလက်များကို ခရီးဝေးဆက်သွယ် ပေးပို့နိုင်သည့်စနစ်)ဖြင့် ကုန်တင်ယာဉ်အချင်းချင်း ၊ ကုန်တင်ယာဉ်မှ အခြေစိုက်စခန်းများ ၊ ယာဉ်ထိန်းလုပ်ငန်းများသို့ ဆက်သွယ်နိုင်မည့် အခွင့်အလမ်းပေါ်ပေါက်လာမည်ဖြစ်သည်။

အချိန်နှင့်တစ်ပြေးညီ ခြေရာခံနိုင်မှုနှင့် ပိုမိုသိသာမြင်သာလာမှု
————————————–
ကုန်တင်ယာဉ်လုပ်ငန်းကဏ္ဍတစ်ခုတည်းမှ နှစ်စဉ်နှစ်တိုင်း ဝင်ငွေယိုပေါက်အဖြစ် အမေရိကန်ဒေါ်လာ 2.5 ဘီလျှံခန့် ဆုံးရှုံးနေရကြောင်း ခန့်မှန်းထားကြသည်။ အဆိုပါ ဆုံးရှုံးမှုများ ဖြစ်ပွားနိုင်သည့် အဓိကအကြောင်းအရင်းများအနက် Supply Chain အတွင်း အချိန်နှင့်တစ်ပြေးညီ သိသာမြင်သာမှု အားနည်းချွတ်ယွင်းခြင်းသည် အဓိက တစ်ရပ်ပင်ဖြစ်သည်။ Logistics ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ ကုန်တင်ယာဉ်များ ကုန်ပစ္စည်းများအား အချိန်နှင့် တစ်ပြေးညီ ၁၀၀ ရာခိုင်နှုန်း မျက်ခြေမပြတ်အောင် ခြေရာကောက်မနေနိုင်ပေ။ အဆိုပါ အဆက်အသွယ်ပြတ်တောက်သည့် အကူးအပြောင်း နယ်စပ်ဧရိယာများသည် Logistics company များ ရင်ဆိုင်နေရသည့်အကြီးမားဆုံး ပြသနာများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ထို့ပြင် ကုန်ပစ္စည်းများကို ကုန်ထုတ်စက်ရုံများ (သို့)သိုလှောင်ရုံများ စသည့် စတင်သယ်ဆောင်သည့် နေရာများတွင်သာ စစ်ဆေးမှုပြုနိုင်ပြီး နောက်ပိုင်း ခရီးလမ်းအတွင်း ပေါ်ပေါက်သည့် သတင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ မသိနိုင်တော့ပဲ အနည်းအကျဉ်းမျှသာ သိနိုင်တော့သည်။
5G ကို အသုံးပြုလျက် တည်နေရာပြနည်းပညာကို အားဖြည့်အသုံးပြုဆောင်ရွက်ခြင်းဖြင့် IOT ပစ္စည်းကိရိယာများ (ဥပမာ ကွန်ပြူတာ နှင့် အလားတူပစ္စည်းကိရိယာများ)သည် အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်များ ပေးပို့နိုင်သည့် စွမ်းရည်များ ရရှိလာနိုင်မည်ဖြစ်ပြီး ကုန်ပစ္စည်းအများစုကို စက်ရုံမှသည် စားသုံးသူ လက်ဝယ်ရောက်သည်အထိ လိုက်လံခြေရာကောက်နိုင်တော့မည်ဖြစ်သည်။  Supply Chain အတွင်း လက်ရှိပေါ်ပေါက်နေသော မမြင်ကွယ်ရာ Black Holes ကြီးများကို ဖယ်ရှားနိုင်ခြင်းဖြင့် ဆုံးရှုံးမှုများကို လျှော့ချနိုင်မည့်အပြင် စားသုံးသူများထံ အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်များ ဝေငှနိုင်မှု ၊ မည်သည့်နေရာများတွင် နှောင့်နှေးမှုများ ဖြစ်ပေါ်နိုင်သည်ကို ကြိုတင်ခန့်မှန်းနိုင်ကာ လမ်းကြောင်းများ ရွေးချယ်နိုင်မှု နှင့် ကုန်တင်ယာဉ်နှင့် ကုန်ပစ္စည်းများ သတ်မှတ်နေရာသို့ မည်သည့်အချိန်တွင် ရောက်ရှိနိုင်မည်ကို အတိအကျ ခန့်မှန်းနိုင်မှု စသည့်အကျိုးကျေးဇူးများကို ဖြစ်ပေါ်လာနိုင်စေမည် ဖြစ်သည်။

အဝေးထိန်းစနစ်ဖြင့် လုပ်ငန်းဆောင်ရွက်နိုင်မှုနှင့် အလိုအလျောက်မောင်းနှင်နိုင်သည့် ယာဉ်များ
—————————————
5G ၏ စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး အရည်အသွေးများအနက် တစ်ချက်မှာ အလွန့်အလွန်နည်းပါးသည့် ကွာဟချိန် (Latency rate – user မှ စတင်အသုံးပြုချိန်နှင့် web app မှ တုန့်ပြန်ချိန်အကြား စောင့်ဆိုင်းရသည့် ကွာဟချိန်) ပင်ဖြစ်သည်။ သတင်းအချက်အလက်များသည် ကွာဟချိန် တစ်မီလီစက္ကန့်မျှသာ ကြာမြင့်ချိန်အတွင်း လွှဲပြောင်းပေးပို့နိုင်သည်။ 4G ထက် အဆငါးဆယ်သာသော မြန်ဆန်မှုပင်ဖြစ်သည်။ အဆိုပါ မြန်နှုန်းက ပြည်သူပိုင်လမ်းများပေါ် (သို့) သိုလှောင်ရုံများအတွင်း အလိုအလျောက်မောင်းနှင်သည့် ယာဉ်များ ၊မောင်းသူမဲ့ လေယာဉ်ငယ်များနှင့် သယ်ယူပို့ဆောင်ရေးစက်ရုပ်များအတွက်အဓိက သော့ချက်တစ်ရပ်ဖြစ်လာမည်ဖြစ်သည်။ ယခုအခါ နာမည်ကျော် မော်တော်ယာဉ်ကုမ္ပဏီကြီးများသည် အများပြည်သူအတွက် အလိုအလျောက်မောင်းနှင်မှုစနစ်များကို ဖန်တီးနိုင်ရန် ကြိုးပမ်းကြလျက်ရှိသည်။
တစ်ချိန်တည်းမှာပင် ကုန်စည်စီးဆင်းမှု ကဏ္ဍအတွင်းတွင်လည်း သိုလှောင်ရုံနှင့် သယ်ယူပို့ဆောင်မှုလုပ်ငန်းများကို အထောက်အကူပြုနိုင်မည့် ဘေးအန္တရာယ်ကင်းပြီး ယုံကြည်စိတ်ချရသော အလိုအလျောက်မောင်းနှင်နိုင်သည့် ယာဉ်များကို ဖန်တီးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ ဆွီဒင် သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ Einride မှ 5G စွမ်းအားသုံး ကုန်တင်ယာဉ် T pod ကို ဖန်တီးနိုင်ခဲ့ပြီး ဖြစ်သည်။ T pod မှာ အဝေးထိန်းစနစ်ဖြင့် မောင်းနှင်သော ကုန်တင်ယာဉ်ဖြစ်ပြီး ကင်မရာများ ၊ ရေဒါနှင့် SD စကင်နာများ တပ်ဆင်ထားကာ ၎င်း၏ ဘေးပတ်လည် 360 ဒီဂရီအား 5G ၏ စွမ်းအင်ဖြင့် စက္ကန့်ပိုင်းအတွင်း အလိုအလျောက် သိမြင်နိုင် ၊ တုံ့ပြန်နိုင်သည်။ ကုန်တင်ယာဉ်ကုမ္ပဏီအများအပြားသည်လည်း တစ်ကြိမ်လျှင် ၁၀ နာရီ တစ်ဆက်တည်းမောင်းနှင်နိုင်မည့် ခရီးဝေးမောင်းသူမဲ့ကုန်တင်ယာဉ်များ ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိကြသည်။

ပြုပြင်ထိန်းသိမ်းရေးနှင့် ပြင်ဆင်ရေးအတွက် AR နှင့် VR
———————————-
ကုန်စည်စီးဆင်းမှုတွင် ကုန်ကျစရိတ်အများဆုံး ကဏ္ဍတစ်ရပ်မှာ မော်တော်ယာဉ်များနှင့် စက်ပစ္စည်းကိရိယာများကို ပြင်ဆင်ခြင်းနှင့် ပြုပြင်မွမ်းမံ ထိန်းသိမ်းခြင်းလုပ်ငန်းပင်ဖြစ်သည်။ အကယ်၍ စက်များ ကာလအတန်ကြာ ချို့ယွင်းနေပါက လုပ်ငန်းတစ်ခုလုံး ရပ်နားထားရမှု (သို့) လုပ်ငန်းတွင်ကျယ်ထိရောက်မှု လျော့နည်းလာမည်ဖြစ်သည်။ အဆိုပါ ကုန်စည်စီးဆင်းရေးကုမ္ပဏီလုပ်ငန်းများသည် နည်းပညာသစ်များဖြစ်သော AR (ပကတိအရှိကို ချဲ့ထွင်ထားမှု ) ၊ VR (ပကတိအရှိနီးပါး ဖန်တီးထားမှု) များကို ပြင်ဆင်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများတွင် အသုံးပြုလျက်ရှိနေသည်။ အဆိုပါ နည်းပညာသစ်များကို 5G ဖြင့် ပေါင်းစပ်အသုံးပြုခြင်းဖြင့် ပိုမိုထိရောက်ကောင်းမွန်လာကြောင်း တွေ့ရှိနေရပြီဖြစ်သည်။ သိုလှောင်ရုံများတွင် နေ့စဉ်ဆောင်ရွက်နေသည့် လုပ်ငန်းရပ်များတွင် 5G နည်းပညာဖြင့် ပေါင်းစပ်ထားသော AR နည်းပညာများကို အသုံးပြုလျက်ရှိကြသည်။ တစ်ချိန်တည်းမှာပင် မော်တော်ယာဉ်ရှိ စက်ပြင်များအနေဖြင့် VR နည်းပညာကို အသုံးပြု၍ မတူညီသည့် ဒေသအမျိုးမျိုးရှိ လမ်းအခြေအနေများကို ဖန်တီးကာ မမျှော်လင့်သင့် စက်ချို့ယွင်းမှုများ လျော့နည်းစေရေးနှင့် ပိုမိုလုပ်ငန်းတွင်ကျယ်ရေးအတွက် လေ့ကျင့်မှုများ ပြုလုပ်နိုင်လျက်ရှိသည်။

ကုန်စည်စီးဆင်းမှု အထောက်အအကူပြု ဆက်သွယ်ရေး ကိရိယာများနှင့် နည်းပညာများအတွက် အခြေခံမူဘောင်သစ်
————————————
Logistics လုပ်ငန်းများသည် နည်းပညာသစ်များနှင့် အချက်အလက်များအပေါ် အခြေပြုသည့် လုပ်ငန်းဆောင်ရွက်မှုများအပေါ် အမှီသဟဲ ပြုနေပြီးဖြစ်သည်။ ကုန်စည်စီးဆင်းမှုတွင် 5F ကွန်ရက်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် မူဘောင်သစ်တစ်ရပ်သည် လုံးဝပေါ်ထွက်လာနိုင်သည်။ 5G ကွန်ရက်များ၏ အချက်အလက်ဖြန့်ဝေမှု မြန်ဆန်နှုန်းသည် ယခင်ထက်များစွာ မြန်ဆန်ပြီး တုံ့ပြန်မှုကွာဟချိန်နှုန်းမှာလည်း အနိမ့်ဆုံးသို့ ရောက်ရှိနေပြီဖြစ်ရာ IOT မှ ကွန်ပြူတာနှင့် အလားတူ စက်ပစ္စည်းများ ၊ Telematics ၊ AR VR စသည့် ဆက်သွယ်မှု ပစ္စည်းကိရိယာနှင့်နည်းပညာများအားလုံးသည် ၎င်းတို့ ဆောင်ရွက်နိုင်သည့် စွမ်းဆောင်မှုပမာဏအပြည့် ဖော်ဆောင်နိုင်မည့် အခြေအနေရှိနေပြီဖြစ်သည်။ အဆိုပါ နည်းပညာအကူအညီများဖြင့် Supply Chain တစ်ရပ်လုံးကို အချိန်နှင့်တစ်ပြေးညီ အပြည့်အဝမြင်တွေ့နိုင်မည့် အလားအလာပေါ်ပေါက်နေပြီဖြစ်သည်။
မကြာမီကာလအတွင်း 5G ကွန်ရက်များကို နေရာတိုင်းတွင် မြင်တွေ့ကြရတော့မည်ဖြစ်သည်။ 5G ကွန်ရက်၏ အားသာချက်ကို သိရှိကြသည့် လုပ်ငန်းအဖွဲ့အစည်းများ ၊ ကုမ္ပဏီများအနေုဖြင့် တောက်ပသောအနာဂတ်ကို တည်ဆောက်နိုင်ရေးအတွက် ယခုကပင် Logistics အထောက်အကူပြု ဆက်သွယ်ရေးပစ္စည်းကိရိယာများနှင့် နည်းပညာများကို ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားရမည်မှာ အသေအချာပင်ဖြစ်သည်။

#SuperLight #Logistics #Knowledge #5G_Network

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN