fbpx

ဈေးပြိုင်တင်ဒါအောင်နိုင်ရေးအတွက် သိထားသင့်သည့် အချက် (၂၀)

အရည်အသွေးပြည့် တင်ဒါတင်သွင်းမှုတစ်ရပ်ကို စနစ်တကျ ပြင်ဆင်မှု ပြုလုပ်ရာတွင် ပါဝင်သည့် အကြောင်းအရာ အများအပြားရှိနေသည်။ တင်ဒါတင်သွင်းမည့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအတွက် တင်ဒါအောင်မြင်ရေး အထောက်အကူပြုပေးမည့် သိရှိထားသင့်သော အချက်အချို့ကို ဖော်ပြလိုက်ပါသည်။

၁။ မှန်ကန်သည့် တင်ဒါပုံစံများကို အသုံးပြုပါ (Use correct tender templates)
———————————–
အကယ်၍ လုပ်ငန်းရှင် (တင်ဒါခေါ်ယူသူမှ) သင့်အား အတိအကျသတ်မှတ်ထားသည့် တင်ဒါဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများပေးလာပါက အဆိုပါ သတ်မှတ်ထားသောပုံစံများကို အသုံးပြုပါ။ တင်ဒါခေါ်ယူသူအနေဖြင့် နှိုင်းယှဉ်အကဲဖြတ်ရန် ကိစ္စရပ်များရှိနိုင်သဖြင့် ပေးထားသည့်ပုံစံများကိုသာ အသုံးပြုခြင်းက ပိုမိုလျော်ကန်မှန်ကန်မည်သာဖြစ်သည်။

၂။ တင်ဒါညွှန်ကြားချက်များကို လိုက်နာပါ (Follow Tender Instructions)
————————–
အဆိုပြုလွှာပုံစံများ (Response Forms) အပါအဝင် တင်ဒါပုံစံများသည် စာလုံးရေအတိအကျကန့်သတ်ထားလေ့ရှိပြီး အသင့်လျော်ဆုံး ၊အကောင်းဆုံး အဆိုပြုနိုင်သူများကို ရှာဖွေနိုင်ရေးအတွက် လိုက်လျောညီထွေဖြစ်မည့် မေးခွန်းများကို မေးမြန်းလေ့ရှိသည်။
သို့ဖြစ်၍ ပုံစံများပေါ်တွင် မည်သည့်အကြောင်းအရာမျှ ရေးသားခြင်းမပြုမီ ပေးထားသောညွှန်ကြားချက်များ ၊ လမ်းညွန်ချက်များနှင့် ထောက်ကွက်များ မည်သည့်အရာမှမကျန်အောင် ဖတ်ရှုပြီး (သိရှိပြီး) ဖြစ်နေပါစေ။

၃။ အတတ်ပညာဆိုင်ရာ ဆက်ဆံရေးနှင့် ကွန်ရက်ယူဆောင်ပါ (Form Professional Relationship and network)
——————————
အောင်မြင်မှုအတွက် ခိုင်မာသည့် အချက်တစ်ရပ်မှာ လုပ်ငန်းအပ်နှံမည့် (တင်ဒါခေါ်ယူသည့်) အဖွဲ့အစည်းနှင့် သင်၏ လက်ရှိဆက်ဆံရေးကို တိုးမြှင့်ခြင်းပင်ဖြစ်သည်။ သို့ဖြစ်၍ လုပ်ငန်းကဏ္ဍ၏ လှုပ်ရှားမှုများ (ပြပွဲ ၊ပြိုင်ပွဲ ၊ဆွေးနွေးပွဲစသည်) တွင် ပါဝင်ပါ။ လုပ်ငန်းဆိုင်ရာ ပညာရှင်များအတွက် Social Networking Website ဖစ်သည့် Linkedin တွင် ဆက်သွယ်ဆောင်ရွက်ပါ။ ထို့ပြင် သင်၏ အတတ်ပညာဆိုင်ရာ ဆက်ဆံရေးကို အသုံးချပါ။

၄။ ရှင်းလင်းပြီး စိတ်ဝင်စားဖွယ်ဆွဲဆောင်နိုင်သော တင်ဒါအဆိုပြုချက်တစ်စောင်ရေးသားပါ (Write a clear and compelling tender)
——————-
အဆိုပြုလွှာပုံစံများပေါ်တွင် အဆိုပြုတင်ပြသည့် အဖြေများ (အဆိုပြုချက်များ)သည် ရှင်းလင်းပြီး တိကျတိုတောင်းသင့်သည်။ သင့်စိတ်ကူးများကို ဖော်ဆောင်ရာတွင် အထောက်အကူပြုသည့်ပုံစံများ ၊ပုံပြမျဉ်းများ ၊ရုပ်ပုံများ ၊ စသည့်အထောက်အကူပြုပစ္စည်းများကို ပေါင်းစပ်ထည့်သွင်းအသုံးပြုပါ။

၅။ ရွေးချယ်မှုစံနှုန်းကို စူးစမ်းထုတ်ဖော်ပါ (Address the selection Criteria)
———————————–
ကုမ္ပဏီတိုင်းတွင် ၎င်းတို့ ကိုယ်ပိုင်ရွေးချယ်မှုပုံစံနှုန်းများ ချမှတ်ထားပြီးသာဖြစ်သည်။ မေးခွန်းများအား စကားလုံးမည်သို့ရွေးချယ်သုံးနှုန်းထားသလဲ စဉ်းစားကြည့်ပါ။ လုပ်ငန်းအပ်မည့်သူအနေဖြင့် မည်ကဲ့သို့သော အဖြေအမျိုးအစားကို မြင်တွေ့ရန် မျှော်လင့်ထားမည်ကို တွေးဆကြည့်ပါ။ ထို့ပြင် ၎င်းတို့ စံနှုန်းနှင့် လိုက်လျောညီထွေဖြစ်စေမည့် သင့်အဆိုပြုချက်ကို တိုတိုနှင့်လိုရင်း တိုက်ရိုက်ဖော်ပြနိုင်ရန် ကြိုးစားပါ။ တင်ဒါစီစစ်မည့်သူများအနေဖြင့် အဆိုပြုလွှာများ (ပြန်ကြားချက်များ)သည် ဝေ့လည်ကြောင်ပတ်သဖွယ် အူလိုက်နေပါက (သို့) ၎င်းတို့၏ လိုအပ်ချက်ကို မဖော်ညွှန်း မဖြည့်ဆည်းနိုင်ပါက စိတ်ပျက်သွားကြရမည်ကို သတိပြုပါ။

၆။ မှန်ကန်တိကျသည့် အချက်အလက်အပြည့်အစုံပေးပါ (Provide accurate details)
————————–
တင်ဒါအထောက်အထား စာရွက်စာတမ်းများတွင် ပါဝင်ရမည့် (သို့) လိုအပ်မည့် အချက်အလက်အပြည့်အစုံကို ထည့်သွင်းစဉ်းစားပါ။ တင်ဒါခေါ်ယူရာတွင် မကြာခဏဆိုသလို သက်ဆိုင်ရာ တင်ဒါတင်သွင်းမည့် ကုမ္ပဏီ၏ သင်းဖွဲ့မှတ်ပုံတင် ၊ အာမခံဆိုင်ရာ အချက်အလက်အသေးစိတ် ၊ ဈေးနှုန်းဇယားနှင့် ဉာဏမူပိုင်ခွင့် စသည်တို့အပါအဝင် သတင်းအချက်အလက်များကို တောင်းခံလေ့ရှိကြသည်။ သင့်ကုမ္ပဏီအကြောင်းအကျဉ်းချုပ် ၊ လုပ်ငန်းစွမ်းဆောင်နိုင်မှုဖော်ပြချက် ၊အခြေအနေအပေါ် အဆိုပြုချက် တစ်စုံတစ်ရာ စသည်တို့သည် မကြာခဏဆိုသလို အားကောင်းသည့် တင်ဒါအဆိုပြုချက်တစ်ရပ်၏ သရုပ်ကိုဖော်ပြလေ့ရှိသည်။

၇။ ကုမ္ပဏီအချက်အလက်များ မှန်ကန်မှုရှိပါစေ (Ensure company details are correct)
—————————–
တင်ဒါအဆိုပြုလွှာတွင် ထည့်သွင်းဖော်ပြထားသည့် မည်သည့်ကုမ္ပဏီ၏ အမည်ကိုမဆို မှန်ကန်စွာ စာလုံးပေါင်းဖော်ပြထားကြောင်း သေချာပါစေ။ ထိုနည်းတူ အဆိုပါကုမ္ပဏီများ၏မှန်ကန်သည့် ဂုဏ်ပုဒ်ကိုလည်း မှားယွင်းဖော်ပြမှုမရှိစေရန် သတိပြုပါ။ တင်ဒါတင်သွင်းသူ အတော်များများသည် တင်ဒါ၏ အခြားအကြောင်းကိစ္စများအပေါ် အလေးထားဂရုပြုရင်း ကုမ္ပဏီအမည်ကို မှားမှားယွင်းယွင်း စာလုံးပေါင်းဖော်ပြထားသည်ကို မကြာခဏတွေ့ရလေ့ရှိသည်။

၈။ ထိုးမြဲလက်မှတ်လိုအပ်သည့် အပိုင်းအားလုံးတွင် လက်မှတ်ထိုးပါ (Sign all components requiring signature)
————————–
တင်ဒါအဆိုပြုလွှာတစ်စောင်တွင် ထိုးမြဲလက်မှတ်ပါရှိရသည့် အပိုင်းအများအပြား ပါဝင်လေ့ရှိပေသည်။ တင်ဒါအဆိုပြုရာတွင် ယျေဘုယျအများဆံုံးဖြစ်တတ်သော အမှားများအနက် တစ်ခုမှာ ကဏ္ဍများအလိုက် လက်မှတ်ရေးထိုးရန် ပျက်ကွက်မှု (သို့) မှားယွင်းစွာ လက်မှတ်ရေးထိုးထားမှုများပင်ဖြစ်သည်။ အချို့သော ကုမ္ပဏီများသည် လက်မှတ်ရေးထိုးထားခြင်းများနှင့် စပ်လျဉ်း၍ အတိအကျညွှန်ကြားထားခြင်းများ ပြုလုပ်လေ့ရှိသည်။ ဥပမာ ပြင်ဆင်ချက်များတွင် လက်မှတ်ရေးထိုးရန် အသိသက်သေများထံမှ ထိုးမြဲလက်မှတ်များ ရယူပေးရန် ၊ အထောက်အထား စာရွက်များ၏ စာမျက်နှာတိုင်းတွင် လက်မှတ်ရေးထိုးရန် စသည့်အချက်များဖြစ်သည်။ သို့ဖြစ်၍ သင်၏ တင်ဒါအဆိုပြုလွှာကို တင်သွင်းခြင်းမပြုမီ မှန်ကန်စွာလက်မှတ်ရေးထိုးထားခြင်း ရှိ မရှိ စစ်ဆေးပါ။

၉။ မှန်ကန်သည့် ရည်ညွှန်းကိုးကားမှုများနှင့် ထောက်ခံချက်များကို ရွေးချယ်ပါ (Choose the right references and Testimonial)
———————————
အတတ်ပညာဆိုင်ရာ ရည်ညွှန်းကိုးကားမှုများ၏ သဘောသဘာဝတွင် ပူးတွဲပါရှိသင့်သည့် အရာများမှာ ဓာတ်ပုံတစ်ပုံ ၊ လုပ်ငန်းဆိုင်ရာ ဂုဏ်ပုဒ် ၊ ဆက်သွယ်ရမည့် လိပ်စာအပြည့်အစုံတို့ဖြစ်ပြီး ၎င်းတို့ကို အများယုံကြည် လေးစားအားထားလောက်သည့် ပုဂ္ဂိုလ် ၊ အဖွဲ့အစည်းများထံမှ ရရှိသည့် အထောက်အထားများ ဖြစ်သင့်သည်။ သင်၏ လုပ်ငန်းအပ်နှံသူ ဖောက်သည်များထံမှ ၎င်းတို့၏ ထောက်ခံချက်များကို ဖော်ပြခွင့်ပြုရန် ခွင့်ပြုချက်တောင်းခံဆောင်ရွက်ပါ။

၁၀။ ပိုမိုတိကျသည့် အဆိုပြုနှုန်းထားများအတွက် ကုန်ကျစရိတ်ခန့်မှန်းသည့် software ကိုအသုံးပြုပါ ( Use estimating software for more accurate quotation)
———————————–
တင်ဒါများအတွက် ခန့်မှန်းကုန်ကျစရိတ် တွက်ချက်ရခြင်းမှာ အချိန်ပေးရသည့် လုပ်ငန်းတစ်ရပ်ဖြစ်သည်။ Cubit ကဲ့သို့သော ဆောက်လုပ်ရေးဆိုင်ရာ ခန့်မှန်းကုန်ကျစရိတ် တွက်ချက်နိုင်သည့် Software ကိုယခုအခါ ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍများတွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာနေပြီဖြစ်သည်။ တိကျသည့် ဘတ်ဂျက်နှင့် ခန့်မှန်းကုန်ကျစရိတ်များကို တွက်ချက်ရာတွင် များစွာအထောက်အကူပြုသည့် software များကို ယခုကဲ့သို့ Digital ခေတ်တွင်ပိုမိုလိုအပ်လျက်ရှိသည်။ မှန်းဆဈေးနှုန်းများ (သို့) မတိကျသည့် ခန့်မှန်းကုန်ကျစရိတ်များကို ဖော်ပြသည့် တင်ဒါအဆိုပြုချက်များကို လုပ်ငန်းရှင်များမှ အလေးထားစဉ်းစားပေးမည်မဟုတ်ပေ။

၁၁။ အများနှင့်ယှဉ်ပြိုင်နိုင်သည့် ဈေးနှုန်းကို တင်ပြပါ (Pick a competitive price)
——————————
သင် အဆိုပြုထားသော ဈေးနှုန်းများသည် နိမ့်လွန်းသည် (သို့) မြင့်လွန်းသည်ကို ဝေခွဲမရဖြစ်နေပါက ဆောက်လုပ်ရေးဆိုင်ရာ ခန့်မှန်းတွက်ချက်မှု software များတွင် ရင်းနှီးမြှုပ်နှံရမည့် အချိန်ကိုရောက်ပီဖြစ်လေသည်။ ဘတ်ဂျက်တစ်ခုကိုရေးဆွဲမည် (သို့) တင်ဒါတစ်ခုအတွက် ခန့်မှန်းစရိတ်တွက်ချက်မည်ဆိုလျှင် များစွာသောအကြောင်းအရာများကို ထည့်သွင်းတွက်ချက်ရမည်ဖြစ်သည်။ ဆောက်လုပ်ရေးကုမ္ပဏီများအတွက် software သည် များစွာသောအချက်အလက်များ ၊ (ဥပမာ သုတေသနများ ၊ စစ်တမ်းများ ၊ ဈေးကွက်စီစစ်မှုများ ၊ ပြိုင်ဖက်သဘောထားများနှင့် သင်၏ ဘဏ္ဍာရေးဆိုင်ရာ အခွင့်အရေး အကန့်အသတ်များ စသည့်) ထည့်သွင်းတွက်ချက်ရာတွင် ပိုမိုလွယ်ကူစေနိုင်သည်။

၁၂။ သုတေသနပြုလုပ်ပါ (Do your research)
—————————
အလားအလာရှိသည့် ဖောက်သည် (လုပ်ငန်းအပ်နှံမည့်သူ ၊ တင်ဒါခေါ်ယူသူ)တစ်ဦးနှင့် ဆက်သွယ်မှု မပြုလုပ်မီ သင့်ကိုယ်ပိုင် သုတေသနတစ်ရပ်ဖော်ဆောင်ရန်မှာ အရေးကြီးသည့်အချက်တစ်ရပ်ဖြစ်သည်။ ဆက်သွယ်မည့် ကုမ္ပဏီနှင့် စပ်လျဉ်း၍ ဈေးကွက် ၊ အဖွဲ့အစည်း ၊ အကြောင်းကိစ္စအားလုံးအပေါ် သင်ရရှိနိုင်သမျှ အရာအားလုံး ရှာဖွေဖော်ထုတ်နိုင်ရေးအတွက် သင်၏ သုတေသနဆိုင်ရာ ကျွမ်းကျင်မှုကို အသုံးချပါ။ တစ်ခါတစ်ရံတွင် ဆက်စပ်နေသော အတွင်းရေးများကို ဖော်ထုတ်နိုင်ရေးအတွက် သင်၏ ကွန်ရက်ကို ဖြန့်ကျက်အသုံးချရန် လိုအပ်ကောင်းလိုအပ်မည်ဖြစ်သည်။

၁၃။ အခြားသူများထက် သာလွန်ထူးခြားမှုကို စဉ်းစားသုံးသပ်ပါ (Consider your unique selling point)
———————————-
ကုမ္ပဏီတိုင်းတွင် လုပ်ငန်းနယ်ပယ်အားလုံးအပေါ် ဖြတ်သန်းစီးဆင်းနေသည့် အချက်အချာ ၊အတွေးအခေါ် ၊ စိတ်ကူးတစ်ရပ်ရှိသင့်သည်။ အဆိုပါ လုပ်ငန်းဆိုင်ရာ ခံယူချက်သည် ကုမ္ပဏီလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု (သို့)ထုတ်ကုန်ပစ္စည်း၏ ဆောင်ပုဒ်နှင့် ဆက်စပ်လျက်ရှိရမည်။ ယျေဘူယျအားဖြင့် ရည်မှန်းချက်များမှာ အရည်အေသွး ၊ ယုံကြည်စိတ်ချမှု (သို့)တီထွင်မှုတို့ ဖြစ်ကြသည်။ သင့်လုပ်ငန်း၏ အဓိက အားသာချက် အချက်အချာမှာ မည်သည့်အရာဖြစ်သည်ကို သင်ကိုယ်တိုင် စဉ်းစားရန်လိုအပ်ပေသည်။ တစ်နည်းအားဖြင့် သင့်လုပ်ငန်း၏ ခံယူချက်ကို သင်ကိုယ်တိုင်ရှာဖွေဖော်ထုတ်ပါ။

၁၄။ သင့်ပြိုင်ဖက်များ နှင့် ကွာခြားချက်ကို အကဲဖြတ်ပါ (Access of your differentiation)
——————————
သင့်ပြိုင်ဖက်များနှင့် သင့်ကို မည်သည့်အရာက ကွာခြားအောင် ပိုင်းခြားထားသည်ကို သိရှိအောင်လေ့လာပါ။ ထိုအချက်သည် တင်ဒါအထောက်အထား စာရွက်စာတမ်းများကို နှိုင်းယှဉ်ကြည့်သည့်အခါ အရေးပါဆုံးအချက်အဖြစ်ရှိနေမည်ဖြစ်သည်။ ကွာခြားချက်သည် သင်၏ပြိုင်ဖက်များနှင့် နှိုင်းယှဉ်လျှင် သင်၏ ဝန်ဆောင်မှုသည် မည်သို့ ပိုမိုသာလွန်သည်ကို ခွဲခြားသိစေမှုပင်ဖြစ်သည်။

၁၅။ သင်၏ အဆိုပြုလွှာမှ စာလုံးပေါင်း နှင့် သဒ္ဒါအမှားအယွင်းများကို စစ်ဆေးပါ (Check your bid for spelling and grammatical error)
————————-
တင်ဒါ တင်သွင်းခြင်းမပြုမီ သင်၏ တင်ဒါကို တည်းဖြတ်စစ်ဆေးရန်မှာ အလွန်အရေးကြီးသည့် အဆင့်ပင်ဖြစ်သည်။ စာလုံးပေါင်းနှင့် သဒ္ဒါအမှားအယွင်းများရှိမရှိ နောက်ဆုံးမိနစ်အထိ အချိန်ယူစစ်ဆေးပါ။ စီစစ်တည်းဖြတ်ရန် ပြင်ဆင်ရန်လိုအပ်သည့်အပိုင်းများကို စာလုံးပေါင်းရွတ်ဆိုဖတ်ရှုပါ။ စာမူကြမ်းဖတ်သည့်စွမ်းရည်ကို သင်စိတ်မချပါက အလုပ်သမားအကူအညီရယူခြင်း ၊ စာလုံးပေါင်းစစ်ဆေးပေးသည့် software အသုံးပြုခြင်းများ (သို့) အယ်ဒီတာတစ်ဦးငှားရမ်းခြင်းများ ပြုလုပ်ပါ။

၁၆။ ဒီဇိုင်းနှင့် လှပတင့်တယ်မှုကို ထည့်သွင်းစဉ်းစားပါ (Consider design and Aesthetics)
————————————
တင်ဒါအဆိုပြုလွှာ အထောက်အထား စာရွက်စာတမ်းများနှင့်အတူ အကြောင်းကြားစာ ၊ကုမ္ပဏီဖော်ပြချက် ၊ ခေါင်းစီးစာမျက်နှာ စသည်တို့ကို အတူတကွ တင်ပြပေးရန်တောင်းဆိုလာပါက သင်၏ လက်ရှိ ဒီဇိုင်းသွင်ပြင်ကို ပြန်လည်သုံးသပ်ရန်မှာလိုအပ်လာမည်ဖြစ်သည်။ ကုမ္ပဏီတံဆိပ် ( logo ) ၊ ကုမ္ပဏီခေါင်းစည်းပါစာရွက် (Head Letter) နှင့် လှပတင့်တယ်မှုဆိုင်ရာ ထည့်သွင်းတွက်ချက်ရမည့် ကိစ္စရပ်များမှာ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုအကူအညီ ရယူဆောင်ရွက်ကြရန်ဖြစ်သည်။

၁၇။ ဆောက်လုပ်ရေးကုမ္ပဏီများအတွက် အချိန်စီမံခန့်ခွဲမှု software ကို ထည့်သွင်းစဉ်းစားပါ (Consider time management software for builders)
———————————-
သင်၏ တင်ဒါအောင်မြင်ရေးအတွက် ဆီလျော်သော အချိန်စီမံခန့်ခွဲမှုသည် အရေးပါလှသည်။ ဆောက်လုပ်ရေးကုမ္ပဏီများအတွက် software သည် တိကျသည့်အချိန်ဇယားအတိုင်း လိုက်နာဆောင်ရွက်ရန်၊ သင့်လုပ်ငန်းပြီးစီးရမည့် နောက်ဆုံးအချိန်ကို ချမှတ်နိုင်ရန်၊ အလုပ်ပမာဏနှင့်အညီ ချိန်ညှိနိုင်ရန်နှင့် သင်၏ တင်ဒါအဆိုပြုလွှာကို စောလျင်စွာ ပေးပို့ချိန်ရရှိရန်များစွာ အထောက်အကူပြုနိုင်ပေမည်။

၁၈။ သင့်တင်ဒါကို စောစီးစွာတင်ပါ (Submit your tender early)
————————————
မမြင်နိုင်သော အကြောင်းတရားများနှင့် ဖြစ်နိုင်ဖွယ် နှောင့်နှေးကြန့်ကြာမှုများကို ရှောင်လွှဲနိုင်ရေးအတွက် သင်၏ တင်ဒါအဆိုပြုလွှာကို သက်ဆိုင်ရာထံ စောစီးစွာ ပေးပို့ထားသင့်သည်။ အကယ်၍ သင့်အနေဖြင့် သင်၏ တင်ဒါအဆိုပြုလွှာကို online မှတစ်ဆင့် တင်ပြခြင်းဖြစ်ပါက အင်တာနက်ကွန်ရက်အမှားအယွင်း ဖြစ်ပေါ်နိုင်မှုများကိုပါ ထည့်သွင်းစဉ်းစားပါ။

၁၉။ တင်ဒါအဆိုပြုမှုများ အလုပ်မဖြစ်သည့်အခါ လက်ရှိချဉ်းကပ်မှုနည်းလမ်းများကို ပြန်လည်သုံးသပ်ပါ (Reassess your current approaches when bids aren’t working)
————————-
သင့်အနေဖြင့် တင်ဒါမအောင်မြင်ပါက သင်၏ လက်ရှိလုပ်နည်းစနစ်များ ၊ ချဉ်းကပ်နည်းများနှင့် အခြေအနေများကို သုံးသပ်ပါ။ တစ်စုံတစ်ခု အဆင်မပြေ အလုပ်မဖြစ်သည့်အခါ ယျေဘုယျအားဖြင့် နောက်တစ်လှမ်းဆုတ်ပြီး မည်သည့်အရာက မှားယွင်းသွားကြောင်း ပြန်လည်စဉ်းစားရန် အချိန်ယူရမည်ဖြစ်သည်။ သင့်အောင်မြင်မှုကို လွဲချော်သည့်အခါ ဝေဖန်အကြံပြုမှု ၊ တုန့်ပြန်ချက်များ တောင်းခံရန် မကြောက်ရွံ့ပါနှင့်။ ဤနည်းအားဖြင့် သင့်အနေဖြင့် မည်သည့်အရာများကို ပြုပြင်ပြောင်းလဲသင့်သည်ကို တိတိကျကျသိရှိနိုင်မည်ဖြစ်သည်။

၂၀။ တင်ဒါတွင်အားလုံးပြီးဆုံးသွားခြင်းမဟုတ်ပါ (It’s not all in the tender)
—————————–
သင်၏ တင်ဒါအဆိုပြုမှုများသည် အလားအလာရှိ လုပ်ငန်းများအပ်နှံမည့်သူထံ လက်လှမ်းလိုက်ခြင်းမှ အစပျိုးခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်၍ email တိုင်းနှင့် ဖုန်းဆက်သွယ်မှုတိုင်းကိုရေတွက်ကြည့်လိုက်ပါ။ ပထမဦးဆုံး အပြန်အလှန်ချိတ်ဆက်မှုမှ ထူထောင်နိုင်ခဲ့သည့် ဆက်ဆံမှုကို တန်ဖိုးထားပါ။ မေးခွန်းများ မေးမြန်းမှုက ပိုမိုကောင်းမွန်သည့် တင်ဒါအဆိုပြုလွှာများ ရေးသားနိုင်ရန် အထောက်အကူပြုသည်ကို သတိရပါ။ တစ်ခါတစ်ရံတွင် လုပ်ငန်းအပ်နှံမည့်သူသည် သင့်ကို ရိုးရှင်းစွာ နှစ်သက်မှု (သို့) ယုံကြည်မှု ဖြစ်ပေါ်ပြီး သင့်ကိုအခွင့်အရေးပေးကောင်းပေးနိုင်သည်ကိုလည်း သတိပြုပါ။

 

#SuperLight #Logistics #Knowledge #Tender_Project

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN