fbpx

ကုန်စည်စီးဆင်းရေးနေ့ (Logistics Day)

ကုန်စည်စီးဆင်းရေးနေ့ (Logistics Day) မှာ ပြည်တွင်းပြည်ပ ကုန်သွယ်ရေးနှင့် စီးပွားရေးတွင် ကုန်စည်စီးဆင်းမှု လုပ်ငန်းကဏ္ဍ (Logistics Sector) ၏ အရေးပါမှုကို အသိအမှတ်ပြုမှုနှင့် တန်ဖိုးထားမှုကို ဖော်ပြသည့် အထိမ်းအမှတ်လက္ခဏာပင်ဖြစ်သည်။ ကုန်စည်စီးဆင်းမှု (Logistics) သည် ထုတ်ကုန် ပစ္စည်းများ၏ ကုန်ထုတ်လုပ်ရာ နေရာမှ စားသုံးမည့် ၊ သုံးစွဲမည့် သူများထံ ရွေ့လျားစီးဆင်းမှုမျှကိုသာ ရည်ညွှန်းခြင်းမဟုတ်ပေ။ ထုတ်လုပ်မည့် ကုန်ပစ္စည်းများအတွက် ကုန်ကြမ်းနှင့် စက်ပစ္စည်းအစိတ်အပိုင်းများကဲ့သို့ အရင်းအမြစ်များကို ကုန်ထုတ်လုပ်မည့် စက်ရုံ ၊အလုပ်ရုံများသို့ စုဆောင်းပေးပို့ခြင်းမှသည် စားသုံးသူများထံ ပို့ဆောင်ပြီးသော ထုတ်ကုန်ပစ္စည်းများအနက် အရည်အသွေးမမီ ၊ချွတ်ယွင်းပျက်စီးမှုနှင့် ပိုလျံသည့်ပစ္စည်းများကို စနစ်တကျဖျက်ဆီးရန် (သို့) ပန်လည်အသုံးပြုနိုင်သည်များကို ပြန်လည်အသုံးပြုရန် နောက်ကြောင်းပြန်ပေးပို့သည်အထိ လုပ်ငန်းစဉ်အများအပြားမှာ ကုန်စည်စီးဆင်းမှု (Logistics) ဟူသော ဝေါဟာရတွင် အကျုံးဝင်ပါရှိနေသည်။
သို့ဖြစ်ရာ ကုန်စည်စီးဆင်းမှု (Logistics) ဟူသော လုပ်ငန်းစဉ် ကွန်ယက်ကြီးတွင် ပစ္စည်းများကိုင်တွင်ဆောင်ရွက်ခြင်း ၊ သိုလှောင်ထိန်းသိမ်းခြင်း ၊ ထုတ်ပိုးခြင်း ၊ ကုန်ပစ္စည်းတန်းထိန်းညှိခြင်း ၊ သယ်ယူပို့ဆောင်ခြင်း ၊ သတင်းနှင့်အချက်အလက်များ ပေးပို့ခြင်းနှင့် လုပ်ငန်းစဉ်အရပ်ရပ်ကို ကိုင်တွယ်ထိန်းသိမ်းစီမံခန့်ခွဲခြင်းစသော လုပ်ငန်းစဉ်အသီးသီးပါဝင်လျက်ရှိနေသည်။
ကုန်စည်စီးဆင်းမှု (Logistics) ဟူသော ဝေါဟာရ၏ မူလဇစ်မြစ်မှာ စက်မက်ဆိုင်ရာဝေါဟာရတစ်ရပ်အဖြစ် စတင်တီထွင်ခဲ့ခြင်းဖြစ်သည်။ Logistics ဟူသောဝေါဟာရကို စစ်မက်ဆိုင်ရာတပ်ဖွဲ့များ ၊ စစ်ကြောင်းများ၏ လှုပ်ရှားမှု ၊ ရိက္ခာနှင့် လက်နက်ခဲယမ်းမီးကျောက်စသည့် ထောက်ပံ့ရေး ပစ္စည်းများ ပို့ဆောင်မှု ၊ ထိန်းသိမ်းထားရှိမှုတို့အတွက် အသုံးပြုခဲ့ခြင်းဖြစ်သည်။
ယခုအခါ Logistics ဟူသော ဝေါဟာရကို စီးပွားရေးကဏ္ဍ အထူးသဖြင့် ကုန်ပစ္စည်းထုတ်လုပ်မှုကဏ္ဍတွင် ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနေကြပြီဖြစ်သည်။ စီးပွားရေးလုပ်ငန်းများတွင် အရင်းအမြစ်ပစ္စည်းများ (ကုန်ကြမ်း ၊ကုန်ချောအား မည်သို့သယ်ယူပို့ဆောင် ၊ ကိုင်တွယ်ထိန်းသိမ်းသည်ကို ရည်ညွှန်းပြောဆိုရာတွင် Logistics ဟူသော ဝေါဟာရကို အသုံးပြုကြသည်။
ကုန်စည်စီးဆင်းမှု (Logistics) စတင်ခဲ့သည့် သမိုင်းကြောင်းကို ကြည့်မည်ဆိုပါက လွန်ခဲ့သော နှစ်ပေါင်း 750ခန့် ခရစ်သက္ကရာဇ် 1271 ခုနှစ်တွင် မာကိုပိုလို ၏ တရုတ်ပြည်သို့ လမ်းမပေါ်မှ သွားရောက်ခဲ့သည့် ခရီးစဉ်က အစပျိုးခဲ့ခြင်းဖြစ်သည်။ မာကိုပိုလိုမှ သူ၏ ခရီးစဉ်ကို အသေးစိတ်ရေးသားမှတ်တမ်းတင်ခဲ့ပြီး ဥရောပနှင့် တရုတ်ပြည်အကြားအနာဂတ် ကုန်သည်များအတွက် လမ်းဖွင့်ပေးခဲ့သည်။
1896 ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုတွင် ပထမဆုံး “ မြင်းမပါသည့်ကုန်တင်လှည်း” Semi-truck ကို တီထွင်ခဲ့ပြီး ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်မှုနည်းလမ်းကို အဆင့်မြှင့်ပေးနိုင်ခဲ့သည်။ ပထမဆုံး လေကြောင်းကုန်စည်ပို့ဆောင်မှုကို 1910 ပြည့်နှစ်တွင် ဒေတန်နှင့် ကိုလံဘတ်စ်အကြား ပျံသန်းပို့ဆောင်ပေးခဲ့သည်။ အမေရိကန်ပြည်ထောင်စုအတွင်း ကုန်ပစ္စည်းများ ပို့ဆောင်မှုအရှိန်နုန်းကို မြှင့်တင်ပေးခဲ့ခြင်းဖြစ်သည်။
1956 ခုနှစ်တွင် ပထမဆုံး ကုန်သေတ္တာတင်သင်္ဘောသည် နယူးဂျာစီဆိပ်ကမ်းမှ တက္ကဆက်သို့ ထွက်ခွာခဲ့ပြီး ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်မှု ပုံစံသစ်အဖြစ် ဖော်ထုတ်ခဲ့ကြသည်။ ကုန်စည်စီးဆင်းမှု Logistics သည် နိုင်ငံတစ်နိုင်ငံအတွင်းသာမက ကမ္ဘာ့တစ်ဝှန်း ဒေသအသီးသီးသို့ ဆက်သွယ် ပေါင်းကူးပေးလျက်ရှိပြီး နောင်တွင်လည်း အစဉ်အမြဲ ဆက်သွယ်ပေးနေဦးမည်ဖြစ်သည်။ ယခုဆိုလျှင် အမေရိကန်ပြည်ထောင်စုအတွင်း ထုတ်လုပ်သမျှနှင့် ရောင်းချသမျှ အရာအားလုံး၏ ၈ ရာခိုင်နှုန်းနီးပါးသည် ကုန်စည်စီးဆင်းမှု (Logistics) နှင့် ဆက်နွယ်နေကြသည်။
အမေရိကန်ပြည်ထောင်စုအတွင်း ကုန်းလမ်း ၊ရထားလမ်း ၊ရေကြောင်းနှင့် လေကြောင်းမှ ပြည်တွင်းပို့ကုန် တန်ချိန်ပေါင်း ၁၃ ဘီလျံကျော်ကို အမေရိကန် ပြည်တွင်းကုန်စည်စီးဆင်းမှုလုပ်ငန်းကဏ္ဍမှ အထောက်အကူပြုပေးလျက်ရှိသည်။ ကမ္ဘာတစ်ဝှန်းလုံးရှိ ဒေသအသီးသီးမှလူဦးရေ သန်း 50 ကျော်သည် ကုန်စည်စီးဆင်းမှုလုပ်ငန်းကဏ္ဍတွင် အလုပ်လုပ်ကိုင်နေကြသည်။ Supply Chain ကွန်ရက်များအတွင်း ကုန်စည်စီးဆင်းမှု (Logistics) ကဏ္ဍပိုမိုတွင်ကျယ် ထိရောက်စေရေးအတွက် ပါဝင်အားဖြည့်ဆောင်ရွက်နေကြသည့် Third Party Logistics (3PL) လုပ်ငန်းကဏ္ဍသည်ပင်လျှင် လုပ်ငန်းတန်ဖိုး အမေရိကန်ဒေါ်လာ ဘီလျံ 800 ခန့်ပမာဏရှိနေပြီဖြစ်သည်။
ထိုသို့ နိုင်ငံတကာ စီးပွားရေးနှင့် ကုန်သွယ်မှုတွင် အရေးပါသည့် အခန်းကဏ္ဍတစ်ရပ်ဖြစ်သော ကုန်စည်စီးဆင်းမှု (Logistics) ကဏ္ဍကို အသိအမှတ်ပြု တန်ဖိုးထားကြောင်း ဖော်ပြခဲ့သည့် Logistics day ဖစ်ပေါ်ပေါက်လာမှုမှာ မကြာမြင့်လှသေးပေါ။ အမေရိကန်ပြည်ထောင်စု ပင်ဆီမေးနီးယား အခြေစိုက် နိုင်ငံတကာ သယ်ယူပို့ဆောင်ရေး ကုန်စည်စီးဆင်းမှုနှင့် Supply Chain Solutions လုပ်ငန်းအဖွဲ့ဖြစ်သည်။ “Logistics Plus” မှ ကမကထ ပြုလုပ်ကာ “ National Day Calendar “ (အမေရိကန်ပြည်ထောင်စု အမျိုးသားပြက္ခဒိန်) တွင် နှစ်စဉ် ဇွန်လ 28ရက်ကို “ အမျိုးသားကုန်စည်စီးဆင်းရေးနေ့” အဖြစ် တရားဝင်စာရင်းသွင်းခွင့်ရရှိရေးဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
2019 ခုနှစ် ဇွန်လ 28ရက်နေ့တွင် Logistics Plus မှ တာဝန်ရှိသူများသည် National Day Calendar မှ မှတ်ပုံတင်အရာရှိ နှင့်အတူ ဇွန်လ 28 ရက်ကို အမျိုးသားကုန်စည်စီးဆင်းရေးနေ့အဖြစ် တရားဝင်ကြေညာခဲ့ပြီး ပထမဆုံးသော အမျိုးသားကုန်စည်စီးဆင်းရေးနေ့ကို ကျင်းပခဲ့ကြသည်။ ယခုဆိုလျှင် အမေရိကန်ပြည်ထောင်စုတွင် နှစ်စဉ်နှစ်တိုင်း ဇွန်လ 28 ရက်နေ့သည် အမျိုးသားကုန်စည်စီးဆင်းရေးနေ့အဖြစ် တရားဝင်အသိအမှတ်ပြုခဲ့ပြီးဖြစ်သည်။

 

#SuperLight #Logistics #Knowledge #Logistics_Day

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN