fbpx

ကုန်သေတ္တာပြုပြင်ထိန်းသိမ်းရေး (Container Maintenance) – အပိုင်း (၂)

ကုန်သေတ္တာပြုပြင်ထိန်းသိမ်းမှုအကြောင်းများကို ယခုတစ်ပတ်တွင် ဆက်လက်ဖော်ပြပေးသွားပါမည်။

 

၆။ ကုန်သေတ္တာအပေါက်ဖြစ်ခြင်း (Hole in Container)
——————————
ဖော့ကလစ် ထိန်းသိမ်းမောင်းနှင်မှု ညံ့ဖျင်းခြင်း ၊ အခြား ယာဉ်တစ်စီးစီးဖြင့် ထိခိုက်ခြင်း (သို့) အခြား ကုန်သေတ္တာ တစ်လုံးလုံးဖြင့် တိုက်မိခြင်းတို့ကြောင့်ဖြစ်နိုင်သည်။ ကုန်သေတ္တာများ၏ သံချေးတက်မှု ၊ ထိခိုက်ပွန်းပဲ့မှုများကို ပုံမှန် စစ်ဆေးဆောင်ရွက်ပါ။

 

၇။ လမ်းမတော်တဆမှု (Road accidents)
—————————–
ဆိုးရွားသည့် ရာသီဥတု ၊ ကြမ်းတမ်းသည့် လမ်းအခြေအနေ ၊ ပစ္စည်းထည့်သွင်းမှု ညံ့ဖျင်းချက်နှင့် ယာဉ်မောင်း၏ ပင်ပန်းနွမ်းလျမှုတို့ကြောင့် လမ်းမတော်တဆမှုများ ဖြစ်ပွားကာ ကုန်သေတ္တာများ ထိခိုက်ပျက်စီးမှုကို ဖြစ်စေနိုင်သည်။ ကုန်းလမ်း ကုန်စည် သယ်ယူပို့ဆောင်သူများအနေဖြင့် လမ်းပေါ်တွင် ကျွမ်းကျင်ယာဉ်မောင်းများကို ဆောင်ရွက်စေရန်နှင့် ကုန်သေတ္တာအတွင်း ကုန်ပစ္စည်းများကို စနစ်တကျ ထည့်သွင်းမှု ရှိ ၊ မရှိ စစ်ဆေးရန် လိုအပ်မည်ဖြစ်သည်။

၈။ ရထားလမ်းချော်မှု (Train derailment)
————————————
ရာသီဥတု ဆိုးရွားမှု ၊ သတ်မှတ်အမြန်နှုန်းထက် ကျော်လွန်မောင်းနှင်မှု ၊ ရထားလမ်းပိုင်း ချွတ်ယွင်းမှု နှင့် ရထားစ်ခေါင်းမောင်းသူ၏ ပင်ပန်းနွမ်းနယ်မှုတို့ကြောင့် ရထား လမ်းချော်မှုဖြစ်ကာ ကုန်သေတ္တာများ ထိခိုက်ပျက်စီးစေနိုင်သည်။ ရထားမောင်းနှင်မှု အခြေအနေကို စစ်ဆေးဆောင်ရွက်ရန်ဖြစ်သည်။

နောက်တစ်ရက်အတွက် ပြုပြင်မှု စရိတ်စကကို ချွေတာနိုင်ရန် ယနေ့သင့်လျော်သည့် ပြုပြင်မွမ်းမံမှုကို ဆောင်ရွက်ပါ
=====================================
လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရေးအတွက် ကုန်သေတ္တာများအား ပုံမှန် စစ်ဆေးမှု ဆောင်ရွက်ရန်မှာ အရေးကြီးသည်။ ကုန်သေတ္တာ ပြုပြင်ထိန်းသိမ်းမှုတွင် ရှောင်လွဲမရသည့် အဆင့်မှာ ကုန်သေတ္တာကို သေချာစေ့ငုစွာ စစ်ဆေးရန်ပင်ဖြစ်သည်။ ကုန်သေတ္တာကို စတင် အသုံးမပြုမီ အပြစ်အနာအဆာ ကင်းသော မှန်ကန်သည့် ကုန်သေတ္တာ ဖြစ်ရေးပင်ဖြစ်သည်။ ကုန်သေတ္တာအတွင်း ငွေ့ရည်ဖွဲ့ခြင်း နှင့် ငွေ့ရည်ဖွဲ့ခြင်းမှ တစ်ဆင့် သံချေးတက်ခြင်း စသည်တို့ကို ကာကွယ်တားဆီးနိုင်ရန် ရေငွေ့ကို စုတ်ယူပြီး စိုထိုင်းမှုကို ဖယ်ရှားနိုင်သော ကယ်လ်ဆီယမ်အောက်ဆိုဒ် ကဲ့သို့သော ပစ္စည်းမာျးကို အသုံးပြုရမည်ဖြစ်သည်။ သင့်လျော်သော နည်းပညာဆိုင်ရာ ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်နေသည့်တိုင်အောင် ကြိုတင်မှန်းမျှော်မထားသော အခြေအနေများ ပေါ်ပေါက်နိုင်သဖြင့် သင့်လျော်မည့် ကုန်သေတ္တာ အာမခံများ ထားရှိဆောင်ရွက်ခြင်းဖြင့် ပျက်စီးဆုံးရှုံးမှု ပေါ်ပေါက်ပါက နစ်နာမှုများကို ကာမိစေနိုင်မည်ဖြစ်သည်။

ကုန်သေတ္တာထိခိုက်ပျက်စီးမှုအတွက် မည်သူ့တွင် တာဝန်ရှိသလဲ
====================================
အမှုကိစ္စအများအပြားတွင် ထိခိုက်ပျက်စီးမှုအတွက် မည်သူ့တွင် တာဝန်ရှိကြောင်းနှင့် ထိခိုက်ပျက်စီးရသည့် အကြောင်းအရင်းကို ဆုံးဖြတ်ရန် အလွန်ခက်ခဲလေ့ရှိသည်။ ကုန်သေတ္တာပို့ဆောင်မှု (သင်္ဘောတင်ပို့မှု) တစ်ရပ်တွင် အဆင့်ဆင့်သော လုပ်ငန်းစဉ်များတွင် ကုန်သေတ္တာကိုင်တွယ်ဆောင်ရွက်မှုကို လက်တွေ့လုပ်ဆောင်ရသူ အများအပြားရှိနေသည်။
၎င်းတို့မှာ –

၁။ စက်ရုံ အလုပ်ရုံ (သို့) သင်္ဘောတင်ပို့သူထံတွင် ကုန်သေတ္တာအတွင်း ကုန်ပစ္စည်းသွင်းသည့် အလုပ်သမားများ
၂။ ကုန်သေတ္တာကို သယ်ယူပြီး သိုလှောင်ရုံသို့ ပို့ဆောင်ပေးသည့် ကုန်တင်ယာဉ်မောင်း
၃။ ကုန်သေတ္တာကို သင်္ဘောဆိပ် (သို့) ကုန်သေတ္တာဝန်းအတွင်းသို့ သယ်ဆောင်သည့် သယ်ယူပို့ဆောင်ရေး ကုမ္ပဏီမှ ဝန်ထမ်းများ
၄။ မူလ ကုန်သေတ္တာဝန်းမှ အလုပ်သမားများ
၅။ ထပ်ဆင့်ပေးပို့သည့် ဆိပ်ကမ်းမှ အလုပ်သမားများ
၆။ ကုန်သေတ္တာ ရောက်ရှိရာ (ဦးတည်ချက်) ဆိပ်ကမ်း (သို့) ကုန်သေတ္တာဝန်းမှ ဝန်ထမ်းများ
၇။ အကောက်ခွန်အဖွဲ့
၈။ နောက်ဆုံးပို့ဆောင်ပေးရသည့် ကုန်တင်ယာဉ်မောင်း

ထိခိုက်ပျက်စီးသည့် ကုန်သေတ္တာအတွက် နစ်နာကြေးမည်သို့တောင်းခံမည်လဲ
=========================
ကုန်သေတ္တာ ထိခိုက်ပျက်စီးမှု စရိတ်စကသည် ဖြစ်ရပ်တိုင်းတွင် ကွဲလွဲနေနိုင်ပြီး ကြိုတင်သတ်မှတ်၍ မရနိုင်ပေ။ တင်ဆောင်ရန် လိုအပ်သည့် အထောက်အထားများကို စုဆောင်းရရှိပြီးနောက်တွင်မှ ထိခိုက်ပျက်စီးမှုသည် ကုန်သေတ္တာပိုင်ရှင် (သို့) ကုန်သေတ္တာ ငှားရမ်းအသုံးပြုသူက ပေးလျော်ရမည်ကို ဆုံးဖြတ်နိုင်မည်ဖြစ်သည်။ ကုမ္ပဏီအများစုသည် ပြုပြင်ထိန်းသိမ်းမှုနှင့် ပြင်ဆင်မှုအတွက် လုံလောက်သော ဒေါ်လာ ၁၀၀ အောက်သာ ကုန်ကျမည့် သာမန်ထိခိုက်ပျက်စီးမှုများအတွက် ထိခိုက်ပျက်စီးမှု ကာကွယ်ရေးအစီအစဉ် (Damage protection plan) ကို သဘောတူဆောင်ရွက်လေ့ရှိသည်။
ကုန်သေတ္တာတစ်လုံး ထိခိုက်ပျက်စီးပါက မည်သို့ဖြစ်ပွားသည်ဆိုသည့် အချက်အလက်များကို စုစည်းကာ ဖြစ်ရပ်တစ်ခုချင်းစီအပေါ် ဖြစ်ရပ်တစ်ခုချင်းစီအပေါ် အခြေခံကာ ညှိနှိုင်းဆောင်ရွက်ကြရမြဲဖြစ်သည်။ ထိုသို့ ဆောင်ရွက်ကြရာတွင် အောက်ပါလုပ်ငန်းစဉ်များကို မလွဲမသွေ ဆောင်ရွက်ကြရမည်ဖြစ်သည်။

၁။ ကုန်သေတ္တာ အသုံးပြုသူအနေဖြင့် ကုန်သေတ္တာထိခိုက်ပျက်စီးမှု ဓာတ်ပုံများကို ရယူတင်ပြပေးရမည်ဖြစ်သည်။
၂။ မူလ ကုန်သေတ္တာဝန်း (သို့) ကုန်သေတ္တာဝန်းသို့ ကုန်သေတ္တာ ပြန်လည်ရောက်ရှိသည့်အခါ ကုန်သေတ္တာ ပိုင်ရှင်မှ ထိခိုက်ပျက်စီးမှုကို စစ်ဆေးရန် ကျွမ်းကျင်စစ်ဆေးသူ တစ်ဦးကို ခေါ်ယူရမည်ဖြစ်သည်။
၃။ ထို့နောက် ထိခိုက်ပျက်စီးမှု ဓာတ်ပုံအထောက်အထားများနှင့်အတူ ငွေတောင်းခံလွှာကို ပေးပို့ရမည်ဖြစ်သည်။ အကယ်၍ ထိခိုက်ပျက်စီးမှု တန်ဖိုးသည် နှစ်ဦးနှစ်ဖက် သဘောတူထားသော Damage – protection plan ပါ သတ်မှတ်ငွေ ပမာဏအောက် ကျရောက်ပါက ကုန်သေတ္တာပိုင်ရှင်မှ ထိခိုက်ပျက်စီးမှုကို တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။
၄။ အကယ်၍ ပျက်စီးမှုတန်ဖိုးသည် သဘောတူသတ်မှတ်ပမာဏထက် ပိုလွန်ပေါက ကုန်သေတ္တာငှားရမ်းသူထံ ငွေတောင်းခံလွှာ ပေးပို့မည်ဖြစ်သည်။ ကုန်သေတ္တာငှားရမ်း အသုံးပြုသူအနေဖြင့် ငွေတောင်းခံလွှာ လက်ခံရရှိသည့်နေ့မှာ ရက်ပေါင်း ၃၀ အတွင်း ငွေပေးသွင်းရမည်ဖြစ်သည်။ အကယ်၍ ကုန်သေတ္တာ အသုံးပြုသူမှ တွက်ချက်ကောက်ခံမှုအပေါ် သဘောမတူပါက ၁၀ ရက်အတွင်း စောဒကတက်နိုင်မည်ဖြစ်သည်။
ထိုသို့ဖြင့် ဖြစ်ပွားမှု ဖြစ်လာပါက နှစ်ဦးနှစ်ဖက်မှ ပူးတွဲ စစ်ဆေးမှု တစ်ရပ်ကို ဆောင်ရွက်ရမည်ဖြစ်သည်။ ထိုသို့ ပူးတွဲ စစ်ဆေးမှု ပြုလုပ်သည့်အခါ တစ်ဖက်စီကို ကိုယ်စားပြုသည့် စစ်ဆေးသူနှစ်ဦး (သို့) နှစ်ဖက်လုံးမှ သဘောတူသည့် စစ်ဆေးသူတစ်ဦးဖြင့် ဆောင်ရွက်ရမည်ဖြစ်သည်။ ထို့နောက် စစ်ဆေးတွေ့ရှိမှုအပေါ် မူတည်ကာ ကျသင့်ငွေကို ပေးဆောင်ရမည်ဖြစ်သည်။
အကယ်၍ ကုန်သေတ္တာ လုံးဝ ဆုံးရှုံးမှု ဖြစ်ပါက ကုန်သေတ္တာ အသုံးပြုသူမှ တာဝန်ယူပေးလျော်ရမည်ဖြစ်ပြီး ၎င်းအချက်ကို အငြင်းပွား၍ မရနိုင်ပေ။ ကုန်သေတ္တာ ထိခိုက်ပျက်စီးမှု အမှုတစ်ခုချင်းစီသည် မတူညီ ကွဲပြားနေမည်ဖြစ်ပြီး အမှုတစ်ခုချင်းအပေါ် အခြေခံလျက် ဖြေရှင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ အငြင်းပွားမှုများသည် အငြင်းပွားမှု အတိမ်အနက်ပေါ်တွင် မူတည်၍ ၂ရက်မှ ရက်သတ္တပတ်များစွာကြာမြင့်နိုင်သည်။

#SuperLight #Logistics #Knowledge #Container_Maintenance

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN