fbpx

GPS စနစ်အားအသုံးပြုခြင်း၏ အားသာချက် (၁၅)ချက်

GPS ဆိုသည်မှာ Global Positioning System (ကမ္ဘာလုံးဆိုင်ရာ တည်နေရာပြစနစ်) ၏ အတိုကောက်စာလုံးဖြစ်သည်။ GPS စနစ်သည် ကမ္ဘာပတ်လမ်းကြောင်းတွင် လှည့်ပတ်နေသော ဆက်သွယ်ရေးဂြိုလ်တုများမှတစ်ဆင့် အချက်ပြသင်္ကတထုတ်လွှတ်မှုကို အသုံးပြုလျက် ပစ္စည်းကိရိယာတစ်ခု (အဆောက်အဦး ၊ ယာဉ် စသည်တွင် တပ်ဆင်ထားသော) ၏တည်နေရာနှင့် မည်သည့်ရွေ့လျားမှုကိုမဆို အချိန်နှင့် တစ်ပြေးညီ အတအကျဖော်ပြပေးနိုင်သည့် စနစ်ဖြစ်သည်။ GPS စနစ် တစ်မျိုးတည်းသက်သက်ဆိုလျှင် ကန့်သတ်ချက်အတိုင်းအတာများရှိနေသည်။ GPS စနစ်သည် အခြေခံအချက်အလက်များဖြစ်သော coordinate ဆုံမှတ်များ နှင့် အခြားသော ကိန်းဂဏန်းအချက်အလက်အချို့သာပေးသော်လည်း အခြားသောနည်းပညာများ (ဥပမာ မြေပုံ ၊ ရေကြောင်း ၊လမ်းကြောင်းပြစနစ်များ)နှင့် ပေါင်းစပ်လိုက်သည့်အခါတွင်မူ အလွန်အစွမ်းထက်သည့် ကိရိယာတစ်ရပ်အဖြစ်သို့ ရောက်ရှိသွားနိုင်သည်။ မူလက အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဌာနမှ စစ်ရေးအသုံးပြုရန် GPS ကို တီထွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်သော်လည်း ယခုအခါ အများပြည်သူစီးပွားဖြစ်ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခွင့်ရရှိနေကြပြီဖြစ်သည်။ GPS စနစ်အသုံးပြုခြင်း၏ အကျိုးကျေးဇူးအချို့ကို အောက်တွင်ဖော်ပြလိုက်ပါသည်။

၁။ လမ်းညွှန်ပေးခြင်း (Navigation)
—————————-
GPS ကို အများဆုံးအသုံးပြုမှုသည် ယာဉ်သွားလာမှုလမ်းကြောင်းပြ လမ်းညွှန်စနစ်များတွင် ဖြစ်နိုင်သည်။ GPS စနစ်ကို မြေပုံနည်းပညာနှင့်ပေါင်းစပ်လိုက်သည့်အခါ GPS သည် ကုန်လမ်းသွားမော်တော်ယာဉ်များ၊ရေကြောင်းသွား လှေ ၊ သင်္ဘောများနှင့် လေကြောင်းသွား လေယာဉ်များအတွက် အလွန်အသုံးဝင်သည့် ကိရိယာတစ်ရပ်အဖြစ်ရောက်ရှိလာခဲ့သည်။ GPS စနစ်သည် GPS app ထည့်သွင်းထားသည့်မည်သည့်ပစ္စည်းကိရိယာ (ဖုန်း ၊လက်တော့ ၊ ကွန်ပြူတာ စသည်)၏ တည်နေရာကိုမဆို ကိုသြဒိနိတ်မျဥ်းများဖြင့် အတိအကျဖော်ပြနိုင်သည်။ ထို့ပြင် အဆိုပါပစ္စည်းကိရိယာ၏ ရွေးလျားရာ (ဦးတည်ချက်) နှင့် အမြန်နှုန်းတို့ကို တွက်ချက်ရာတွင်အသုံးပြုသည့် အချက်အလက်များကိုပါ ထုတ်ပေးနိုင်သည်။

၂။ သက်သာသည့်ကုန်ကျစရိတ် (Low Cost)
———————–
GPS နှင့်ချိတ်ဆက်ထားသော ဂြိုလ်တုများ၏ ပြုပြင်ထိန်းသိမ်းမှု ၊အဆင့်မြှင့်တင်မှုတို့မှာ အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဌာနမှ ကျခံဆောင်ရွက်လျက်ရှိသည်။ ဆိုလိုသည်မှာ GPS စနစ်သည် အခြေခံအားဖြင့် အခမဲ့အသုံးပြုခွင့်ရရှိနေခြင်းပင်ဖြစ်သည်။ သင့်အနေဖြင့် ကိရိယာတစ်ခုခု (ဖုန်း ၊ လက်တော့ ၊ ကွန်ပြူတာစသည်) ဝယ်ယူရန်နှင့် GPS စနစ်အသုံးပြုရေးအတွက် software ထည့်သွင်းရန် ကုန်ကျစရိတ်များသာကျခံရမည်ဖြစ်သည်။ ထို့ပြင် Google map ကဲ့သို့သော GPS အသုံးပြုနိုင်သည့် application များသည်လည်း အခမဲ့သာဖြစ်သည်။

၃။ ရာဇဝတ်မှုနှင့် လုံခြုံရေး (Crime and Security)
—————————-
GPS စနစ်သည် ဥပဒေထိန်းသိမ်းစောင့်ရှောက်ရေး တာဝန်ရှိသူများမှ ရာဇဝတ်သားများနှင့် အကြမ်းဖက်သမားမျာအား ခြေရာခံရာတွင်အထူးတန်ဖိုးရှိသော ကိရိယာတစ်ခုအဖြစ်သုံးနိုင်သည်။ ပြစ်မှုကျူးလွန်သူ (သို့) သံသယရှိသော တရားခံ၏ ဖုန်းကိုခြေရာခံခြင်းဖြင့်လည်းကောင်း (သို့) ၎င်းတို့စီးနင်းသည့်ယာဉ်တွင် ခြေရာခံကိရိယာတပ်ဆင်ခြင်းဖြင့်လည်းကောင်း ၎င်းတို့၏ လှုပ်ရှားမှုများကို မျက်ခြေမပြတ်အောင် စောင့်ကြည့်နိုင်သည်။ ထို့ပြင် လုပ်ငန်းရှင်များ (သို့) သာမန်လူပုဂ္ဂိုလ်များအနေဖြင့်လည်း သူခိုး ၊ သူဝှက်များ၏ ဘေးအန္တရာယ်မှကာကွယ်ရန် GPS ခြရာခံစက်များကို တပ်ဆင်အသုံးပြုနိုင်သည်။

၄။ အလွယ်တကူအသုံးပြုနိုင်မှု (Easy to use)
—————————–
GPS ကို အသုံးပြုလျက် တည်နေရာတွက်ချက်ခြင်း ၊လမ်းညွှန်အတိုင်း မောင်းနှင်ခြင်းတို့မှာ ယေဘူယျအားဖြင့် အလွန်လွယ်ကူပြီး အနည်းငယ်မျှသော ကျွမ်းကျင်မှု (သို့) အားထုတ်မှုသာ လိုအပ်မည်ဖြစ်သည်။အများအားဖြင့် အသုံးပြုသည့်သူအနေဖြင့် သွားမည့်နေရာ ညွှန်းရပ်ကို ထည့်သွင်းလိုက်ရုံဖြင့် ကျန်သည့်ကိစ္စအဝဝကို ကိရိယာက ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ပြင် GPS သည် ကမ္ဘာမြေအပေါ်ယံလွှာထုများ ရွေ့လျှားမှုကို လေ့လာခြင်းနှင့် မြေတိုင်းတာခြင်းလုပ်ငန်းများအတွက် အသုံးပြုရန် ပိုမိုလွယ်ကူပြီး ပိုမိုတွင်ကျယ်ထိရောက်သည့်နည်းပညာတစ်ရပ်ဖြစ်ပေသည်။

၅။ အလုပ်ရှင်မှစောင့်ကြည့်နိုင်မှု ( Employer Monitoring)
——————————
အလုပ်ရှင်များသည် GPS ခြေရာခံစနစ်ကို အသုံးပြုကာ ၎င်းတို့၏ ယာဉ်မောင်းများအနေဖြင့် အတိုဆုံးလမ်းကြောင်းအတိုင်း မောင်းနှင်မှုရှိမရှိ ၊ အတိုဆုံးလမ်းကြောင်းအတိုင်းမသွားပဲ အချိန်နှင့် လောင်စာဆီကို အလဟသဖြုန်းတီးမှုများရှိမရှိ (သို့) အမြန်နှုန်းကန့်သတ်ချက်များကို လိုက်နာမှုရှိမရှိ စသည်ဖြင့် တာဝန်သိမှုဖြင့် ပြုမူဆောင်ရွက်ခြင်းများ ရှိမရှိကို စောင့်ကြည့်နိုင်လေသည်။ ထို့ပြင် လုပ်ငန်းအဖွဲ့အစည်းများအနေဖြင့် ကုန်ပစ္စည်းပို့ဆောင်သည့်ယာဉ်များ (သို့) ဝန်ဆောင်မှုပေးသည့်ယာဉ်များသည် မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို အချိန်မရွေး သိရှိနိုင်ခြင်းဖြင့်ပိုမိုကောင်းမွန်သော စားသုံးသူဝန်ဆောင်မှုများကို ပေးနိုင်ပေမည်။ မော်တော်ယာဉ်အုပ်စုများသည်လည်း GPS စနစ်ကို အသုံးပြု၍ ပိုမိုလုပ်ငန်းတွင်ကျယ်ထိရောက်အောင် လုပ်ဆောင်နိုင်ပေမည်။

၆။ ဘေးအန္တရာယ်ကင်းရှင်းလုံခြုံမှု (Safety)
—————————–
မိဘများအနေဖြင့် ၎င်းတို့၏ ကလေးများကို မျက်ခြေမပြတ်စောင့်ကြည့်နိုင်ရန် GPS ခြေရာခံစနစ်ကို အသုံးပြုနိုင်သည်။ အိမ်ထောင်ရှင်များသည်လည်း အလားတူနည်းပညာများကိုအသုံးပြု၍ ၎င်းတို့၏ အိမ်ထောင်ဖက်များကို စောင့်ကြည့်နိုင်သည်။အလုပ်သမားများနှင့် အခြားပုဂ္ဂိုလ်များသည်လည်း ၎င်းတို့၏ ပုဂ္ဂိုလ်ရေးလုံခြုံမှုအတွက် GPS စနစ်ကိုအသုံးပြုနိုင်သည်။ ၎င်းတို့တွင် တစ်စုံတစ်ရာ အရေးပေါ် ကိစ္စများပေါ်ပေါက်လာလျှင်လည်း GPS စနစ်ဖြင့် ၎င်းတို့ မည်သည့်နေရာတွင် တည်ရှိနေသည်ကို သိရှိနိုင်စေပေမည်။

၇။ အနီးပတ်ဝန်းကျင်ရှာဖွေမှု (Neighborhood search)
——————————–
GPSသည် ရေကြောင်း ၊လေကြောင်းလမ်းညွှန်မှုကဲ့သို့ပင် ဒေသတွင်း သတင်းအချက်အလက်များ ရှာဖွေရာတွင်လည်း အသုံးပြုနိုင်သည်။ ဥပမာအားဖြင့် အနီးဆုံးဟိုတယ် ၊ ဓာတ်ငွေ့ဖြည့်ဆိုင် မည်သည့်နေရာတွင်ရှိသည်ကို ရှာဖွေခြင်း ၊အနီးအနားတွင် ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များအား ရှာဖွေခြင်းမျိုးဖြစ်သည်။ သင့်အနေဖြင့် ခရီးရှည်ထွက်ပြီး စားသောက်ရန် ၊ဓာတ်ငွေ့ဖြည့်ရန် ၊ အိပ်စက်ရန်စသည့်ကိစ္စရပ်များအတွက် ယာဉ်ရပ်နားရန်နေရာများရှာဖွေသည့်အခါ GPS စနစ်သည် အင်မတန်အသုံးဝင်သည်ကို တွေ့ရှိရမည်။

၈။ ယာဉ်အသွားအလာနှင့် မိုးလေဝသသတိပေးချက်များ (Traffic and weather alerts)
———————————
GPS စနစ်နှင့် စပ်လျဉ်း၍ အထူးသဘောကျဖွယ်ရာ ကိစ္စတစ်ရပ်မှာ ဖြစ်ပျက်နေသည်များကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ခြင်းပင်ဖြစ်သည်။ ဆိုလိုသည်မှာ ရှေ့တွင် ယာဉ်မတော်တဆမှု (သို့) အဟန့်အတားတစ်ခုခုရှိနေမည်ဆိုလျှင် သင့်ကို GPS စနစ်ဖြင့်အသိပေးမည်ဖြစ်သည်။ထို့ပြင် ရာသီဥတု ဆိုးဆိုးဝါးဝါးဖြစ်ပေါ်နေသည့် နေရာ ၊ ဧရိယာအတွင်းသို့ သင့်အနေဖြင့် ချဉ်းနင်းဝင်ရောက်မိပါကလည်း သင့်ကို သတိပေးအချက်ပြမည်ဖြစ်သည်။ ထိုသို့သော သတိပေးမှုများသည် သင်၏ ခရီးသွားချိန်ကို တိုတောင်းစေရုံသာမက သင်၏ ဘေးကင်းလုံခြုံရေးကိုလည်း များစွာအထောက်အကူပြုပေမည်။

၉။ နေရာတိုင်းတွင်အသုံးပြုနိုင်မှု (Available anywhere)
—————————–
GPS ၏ အကောင်းဆုံး အင်္ဂါရပ်များအနက်တစ်ခုမှာ GPS စနစ်သည်အခြေခံအားဖြင့် ဂြိုလ်တုနည်းပညာမှတစ်ဆင့် အလုပ်လုပ်သည့် အားလျော်စွာ ကမ္ဘာတစ်လွှားမည်သည့်နေရာတွင်မဆို အသုံးပြုနိုင်ခြင်းပင်ဖြစ်သည်။ သင်မည်သည့်နေရာကိုရောက်ရှိနေသည်ကို သင်ကိုယ်တိုင် မသိရှိလျှင်ဖြစ်စေ ၊ သင် လမ်းပျောက်နေလျှင်ပင်ဖြစ်စေ စိုးရိမ်ဖွယ်ရှိမည်မဟုတ်ပေ။

၁၀။ ခေတ်နှင့်အညီ မွမ်းမံခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း (Updated and Maintained)
——————————
GPS စနစ်ကို ခေတ်နှင့်အညီ (အချိန်ှနှင့်အမျှ) မွမ်းမံခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများမှာ အမေရိကန်ပြည်ထောင်စု ၊ ကာကွယ်ရေးဌာနမှ အကုန်ကျခံ တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ သို့ဖြစ်ရာ GPS စနစ်သည် အချိန်တမ်း အမြဲတမ်း အမှားကင်းကင်းနှင့် တိကျမှန်ကန်လျက်ရှိသည်။ GPS စနစ်အသုံးပြုသည့် software များ ၊ Apps များနှင့် ပစ္စည်းကိရိယာအများစုသည် ပုံမှန်ခေတ်နှင့်အညီ မွမ်းမံခြင်းများ ပြုလုပ်လျက်ရှိပြီး ပုံမှန်အားဖြင့် အခမဲ့ဆောင်ရွက်ပေးခြင်းဖြစ်သည်။ အစဉ်အလာပုံနှိပ်ထုတ်ဝေသည့် မြေပုံကားချပ်များကဲ့သို့ ပုံနှိပ်ပြီး အချိန်အတန်ကြာပြီးနောက် ခေတ်နှင့်အညီ မဖြစ်တော့ခြင်းမျိုး မရှိတော့ပဲ GPS စနစ်နှင့် ၎င်းစနစ်နှင့် ဆက်နွယ်နေသော နည်းပညာများသည် ပုံမှန်အတိုင်း အစဉ်တိကျမှန်ကန်လျက်ရှိနေမည်သာဖြစ်သည်။

၁၁။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများကို စောင့်ကြည့်စစ်ဆေးခြင်း (Exercise Monitoring)
—————————–
GPS ကို ကိုယ်လက်လှုပ်ရှားအားကစား လေ့ကျင့်ခန်းများကို စောင့်ကြည့်စစ်ဆေးရာတွင်လည်း အသုံးပြုနိုင်သည်။အပျော်တမ်းအားကစားသမားများနှင့် သာမန်ကျန်းမာရေးလိုက်စားသူများ၏ ကျန်းမာရေးနှင့်ကြံ့ခိုင်ရေး ပိုမိုတိုးတက်ကောင်းမွန်ရေးအတွက် အထောက်အကူပြုပေးနိုင်သည်။ထိုနည်းတူ ကြေးစားအားကစားသမားများအတွက်လည်း အသုံးဝင်လှပေသည်။ အမြန်နှုန်းတိုင်းတာခြင်း ၊ ခရီးအကွာအဝေးမှတ်သားခြင်းမှသည် လောင်ကျွမ်းသွားသော ကယ်လိုရီပမာဏ ခန့်မှန်းတွက်ချက်သတင်းပေးခြင်းအထိ GPS ကိုအသုံးပြုနိုင်မည်ဖြစ်သည်။

၁၂။ ပြောင်းလွယ်ပြင်လွယ်သည့် ခရီးလမ်းကြောင်းရွေးချယ်ခွင့် (Flexible route options)
—————————————-
GPS စနစ်သည် သင့်အား အချိန်နှင့်အမျှ ပြင်လွယ်ပြောင်းလွယ်မှုကို အထောက်အကူဖြစ်စေမည့် ခရီးလမ်းကြောင်း ရွေးချယ်ခွင့်များကို ပေးနိုင်သည်။ သင့်အနေဖြင့် တစ်စုံတစ်ရာသော လိုအပ်ချက် (သို့) သင့်စိတ်ဆန္ဒနှင့်အညီ သင်နှစ်သက်ရာခရီးလမ်းကြောင်းကို ရွေးချယ်နိုင်မည်ဖြစ်သည်။ သင် သွားမည့်ခရီးလမ်းကြောင်းအရှေ့ဖက်တွင် မတော်တဆမှုတစ်ခုခု (သို့) အကြောင်းတစ်စုံတစ်ရာကြောင့် ပိတ်ဆို့မှုဖြစ်ပါက လမ်းကြောင်းသစ်ကိုတွက်ဆနိုင်ရေးအတွက် GPS ကိုအသုံးပြုနိုင်မည်ဖြစ်သည်။

၁၃။ စစ်ရေးအသုံးပြုမှု (Military Usage)
—————————
GPS စနစ်သည် ရေကြောင်း ၊လေကြောင်းလမ်းညွှန်မှုနှင့် အခြားအထွေထွေ အသုံးပြုမှုများအတွက် အသုံးဝင်သကဲ့သို့ စစ်ရေးအတွက်လည်း GPS ကိုအသုံးပြုနိုင်သည်။ လမ်းညွှန်စနစ်သုံးဒုံးပျံများအတွက် ပစ်မှတ်များရည်ရွယ်သည့်အခါGPS စနစ်ဖြင့် တိကျသည့် ကိုသြဒိနိတ် ဆုံမှတ်များကို သတ်မှတ်ပေးခြင်းဖြင့်ဒုံးပျံများ၏ တိကျမှုကို မြှင့်တင်ပေးနိုင်သည်။

၁၄။ မြေတိုင်းတာခြင်း (Surveying)
————————–
လမ်း ၊ တံတား ၊ အဆောက်အအုံ စသည်များ တည်ဆောက်ခြင်း (သို့) တိုးချဲ့ခြင်း မပြုလုပ်မီ မြေတိုင်းတာမှုကို ပြုလုပ်ရစမြဲဖြစ်သည်။ GPS စနစ်သည် ယခင်အစဉ်အလာ အသုံးပြုခဲ့ကြသော မြေတိုင်းတာမှုနည်းစနစ်နေရာများတွင် တစ်ဖြည်းဖြည်း အစားထိုးဝင်ရောက်လာနေပြီဖြစ်သည်။ထိုသို့ အစားထိုးဝင်ရောက်လာသည့် အဓိကအချက်မှာ GPS စနစ်သည် ပိုမို၍ အကုန်အကျသက်သာပြီး လျင်မြန်သည့်အပြင် ပိုမိုတိကျမှန်ကန်သောကြောင့်ဖြစ်သည်။ ယခင်ကနေ့ရက်များစွာ ဆောင်ရွက်ခဲ့ရသည့်မြေတိုင်းတာမှုကို GPS စနစ်ဖြင့် နာရီပိုင်းအတွင်း ဆောင်ရွက်နိုင်ပြီဖြစ်သည်။

၁၅။ အဆောက်အဦးများနှင့် မြေငလျင်များ (Buildings and Earthquakes)
—————————————-
GPS စနစ်သည် လမ်းညွှန်ပြမှုမျှသာမဟုတ် သိပ္ပံဆိုင်ရာအခြားကိစ္စရပ်များအတွက်လည်း အများအပြားအသုံးဝင်ပေသည်။ လမ်းများနှင့် အဆောက်အအုံများတွင် ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ ပြသနာများကို စူးစမ်းရှာဖွေရာတွင်လည်း GPS စနစ်ကိုအသုံးပြုနိုင်သည်။ထိုနည်းတူ ကမ္ဘာ့မြေလွှာထုကြီးများရွေ့လျားမှုကို စောင့်ကြည့်လေ့လာခြင်းဖြင့် မြေငလျင်ကဲ့သို့ သဘာဝဘေးအန္တရာယ်များကို ကြိုတင်ခန့်မှန်းရာတွင်လည်း အသုံးဝင်ပေသည်။

 

#SuperLight #Logistics #Update #Knowledge #GPS

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN