fbpx

အန္တရာယ်ရှိ ကုန်ပစ္စည်းအတန်းအစား (၉)မျိုး

⚠️ “အန္တရာယ်ရှိကုန်ပစ္စည်းဆိုတာကတော့ ၎င်းတို့ကို စနစ်တကျသေချာစွာ ထုပ်ပိုး၊ ထည့်သွင်း၊ သယ်ယူခြင်းမပြုလျှင် လူအပါအဝင် အခြားသက်ရှိတွေရဲ့အသက်နဲ့ ကျန်းမာရေးကို ဆုံးရှုံးထိခိုက်စေနိုင်တဲ့အပြင် သယ်ယူပို့ဆောင်တဲ့ယာဉ်၊ နီးစပ်ရာအဆောက်အဦးနဲ့ သဘာဝပတ်ဝန်းကျင်ကိုပါ ထိခိုက်ပျက်စီးစေနိုင်တဲ့ ဂုဏ်သတ္တိရှိပစ္စည်းတွေကို ခေါ်ဆိုတာဖြစ်ပါတယ်” ⚠️

အဆိုပါဘေးအန္တရာယ်ရှိ ကုန်ပစ္စည်းတွေကို သယ်ယူပို့ဆောင်တဲ့အခါ ဘယ်လိုကိုင်တွယ်ထိန်းသိမ်း ဆောင်ရွက်ရမယ်ဆိုတာကို နိုင်ငံတစ်နိုင်ငံချင်းအလိုက်ရော၊ နိုင်ငံတကာစံနှုန်းများနဲ့ပါ သတ်မှတ်ပြဌာန်းဆောင်ရွက်လျက်ရှိပါတယ်။

ဘေးအန္တရာယ်ရှိကုန်ပစ္စည်းတွေရဲ့ ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ ဂုဏ်သတ္တိနဲ့သဘာဝပေါ် မူတည်ပြီး သိပ္ပံနည်းကျ အတန်းအစား (၉)မျိုး ခွဲခြားသတ်မှတ်ထားပါတယ်။

(၁) မီးလောင်ပေါက်ကွဲစေနိုင်သောပစ္စည်းများ (Explosives)
မီးလောင်ပေါက်ကွဲစေနိုင်သော ကုန်ပစ္စည်းများဆိုတာ အပူချိန်၊ ဖိအား၊ ယာဉ်မောင်းနှင်မှုအရှိုန်တို့ကြောင့် ဓာတ်ပြုမှုဖြစ်ပြီး ရုတ်တရက်ပြင်းထန်စွာပေါက်ကွဲ (သို့မဟုတ်) မီးလောင်စေနိုင်တဲ့အပြင် ဘေးအန္တရာယ်ဖြစ်နိုင်လောက်တဲ့အပူချိန်၊ အလင်းရောင်၊ အသံ၊ ဓာတ်ငွေ့နဲ့ မီးခိုးများထွက်ပေါ်စေနိုင်တဲ့ ပစ္စည်းများဖြစ်ပါတယ်။

(၂) ဓာတ်ငွေ့များ (Gases)
ဓာတ်ငွေ့များဟာ သူတို့ရဲ့မီးလောင်လွယ်တဲ့ ဂုဏ်သတ္တိကြောင့် ပြင်းထန်တဲ့ဘေးအန္တရာယ်ကို ဖြစ်ပေါ်စေနိုင်တဲ့အပြင် အောက်ဆီဂျင်နဲ့ဓာတ်ပြုလွယ်မှုကြောင့် လူနဲ့တိရစ္ဆာန်တွေကို အောက်ဆီဂျင်ခမ်းခြောက်ပြီး အသက်အန္တရာယ်ထိပါးတဲ့အထိဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် အဆိပ်သင့်မှု၊ ဓာတုဓာတ်ပြုမှုတို့ကြောင့် လူသားတွေရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် အန္တရာယ်ရှိကုန်ပစ္စည်းများအဖြစ် သတ်မှတ်ထားခြင်းဖြစ်ပါတယ်။
ဓာတ်ငွေ့အုပ်စုမှာ ဖိသိပ်ထားတဲ့ဓာတ်ငွေ့ (Compressed gases) များအပြင် ပုံမှန်လေထုဖိအားမှာ ၂၀ ဒီဂရီစင်တီဂရိတ် အပူချိန်ရောက်ရှိတာနဲ့ ဓာတ်ငွေ့အဖြစ်လုံးဝပြောင်းလဲသွားတဲ့ ဓာတ်ငွေ့ရည်အမျိုးမျိုးကိုပါ ထည့်သွင်းထားပါတယ်။

(၃) မီးလောင်လွယ်သောအရည်များ (Flammable liquids)
မီးလောင်လွယ်သောအရည်များဆိုတာ သတ်မှတ်အပူချိန်တစ်ခု (၆၀ ဒီဂရီစင်တီဂရိတ်နဲ့ ၆၅ ဒီဂရီစင်တီဂရိတ်အကြားထက် မပိုတဲ့အပူချိန်) အရောက်မီးလောင်လွယ်သည့် အငွေ့ပျံမှုကိုဖြစ်စေတဲ့ အရည်အမျိုးမျိုး၊ ပေါင်းစပ်အရည်အမျိုးမျိုးနဲ့ အစိုင်အခဲရောနှောပါဝင်တဲ့ အရည်အမျိုးမျိုးကို ခေါ်ဆိုတာဖြစ်ပါတယ်။

(၄) မီးလောင်လွယ်သောအစိုင်အခဲများ (Flammable solids)
မီးလောင်လွယ်သောအစိုင်အခဲများဆိုတာ ၎င်းတို့ကို သယ်ယူပို့ဆောင်တဲ့အခါ အချင်းချင်းပွတ်တိုက်မိမှုကြောင့် ဒါမှမဟုတ် သူ့ဘာသာဓာတုဓာတ်ပြုမှုကြောင့် မီးလောင်ကျွမ်းနိုင်တဲ့ တနည်းပြောရရင် မီးလောင်ဖို့အသင့်ဖြစ်နေတဲ့ ပစ္စည်းများကိုခေါ်ဆိုပါတယ်။ ဒါ့အပြင်သာမန် သယ်ယူပို့ဆောင်မှု အခြေအနေမှာပဲ စဉ်ဆက်မပြတ် အပူချိန်တက်လာနိုင်ခြေရှိတဲ့ ပစ္စည်းတွေ၊ လေနဲ့ထိတွေ့တာနဲ့ အပူချိန်မြင့်တက်လာနိုင်တဲ့ ပစ္စည်းတွေနဲ့ ရေနဲ့ထိတွေ့တာနဲ့ မီးလောင်လွယ်တဲ့ ဓာတ်ငွေ့တွေကို ထုတ်လွှင့်ပြီး မီးလောင်မှုဖြစ်ပေါ်စေနိုင်တဲ့ပစ္စည်းများကို ခေါ်ဆိုပါတယ်။

(၅) အောက်ဆီဂျင်နှင့်ဓာတ်ပြုလွယ်သောပစ္စည်းများ (Oxidizing substance)
အောက်ဆီဂျင်နဲ့ဓာတ်ပြုလွယ်တဲ့ပစ္စည်းများဆိုတာ ယေဘူယျအားဖြင့် ဓာတုဓာတ်ပြုမှုကြောင့် အောက်ဆီဂျင်တွေထွက်ပေါ်လာပြီး မီးလောင်မှုကိုဖြစ်ပွားစေနိုင်တဲ့ အောဂဲနစ်ပါရောက်ဆိုက်လို ပစ္စည်းများကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ အောက်ဆီဂျင်နဲ့ဓာတ်ပြုလွယ်တဲ့ ပစ္စည်းများဟာ သူ့ဘာသာမီးလောင်လွယ်တဲ့ပစ္စည်းများ မဟုတ်ပေမဲ့ အောက်ဆီဂျင်ထုတ်လွှင့်နိုင်မှုကြောင့် တခြားပစ္စည်းတွေကိုမီးလောင်စေနိုင်တာကြောင့် အန္တရာယ်ရှိပစ္စည်းများအဖြစ် သတ်မှတ်ထားခြင်းဖြစ်ပါတယ်။

(၆) အဆိပ်နှင့် ရောဂါပိုးမွှားကူးစပ်နိုင်သောပစ္စည်းများ (Toxic & Infections substance)
အဆိပ်သင့်စေသောပစ္စည်းဆိုတာ ၎င်းတို့ကိုမြိုချမိရင်၊ ရှုရှိုက်မိရင် ဒါမှမဟုတ် အရေပြားနဲ့ထိတွေ့မိရင် အသက်သေဆုံးသည်အထိ အန္တရာယ်ရှိနိုင်တဲ့၊ ပြင်းထန်စွာနာကျင်ဒဏ်ရာ ရရှိစေနိုင်တဲ့ ဒါမှမဟုတ် လူ့ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်တဲ့ ပစ္စည်းများကို ခေါ်ဆိုပါတယ်။
ရောဂါပိုးမွှားကူးစက်စေနိုင်တဲ့ ပစ္စည်းများဆိုတာ လူနဲ့တိရစ္ဆာန်တွေကို ရောဂါကူးစက်စေနိုင်တဲ့ ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှိုအစရှိတဲ့ မျက်စိနဲ့မမြင်နိုင်တဲ့ ပိုးမွှားလေးတွေပါဝင်တယ်လို့ ယူဆရတဲ့ပစ္စည်းတွေကို ခေါ်ဆိုပါတယ်။

(၇) ရေဒီယိုသတ္တိကြွပစ္စည်းများ (Radioactive Material)
ရေဒီယိုဓာတ်ရောင်ခြည်သင့်မှုကိုဖြစ်စေတဲ့ ရေဒီယိုသတ္တိကြွအမှုန်ကလေးများပါဝင်သော မည်သည့်ပစ္စည်းကိုမဆို ရေဒီယိုသတ္တိကြွပစ္စည်းများဟု သတ်မှတ်ပါတယ်။
ရေဒီယိုသတ္တိကြွပစ္စည်းများဟာ လူ့ကျန်းမာရေးကို ထိခိုက်နိုင်ဖွယ် ဓာတ်ရောင်ခြည်သင့်မှုကိုဖြစ်စေနိုင်တဲ့အတွက် အန္တရာယ်ရှိပစ္စည်းများလို့ သတ်မှတ်ထားတာဖြစ်ပါတယ်။

(၈) ဓာတ်ပြုလွယ်သောပစ္စည်းများ (Corrosives)
ဓာတ်ပြုလွယ်သောပစ္စည်းများဆိုတာ ၎င်းတို့နဲ့ ထိတွေ့မိတာနဲ့ ဓာတုဓာတ်ပြုပြီး အခြားအရာဝတ္ထုတွေရဲ့ဂုဏ်သတ္တိကို လျော့ပါးစေတဲ့၊ ဆွေးမြေ့ပျက်စီးစေနိုင်တဲ့ ပစ္စည်းများကို ခေါ်ဆိုပါတယ်။
ဓာတ်ပြုလွယ်တဲ့ပစ္စည်းများဟာ ၎င်းတို့နဲ့ထိတွေ့မိတဲ့ ပတ်ဝန်းကျင်အရာဝတ္ထုများကိုသာမက သက်ရှိတွေရဲ့အသားအရေကိုပါ ထိခိုက်ပျက်စီးစေတဲ့အတွက် အန္တရာယ်ရှိပစ္စည်းများအဖြစ်သတ်မှတ်ထားခြင်း ဖြစ်ပါတယ်။

(၉) အခြားအန္တရာယ်ရှိပစ္စည်းများ (Miscellaneous dangerous goods)
အထက်မှာဖော်ပြခဲ့တဲ့ အန္တရာယ်ရှိကုန်ပစ္စည်းများမှာ မပါဝင်ပေမဲ့ သယ်ယူပို့ဆောင်စဉ်ကာလအတွင်း အန္တရာယ်ဖြစ်ပေါ်စေနိုင်တဲ့ အခြားကုန်ပစ္စည်းများကို ခေါ်ဆိုပါတယ်။

#Super_Light #Logistics #Knowledge #Warehousing

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN