fbpx

ကောင်းမွန်ပြည့်စုံသည့် Warehouse တစ်လုံး၏ အဓိက KPI များ (KPIs for an effective warehouse operation)

သိုလှောင်ရုံတစ်ခု၏ လုပ်ငန်းတွင်ကျယ်ထိရောက်မှုကို စဉ်းစားသုံးသပ်သည့်အခါ အများအားဖြင့် လျော့ရိလျော့ရဲဖြစ်မှုကိုသာ စဉ်းစားကြလေ့ရှိသည်။ မည်သူမဆို လုပ်ငန်းပိုမိုတွင်ကျယ် ထိရောက်မှုရှိသည့် သိုလှောင်ရုံတစ်ခုကိုသာ စီမံကွပ်ကဲလိုကြမည်ဖြစ်သည်။ သို့ရာတွင် သိုလှောင်ရုံ တွင်ကျယ်ထိရောက်မှုပုံရိပ်ကို အမှန်တကယ် ဖန်တီးပေးနိုင်သည့် တွက်ချက်ခြင်းများနှင့် စပ်လျဉ်း၍ ရံဖန်ရံခါမျှသာ စဉ်းစားလေ့ရှိကြသည်။
သင့် သိုလှောင်ရုံ၏ လုပ်ငန်းတွင်ကျယ်ထိရောက်မှုကို မြှင့်တင်မည်ဆိုလျှင် ဖြစ်ကတတ်ဆန်း လျော့ရိလျော့ရဲ လုပ်ငန်းစဉ်များကို တင်းတင်းကြပ်ကြပ် ဆောင်ရွက်ရေးဟူသော မတိကျ မရေရာသည့် စိတ်ကူးတစ်ခုမျှသာမက ထို့ထက်များစွာ ပိုမို လိုအပ်မည်ဖြစ်သည်။ ဆိုလိုသည်မှာ လုပ်ငန်းတွင်ကျယ်ထိရောက်မှုကို စဉ်ဆက်မပြတ် ပုံမှန်စမ်းသပ်စစ်ဆေးပြီး အကဲဖြတ် တိုင်းတာနိုင်သည့် အဓိကလုပ်ငန်းစွမ်းဆောင်မှုအညွှန်းပြကိန်း (Key Performance Indicators –KPIs) အချို့ကို ရွေးချယ် အသုံးပြုရန် လိုအပ်မည်ဖြစ်သည်။

ဖြည့်ဆည်းပေးမှု
———————-
ကုန်ပစ္စည်းအမှာစာများကို ဖြည့်ဆည်းပေးခြင်းသည် သိုလှောင်ရုံတွင်ကျယ်ထိရောက်မှုကို ကြည့်ရှုရန် အကောင်းဆုံးနည်းလမ်းများအနက် တစ်ခုဖြစ်သည်။ ကုန်ပစ္စည်း အမှာစာများကို ဖြည့်ဆည်းပေးခြင်းဆိုသည်မှာ သုံးစွဲသူများထံမှ ကုန်ပစ္စည်းအမှာစာများကို လက်ခံသည်မှစတင်၍ အဆိုပါ မှာယူသည့်ပစ္စည်းကို မှာကြားသည့် သုံးစွဲသူထံအရောက်ပေးပို့ခြင်းအထိ လုပ်ငန်းစဉ်အဆင့်ဆင့်ကို ခေါ်ဆိုခြင်းဖြစ်သည်။ ကုန်ပစ္စည်းအမှာစာများကို ဖြည့်ဆည်းပေးခြင်းကို တိကျသေချာသော ရေတွက်တိုင်းတာနိုင်သည့် ယူနစ်စံနှုန်းများ (Metrics) များ အဖြစ် ခွဲဝေနိုင်ပြီး အဆိုပါ ယူနစ်စံနှုန်းများက သင့်လုပ်ငန်းကို မြေပြင်ပေါ်တွင် (လက်တွေ့တွင်) အမှန်တကယ် မည်သို့ လုပ်ဆောင်နေကြောင်း မီးမောင်းထိုး ပြသပေးမည် ဖြစ်သည်။

ဥပမာအားဖြင့် –

• သင့်၏ ကုန်ပစ္စည်းအမှာစာ ဖြည့်ဆည်းပေးမှုလုပ်ငန်းစဉ် အဆင့်ဆင့်သည် မည်သို့ ရှိနေသလဲ။ အမှာစာများကို မည်မျှ မြန်မြန်ဆန်ဆန် တုန့်ပြန်ဆောင်ရွက်ပေးနိုင်သလဲ။
• အမှာစာများ၏ မည်သည့်ရာခိုင်နှုန်းကို အောင်အောင်မြင်မြင် ဖြည့်ဆည်းပေးနိုင်ပါသလဲ။ (အမှာစာများကို ဖြည့်ဆည်းပေးရာတွင်မှန်ကန်သည့် မှာကြားသူထံ အချိန်ကိုက် ၊ ကောင်းမွန်သည့် အခြေအနေဖြင့် မှန်ကန်သည့်ကုန်ပစ္စည်းများကို ပေးပို့နိုင်ခြင်းရှိမရှိ)
• ကုန်ပစ္စည်း အမှာစာများဖြည့်ဆည်းပေးမှုကို မည်မျှမှန်ကန်တိကျစွာ ဆောင်ရွက်နိုင်သလဲ။ မှားယွင်းသော (သို့) ပျက်စီးသော ပစ္စည်းများအဖြစ် အမှာစာအရေအတွက် မည်မျှပြန်လည်ရောက်ရှိလာသလဲ။ ပျောက်ဆုံးပစ္စည်းများအတွက် မကျေနပ်ချက်၊ တိုင်ကြားချက်များ၊ အရေအတွက်မည်ရွေ့မည်မျှ ရရှိသလဲ။

အမှာစာများကို တိကျမှန်ကန်စွာ ဖြည့်ဆည်းပေးနိုင်မှုသည် သင့်၏ သိုလှောင်ရုံလုပန်ငန်း ပိုမိုတိုးတက်ကောင်းမွန်အောင် ပြပြင်ရေးအတွက် ကြီးစွာသော အခွင့်အလမ်း တစ်ရပ်အဖြစ် တည်ရှိသည်။ မှားယွင်းစွာ ဆောင်ရွက်မှု အရေအတွက်လျော့ပါးနိုင်သမျှ လျော့ပါးအောင် လျှော့ချနိုင်မှုသည် အခြား သင်ဆောင်ရွက်နိုင်သည့် ပြုပြင်မှုများအားလုံးနီးပါးထက် ပိုမိုကြီးမားသော အကျိုးအမြတ်ကို ပေးစွမ်းနိုင်သည်။ သို့ရာတွင် လက်ရှိတိကျမှန်ကန်စွာ ဆောင်ရွက်နိုင်မှု အခြေအနေနှင့် စပ်လျဉ်း၍ မှန်ကန်စွာ သုံးသပ်တွက်ချက်ရန် လိုအပ်မည်ဖြစ်သည်။

သိုလှောင်ရုံအသုံးပြုမှု
—————————
သိုလှောင်ရုံလုပ်ငန်း တွင်ကျယ်ထိရောက်ရေးအတွက် အခြားအဓိက လုပ်ငန်းစွမ်းဆောင်မှု အညွှန်းပြကိန်းမှာ သိုလှောင်ရုံနှင့် လူ့အရင်းအမြစ်များ အကျိုးရှိရှိ အပြည့်အဝ အသုံးချနိုင်မှုပင်ဖြစ်သည်။ အဆိုပါ သိုလှောင်ရုံနှင့် လူသားအရင်းအမြစ် အသုံးချမှုကိုလည်း အချက်အလက် အစိတ်အပိုင်းများအဖြစ် ခွဲခြမ်းလျက် အချက်အလက်တစ်ခုချင်းစီမှ သင့်လုပ်ငန်းပုံရိပ်ကို မည်သို့ အကျိုးသက်ရောက်မှုရှိစေနိုင်သည်ကို တွေ့မြင်ရမည်ဖြစ်သည်။

ဥပမာအားဖြင့်

• သိုလှောင်ရုံအတွင်း ပစ္စည်းထားသိုနိုင်သည့် နေရာအကျယ်အဝန်း ပမာဏနှင့် လက်ရှိအသုံးပြုနေသည့် နေရာအကျယ်အဝန်း
• လုပ်သားအသုံးပြုနိုင်မှုနှင့် အမှန်တကယ် အသုံးပြုမှု
• ပစ္စည်းကိရိယာ အသုံးပြုနိုင်မှုနှင့် အမှန်တကယ် အသုံးပြုမှု
• လုပ်အားလေလွင့် ဆုံးရှုံးမှုပမာဏ
• ပိုလျှံဝယ်ယူသောပစ္စည်းများ ၊ ပျက်စီးဆုံးရှုံးသော ပစ္စည်းစသည်တို့ကြောင့် လေလွင့်ဆုံးရှုံးရမှု ပမာဏ
• ပျက်စီးကျိုးပဲ့သော လုပ်ငန်းသုံးကိရိယာ တန်ဆာပလာများ (သို့) လက်တွေ့လုပ်ငန်းအတွက် သင့်လျော်မှုမရှိသော ကိရိယာတန်ဆာပလာများကြောင့် ဖြစ်ပေါ်ရသည့် လေလွင့်ပြုန်းတီးမှုများ
• ထိခိုက်အနာတရဖြစ်မှုများနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုမရှိသော လုပ်ငန်းခွင် အခြေအနေများကြောင့် အလုပ်ချိန် အလေအလွင့်ဆုံးရှုံးရမှုများ

လေလွင့်ဆုံးရှုံးမှုနှင့် သိုလှောင်ရုံ အကျိုးရှိစွာ အသုံးချမှုတို့ကို ခြေရာကောက်ရသည်မှာ ကုန်ထုတ်ပစ္စည်းစွမ်းအား အပေါ် ခြေရာကောက်ရသည်ထက် ပိုမိုခက်ခဲမည်ဖြစ်သည်။ အပေါ်ရံမျက်နှာပြင်ပေါ်တွင် အလွယ်တကူ တွေ့မြင်နိုင်မည်မဟုတ်သည့်အရာများကို တိုင်းတာတွက်ဆနိုင်ရန် ပိုမို၍ နက်နက်ရှိုင်းရှိုင်း တူးဆွဖော်ထုတ်နိုင်ရန် လိုအပ်မည်ဖြစ်သည်။
သို့ရာတွင် လေလွင့်ပြုန်းတီးမှုများ လျှော့ချနိုင်ရေး ၊ အမှားနှင့်နှောင့်နှေးကြန့်ကြာမှုများ နည်းပါးစေရေး ၊ လုပ်ငန်းစဉ်များသည် သိုလှောင်ရုံလုပ်ငန်း တွင်ကျယ်ထိရောက်စေမှု တစ်ရပ်လုံး အပေါ် ကြီးမားသော အပြောင်းအလဲ တစ်ရပ်အဖြစ် မြန်မြန်ဆန်ဆန် ဖြစ်ပေါ်လာစေနိုင်မည် ဖြစ်သည်။

အထက်ပါ အချက်များသည် သင့် သိုလှောင်ရုံအတွင်း အပြောင်းအလဲ ဖြစ်ပေါ်စေရန် အကျိုးသက်ရောက်စေမည့် အဓိကလုပ်ငန်း စွမ်းဆောင်မှု အညွှန်းပြကိန်း (KPI) အချို့သာဖြစ်သည်။
သင့်အနေဖြင့် အဆိုပါ (KPI) များကို အသုံးပြုလျက် အခြေခံ အချက်အလက် ရရှိရန် တိုင်းတာတွက်ချက်ပြီး ရလာဒ်များ တိုးတက်ကောင်းမွန်အောင် ပြုပြင်ရေးအတွက် အပြောင်းအလဲများကို လွတ်လွတ်လပ်လပ် တစ်ခုပြီး တစ်ခု အချိန်ယူလျက် ဆောင်ရွက်သွားရမည်ဖြစ်သည်။ ပြောင်းလဲဖြစ်ပေါ်နေသည့် အသေးစိတ်အခြေအနေများကို မျက်ခြေမပြတ် စောင့်ကြည့်အကဲဖြတ်လျက် ပြောင်းလဲတိုးတက်မှုများနှင့် အညီ မဟာဗျူဟာများ စဉ်ဆက်မပြတ် ချမှတ်လုပ်ဆောင်ရန်လိုအပ်မည်ဖြစ်သည်။

#SuperLight #Logistics #Knowledge #KIPS_for_an_effective_warehouse_operation

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN