fbpx

သိုလှောင်ရုံဝန်ထမ်းများအား သင်တန်းပေးရာတွင် ဆောင်ရန်နှင့် ရှောင်ရန်များ (Dos and Don’ts of training warehouse employees)

သိုလှောင်ရုံများတွင် နေ့စဉ်နေ့တိုင်း တစ်နေ့ဝင် ၊ တစ်နေ့ထွက်ဆိုသလို ကုန်ပစ္စည်းများ လက်ခံခြင်း ၊ ကုန်ပစ္စည်း စာရင်းရေးသွင်းပြုစုခြင်း ၊ ပစ္စည်းတင်စင်များပေါ် ထားသိုခြင်း ၊အမှာစာများ လက်ခံဆောင်ရွက်ပေးခြင်း ၊သုံးစွဲသူများထံ သင်္ဘောတင်ပေးပို့ခြင်း စသည့် လုပ်ငန်းများဖြင့် အစဉ်ပျင်းရိအားလပ်ချိန်မရ မနားမနေ ဆောင်ရွက်နေကြရသည်။

ထိုသို့ လုပ်ငန်းများ တွင်ကျယ်ထိရောက်အောင်မြင်ရေးအတွက် အဓိကသော့ချက်မှာ ကောင်းစွာလေ့ကျင့်ထားသည့် အဖွဲ့တစ်ရပ် ရှိနေခြင်းပင်ဖြစ်သည်။ သို့ဖြစ်ရာ သိုလှောင်ရုံဝန်ထမ်းများအား ကောင်းစွာ သင်တန်းပေး လေ့ကျင့်ထားခြင်းမှာ အထူးလိုအပ်သည့် အချက်ဖြစ်သည်။
သို့ရာတွင် သိုလှောင်ရုံဝန်ထမ်းများအား သင်တန်းပေးလေ့ကျင့်ရာတွင် သိရှိထားသင့်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်အချို့ကို တင်ပြလိုက်ပါသည်။

သင်တန်းပေးလေ့ကျင့်မှု၏ ရည်မှန်းချက်
————————————-
သင်တန်းပေးရမှု၏ ရည်မှန်းချက်မှာ အလုပ်သမား ၊ ဝန်ထမ်းသစ်များအား ကုမ္ပဏီ၏ မျှော်မှန်းချက်များနှင့်အညီ ၎င်းတို့၏ သက်ဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရေးဖြစ်သည်။ ထို့ပြင် အလုပ်သမားများ အနေဖြင့် အလုပ်ကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှုရှိစေရန် ဖြစ်သည်။ သို့ရာတွင် ဘေးအန္တရာယ် ကင်းရှင်းလုံခြုံရေးကိုလည်း အစဉ်ဦးစားပေးထားရန် မမေ့လျော့သင့်ပေ။
သို့ဖြစ်ရာ အလုပ်သမား ၊ ဝန်ထမ်းသစ်များအား သင်တန်းပေးရခြင်း၏ ရည်မှန်းချက်များနှင့်အညီ ပြည့်စုံစွာ လေ့ကျင့်နိုင်ရေးအတွက် အောက်ပါ အချက်များအား လိုက်နာဆောင်ရွက်သွားကြရမည်ဖြစ်သည်။

သိုလှောင်ရုံဝန်ထမ်းများအား လေ့ကျင့်ရာတွင် ဆောင်ရန်အချက်များ
(Training Warehouse employees Dos)
———————————————
၁။ အလုပ်သမားများ၏ ကျွမ်းကျင်မှု (အရည်အချင်း) အဆင့်ကို အကဲဖြတ်သုံးသပ်ပါ
(Do assess their skill test)
—————————————————-
ဝန်ထမ်းသစ်များ၏ ကျွမ်းကျင်မှု (အရည်အချင်း) အဆင့်ကို အကဲဖြတ်ခြင်းသည် ၎င်းတို့၏ အကောင်းဆုံး စွမ်းဆောင်နိုင်မှု စွမ်းပကားနှင့် ပျော့ညံ့ချက်ကို စီစစ်ဆုံးဖြတ်ရာတွင် များစွာ အထောက်အကူရစေမည်ဖြစ်သည်။ ၎င်းတို့၏ အတွေ့အကြုံများကို လေ့လာထားရှိခြင်းဖြင့် ၎င်းတို့၏ လုပ်ငန်းစွမ်းဆောင်မှုကို ပြုပြင်ပေးနိုင်မည့် မှန်ကန်သည့် အကြံပြုမှုများကို ပံ့ပိုးပေးသွားနိုင်မည်ဖြစ်သည်။ ထို့ပြင် ၎င်းတို့၏ ယခင်လုပ်ငန်း အတွေ့အကြုံများအပေါ် အခြေခံလျက် ၎င်းတို့၏ ကျွမ်းကျင်မှုနှင့် ကိုက်ညီမည့် လုပ်ငန်းများကို တာဝန်ပေးနေရာချထားနိုင်ခြင်းဖြင့် သင့်လုပ်ငန်းအတွက် ပိုမို အကျိုး ဖြစ်ထွန်းစေနိုင်မည်ဖြစ်သည်။

၂။ အမှာစာနောက်ခြေရာကောက်မှုကို ပထမဆုံး သင်ကြားပါ
(Do teach order tracking first)
————————————————–
သင်တန်း၏ အစပိုင်းတွင်ပင် “ Order tracking” (သို့) “Track & Trace” ခေါ် သုံးစွဲသူများ မှာကြားထားသည့် ကုန်ပစ္စည်းပေးပို့မှု လမ်းကြောင်းအပေါ် အချိန်နှင့် တပြေးညီ လိုက်လံခြေရာကောက်ခြင်းကို သင်ကြားပေးခြင်းဖြင့် သိုလှောင်ရုံ ဝန်ထမ်းသစ်များအနေဖြင့် ၎င်းတို့ ဆောင်ရွက်နေရသည့် လုပ်ငန်းများသည် သိုလှောင်ရုံ (Supply Chain) ကွန်ယက်ဖြင့် မည်သို့ ဆက်သွယ်ချိတ်ဆက်နေသည်ကို ပိုမို နားလည်သဘောပေါက်မှု ရရှိစေမည်ဖြစ်သည်။
၎င်းတို့အနေဖြင့် သိုလှောင်ရုံအတွင်းမှာသာမက ပိုမိုကျယ်ပြန့်သည့် လုပ်ငန်းကွန်ယက်ပုံရိပ်ကို သိမြင်လာစေမည့်အပြင် အမှာစာများ ဖြည့်ဆည်းဆောင်ရွက်ခြင်း ၊ လုပ်ငန်းအလိုက် ဆောင်ရွက်နေရသည့် လုပ်ငန်းကဏ္ဍအပိုင်းအခြားများနှင့် ကုန်ထုတ်လုပ်မှု အဖွဲ့အစည်းတစ်ခုလုံးအပေါ် လွှမ်းခြုံလျက် ဗဟုသုတများ ပိုမိုရရှိလာစေမည် ဖြစ်သည်။

၃။ တသမတ်တည်း မပြောင်းလဲသည့် အလုပ်အတွက် ဆု ပေးပါ
(Do reward consistent work)

—————————————

တသမတ်တည်းသော အလုပ်တွင် မပြောင်းမလဲ လုပ်ငန်းဆောင်ရွက်နေသော ဝန်ထမ်းများအား ဆုချီးမြှင့်ခြင်းသည် စိတ်ဓာတ်ခွန်အားနှင့် စိတ်ပါဝင်စားအောင် လှုံ့ဆော်တိုက်တွန်းမှုအဆင့်ကို ပိုမို မြင့်မားလာစေရန် အထောက်အကူပြုပေးနိုင်သည်။ ၎င်းတို့၏ လုပ်ငန်းအတွက် ပေးဆပ်မှုကို အများရှေ့တွင် ထုတ်ဖော် အသိအမှတ်ပြု ချီးကျူးမှုကို ဆောင်ရွက်ပါ။ ထိုသို့ ဆောင်ရွက်ခြင်းသည် အလုပ်အပေါ် ဂုဏ်ယူလိုစိတ်ကို သွတ်သွင်းပေးခြင်းနှင့် ဝန်ထမ်းများအတွင်း ရဲဘော်ရဲဘက်စိတ် တည်ဆောက်ပေးခြင်းတို့ကို များစွာ ထောက်ကူပေးသွားနိုင်မည် ဖြစ်သည်။

သိုလှောင်ရုံဝန်ထမ်းများအား လေ့ကျင့်ရာတွင် ရှောင်ရန်အချက်များ
(Training Warehouse employees Don’ts)
————————————————
၁။ သိရှိလိုသည်ကို အခက်တွေ့အောင် မလုပ်ပါနှင့်
(Don’t be hard to find)
—————————-
ဝန်ထမ်းသစ်များအနေဖြင့် သိုလှောင်ရုံလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ သိရှိလိုသည့် မေးခွန်းများ ကျိန်းသေမလွဲဧကန်ရှိနေမည်မှာ အမှန်ပင်ဖြစ်သည်။ ၎င်းတို့အနေဖြင့် မေးခွန်းများ မေးလိုသည့်အချိန်တိုင်း ဖြေကြားပေးမည့်သူ အသင့်ရှိနေစေရန် (သို့) သင်ကိုယ်တိုင် ဖြေကြားပေးနိုင်ရန် ပြင်ဆင်ထားသင့်သည်။
အကယ်၍ ဝန်ထမ်းတစ်ဦးအနေဖြင့် အဖြေတစ်ခု ရရှိရန်လိုအပ်သည့် အချိန်တိုင်း သင့်ကို ခက်ခက်ခဲခဲ အချိန်အတန်ကြာ ရှာဖွေနေရပါက (သို့) ၎င်းတို့ မေးမြန်းမှုအပေါ် အချိန်ပေး၍ ဖြေကြားခြင်းမျိုးမလုပ်ပဲ အလျင်စလို ဖြေကြားခဲ့ပါက ၎င်းတို့အနေဖြင့် စိတ်ပျက်၊ စိတ်ဓာတ်ကျသွားမည်ဖြစ်ပြီး နောက်ထပ်မေးမြန်းကြတော့မည် မဟုတ်ပေ။

၂။ ဝန်ထမ်းသစ်များအပေါ် ဝန်မပိပါစေနဲ့
(Don’t overwhelm new workers)
——————————————–
ဝန်ထမ်းသစ်များ ခန့်အပ်ခြင်းမှာ ၎င်းတို့၏ လုပ်အားကို ရယူလိုခြင်းကြောင့် ဖြစ်ပြီး ဝန်ထမ်းသစ် (သင်တန်းသား)များအပေါ် တာဝန်ပေး ခိုင်းစေရန်မှာ လွယ်ကူသည့်ကိစ္စတစ်ရပ်ဖြစ်သည်။ သို့ရာတွင် လုပ်ငန်းတာဝန် အများအပြားကို အလွန် လျင်လျင်မြန်မြန်တာဝန်ပေးခြင်းနှင့် စပ်လျဉ်း၍ အထူးဂရုပြုဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သည်။
ဝန်ထမ်းသစ်များအပေါ် အလုပ်တာဝန်ပိအောင် ဆောင်ရွက်စေခြင်းသည် အမှားအယွင်းများ ပိုမို ဖြစ်ပွားလာစေနိုင်သည့်အပြင် အလုပ်တာဝန်ပိမှုကြောင့် ကိုယ်အားစိတ်အား ချုံးချုံးကျကာ ထုတ်လုပ်မှုစွမ်းရည် နိမ့်ဆင်းသွားစေနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။

၃။ သင်ကိုယ်တိုင် တစ်ချိန်က ဝန်ထမ်းသစ်ဖြစ်ခဲ့ဖူးသည်ကို မမေ့ပါနှင့်
(Don’t forget you were once a new employeer)
————————————————————
သင်၏ လေ့ကျင့်သင်တန်းပေးမှု မဟာဗျူဟာများ ပိုမိုကောင်းမွန်တိုးတက်လာစေရန် သင်ကိုယ်တိုင် တက်ရောက်ခဲ့ဖူးသည့် သိုလှောင်ရုံသင်တန်းအတွေ့အကြုံများကို ပြန်စဉ်းစားပါ။
သင့် သင်တန်းသားများ၏ လေ့လာသင်ကြားမှုအပေါ် စိတ်ရှည်သည်းခံမှုကို အကောင်းဆုံးကျင့်သုံးပါ။ သင်ကိုယ်တိုင် သင်တန်းသားအဖြစ် တက်ရောက်ခဲ့စဉ်က ကျူးလွန်ဖူးသည့် အမှားမျိုး ယခု သင့်သင်တန်းသားများ ကျူးလွန်ကြခြင်းကို နားလည်ခွင့်လွှတ်စာနာပါ။
သင်တန်းသားများအပေါ် အားမလိုအားမရ မချင့်မရဲ အလွယ်တကူ ဖြစ်နိုင်ပါသည်။ သို့ရာတွင် သင်ကိုယ်တိုင် ကြုံတွေ့ခဲ့ရဖူးသည့် သင်တန်းသားဘဝ အတွေ့အကြုံများကို မျက်ကွယ်မပြုမိစေရန်မှာ အရေးပါသည့် အချက်ဖြစ်သည်။
အနည်းငယ်မျှသာ ကြိုတင်ပြင်ဆင်စီစဉ်မှုနှင့် ထောက်ထားညှာတာ စာနာတတ်မှုသည် သင့်ဝန်ထမ်းများအား သင်မျှော်လင့်ထားသည့်အတိုင်း စွမ်းဆောင်ရည်များ လျင်လျင်မြန်မြန် ရရှိစေပြီး သင့်သိုလှောင်ရံ လုပ်ငန်းများတွင်ကျယ်ထိရောက်စွာ ဆက်လက်လည်ပတ်ရေးအတွက် များစွာ အထောက်အကူပြုသွားကြမည်ဖြစ်သည်။

 

#SuperLight #Logistics #Knowledge #Warehousing

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN