fbpx

Warehouse Manager တွေအတွက် ရေပန်းစားသည့်မေးခွန်း (၄)ခု

သိုလှောင်ရုံမန်နေဂျာတစ်ဦးအနေဖြင့် သိုလှောင်ရုံလုပ်ငန်း လည်ပတ်မှု တွင်ကျယ်ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် တီထွင်ဆန်းသစ်သည့် နည်းလမ်းများ ရယူဆောင်ရွက်ရန်မှာ သင်၏ တာဝန်ပင်ဖြစ်သည်။ အခြေခံအားဖြင့် သင့်၏ ရည်မှန်းချက်မှာ ကုန်ကျစရိတ်များ လျော့နည်းကျဆင်းပြီး သုံးစွဲသူများ၏ ကျေနပ်နှစ်သက်မှုမြင့်မားလာစေရန် ကြိုးပမ်းဆောင်ရွက်ရေးဖြစ်သည်။ သို့ရာတွင် အဆိုပါ ရည်မှန်းချက် ပြည့်မြောက်အောင်မြင်ရေးအတွက် မည်သို့ စတင်ဆောင်ရွက်ရမည်ကို ဝေခွဲမရဖြစ်နေပါက အောက်ဖော်ပြပါ သိုလှောင်ရုံမန်နေဂျာများအတွက် ယေဘူယျအကျဆုံး မေးခွန်း (4) ခုကို ဖြေကြည့်လိုက်ပါ။

 ၁။ သင့်အနေဖြင့် သတိမမူ ၊ မျက်စိမသျှမ်းသင့်သည့် ကိစ္စရပ်များမှာ မည်သည့်အရာများ ဖြစ်သနည်း?

🔷 အချို့သော အခက်အခဲနှင့် စိန်ခေါ်မှုများမှာ လျစ်လျှူရှုမထားသင့်ပေ။ ဥပမာအားဖြင့် ကုန်ပစ္စည်းများအား သတ်မှတ်ချိန်အပြီး ပေးပို့နိုင်ရန် မည်သို့ဆောင်ရွက်သင့်သည်ကို ဆုံးဖြတ်ဖြေရှင်းပေးခြင်းမျိုးနှင့် ပျက်စီးချွတ်ယွင်းနေသော ထုတ်ကုန်များနှင့် စပ်လျဉ်း၍ မည်သို့ဆောင်ရွက်ရမည်ကို ဆုံးဖြတ်ဆောင်ရွက်ခြင်းမျိုးဖြစ်သည်။ သို့ရာတွင် မကြာခဏဆိုသလို သတိမထားမိပဲ မျက်စိသျှမ်းတတ်သည့် ကိစ္စဖြစ်ပြီး သိုလှောင်ရုံမန်နေဂျာများ ပိုမိုသတိပြုသင့်သည့် ကိစ္စရပ်မှာ လေလွင့်ပြုန်းတီးမှုကို လျှော့ချရေးပင်ဖြစ်သည်။ လေလွင့်ပြုန်းတီးမှုမှာ ပုံစံမျိုးစုံဖြင့် ဖြစ်ပေါ်နိုင်သည်။ ဥပမာအားဖြင့် ပစ္စည်းတင်စင်များပေါ်တွင် တင်ထားသည့် ပိုလျှံကုန်ပစ္စည်းများမှသည် အသုံးစရိတ်များ မြင့်တက်စေသည့် တွင်ကျယ်ထိရောက်မှုမရှိသော လုပ်ငန်းလည်ပတ်မှုအထိ လေလွင့်ပြုန်းတီးမှုများ ရှိနေနိုင်သည်။
သို့ရာတွင် သိုလှောင်ရုံမှ အလဟသ လေလွင့်ပြုန်းတီးမှုများကို ခွဲခြမ်းစိစစ်နိုင်ရန် မည်သို့ စတင်ရမည်ကို ဝေဝါးနေပါက lean six sigma ကို အသုံးပြုလိုက်ပါ။ Lean six sigma မှာ လေလွင့်ပြုန်းတီးမှုများကို ရှာဖွေဖော်ထုတ်ပြီး လျှော့ချနိုင်စေရေးအတွက် အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာနိုင်ရန် အထောက်အကူ ပြုပေးနိုင်သည့် နည်းပညာတစ်ရပ် (သို့) နည်းလမ်းတစ်ခုပင်ဖြစ်သည်။ (Lean six sigma နှင့် စပ်လျဉ်း၍ သီးခြားထပ်မံ တင်ပြပေးမည် ဖြစ်သည်)။ သင့်ရည်မှန်းချက်မှာ လုပ်ငန်းတွင်ကျယ်ထိရောက်မှုကို မြှင့်တင်ရေးနှင့် လုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေး ကြိုးပမ်းအားထုတ်မှုတွင် လက်ရှိ ချမှတ်ဆောင်ရွက်နေသည့် လုပ်ထုံးလုပ်နည်း ၊ နည်းစနစ်များမှာ ထိရောက်မှုရှိ ၊မရှိ အမှန်တကယ် လိုအပ်မှု ရှိ၊မရှိ ပိုင်းခြားဝေဖန်ဆုံးဖြတ်ရန်ပင်ဖြစ်သည်။

 ၂။ ပြသနာဖြစ်နေသည့် နေရာများကို မည်ကဲ့သို့ ခွဲခြမ်းစီစစ်ရွေးချယ်နိုင်မည်နည်း ?

🔷 အချိန်နှင့် တပြေးညီ အချက်အလက်များကို အမိအရ ရယူပြီး ချင့်ချိန်အကဲဖြတ်ခြင်းသည် ပြသနာများကို ရှာဖွေရာတွင် များစွာ အထောက်အကူပြုပေးမည်ဖြစ်ပြီး သိုလှောင်ရုံအတွင်း လိုအပ်နေသည့် လစ်ဟာမှု ၊ ချွတ်ယွင်းမှုများကို သိရှိလာစေနိုင်မည်ဖြစ်သည်။ သို့ဖြစ်ရာ အဆိုပါ အချက်အလက်များ မည်သို့ရရှိနိုင်မည်ဆိုသည်မှာ အရေးပါသည့် အချက်တစ်ရပ်ဖြစ်လာသည်။ သင့်အနေဖြင့် သိုလှောင်ရုံ စီမံခန့်ခွဲမှုဆော့ဖ်ဝဲလ် (Warehouse management software) ကိုအသုံးပြုနိုင်မည် ဖြစ်သည်။ Warehouse management software (WMS) ကို အသုံးပြုလျက် ပုံမှန် အစီရင်ခံစာများကို စီမံဆောင်ရွက်ရာမှ စုဆောင်းရရှိလာသည့် အချက်အလက်များသည် အပြုသဘော အလားအလာများနှင့် အပျက်သဘော အလားအလာများကို သိမြင်လာစေရန် လမ်းဖွင့်ပေးမည်ဖြစ်သည်။ ထိုသို့ အပေါင်းလက္ခဏာနှင့် အနှုတ်လက္ခဏာဆောင်သော အလားအလာများကို ခန့်မှန်းသိရှိနိုင်ခြင်းဖြင့် သင့်လျော်သလို တုန့်ပြန်ဆောင်ရွက်သွားနိုင်မည် ဖြစ်သည်။ ထို့ပြင် ဝန်ထမ်း ၊အလုပ်သမားများ၏ တုန့်ပြန်ချက် ၊ အကြံပြုချက်များကို စုစည်းအသုံးပြုနိုင်သည်။ သင့်ဝန်ထမ်းများအား ပြသနာများကို ရှာဖွေတွေ့ရှိတတ်အောင် လေ့ကျင့်ပေးထားရန်နှင့် တွေ့ရှိသည့်ပြသနာ (ကိစ္စရပ်)များကို လျစ်လျှူမရှုပဲ အသိပေးတင်ပြရေး ၊ တိုက်တွန်းနှိုးဆော်အားပေးထားရန်ဖြစ်သည်။ သုံးစွဲသူများ၏ သဘောထား ၊အကြံပြုချက်များကိုလည်း စစ်တမ်းပြုလုပ်ကာ ရက်သတ္တပတ်အလိုက် (သို့) လစဉ် (သို့) ၃လတစ်ကြိမ် စသည်ဖြင့် စီစစ်သုံးသပ် အကဲဖြတ်မှု ပြုလုပ်ကာ မည်သည့်အချက်များ ပိုမိုကောင်းမွန်အောင် ပြုပြင်ဆောင်ရွက်ရမည်ကို ဝေဖန်ဆန်းစစ်သွားရမည် ဖြစ်သည်။

 ၃။ လုပ်ငန်းများပိုမိုလျင်မြန်ထိရောက်ရေးနှင့် ပိုမိုတွင်ကျယ်ရေးအတွက် အခါအအခွင့်များကို မည်ကဲ့သို့ အကဲဖြတ်သုံးသပ်နိုင်သနည်း ?

🔷 အများအားဖြင့် အရာရာတိုင်းသည် တွင်တွင်ကျယ်ကျယ် ထိထိရောက်ရောက်ပဲ လုပ်ဆောင်နေကြသည်ဆိုသော သဘောထားအမြင်တစ်ရပ်အတွင်း အလွယ်တကူ သက်ဆင်းကြလေ့ရှိသည်။ အဆိုပါ သဘောထား သက်ဝင်နေမှုကြောင့် ပိုမိုတိုးတက်ကောင်းမွန်အောင် ပြုပြင်နိုင်မည့် အခါအခွင့်များ ရှာဖွေရန် ရပ်တန့်လိုက်ပါက သင့်အေနဖြင့် သင်ကိုယ်တိုင် အန္တရာယ်မကင်းသော ထိခိုက်နစ်နာစေနိုင်သော လုပ်ရပ်တစ်ခုကို ဆောင်ရွက်နေခြင်းပင်ဖြစ်သည်။ ထိုသို့ မဖြစ်စေရေးအတွက် အကောင်းဆုံးသော နည်းလမ်းမှာ သိုလှောင်ရုံလုပ်ငန်းများ၏ ကုန်ကျစရိတ်ကို ဆန်းစစ်လေ့လာသုံးသပ်ရန်ပင် ဖြစ်သည်။ အချို့သော လုပ်ငန်းစဉ် ၊ လုပ်နည်းစနစ်များသည် မည်သည့်အတွက် ထိုမျှကုန်ကျနေသလဲ ၊ မည်သို့ လုပ်ဆောင်နေကြသလဲ ဆိုသည်ကို သုတေသနပြုလုပ်ပါ။ လေ့လာဆန်းစစ်ပါ။ သိရှိနားလည်အောင် ကြိုးစားပါ။ ထို့နောက်မိမိ၏ ကုန်ကျစရိတ် အခြေအနေ မည်သို့ ရှိနေသည်ကို အခြားအလားတူ ကုန်စည်ဖြန့်ဖြူးရေးစင်တာများနှင့် နှိုင်းယဉ်နိုင်ရန် စံသတ်မှတ်ထားသော လုပ်နည်းလုပ်ဟန် တစ်ရပ်ကို အသုံးပြုလျက် နှိုင်းယှဉ် အကဲဖြတ်သုံးသပ်ကြည့်ပါ။ ကုန်ကျစရိတ်များအပေါ် သရုပ်ခွဲ ပိုင်းခြားစီစစ်ဝေဖန်သော သဘောတရားတစ်ရပ်ကို လက်ကိုင်ပြုလျက် သင့်အနေဖြင့် ပြုပြင်မှုများ ပြုလုပ်ရန် လိုအပ်ဖွယ်ရှိနေရာများ (လုပ်ငန်းဌာနနှင့် လုပ်နည်းစနစ်များ) များကို ခွဲခြားစီစစ်ရွေးချယ်လာနိုင်မည် ဖြစ်သည်း။ ထို့နောက် သင့်အနေဖြင့် သင့်၏ အထွေထွေ အသုံးစရိတ်များကို ပိုမိုလျော့ပါးစေနိုင်မည့် နည်းလမ်းတစ်ရပ်ဖြင့် ပိုမိုသွက်လက် လျင်မြန်ထိရောက် တွင်ကျယ်သည့် လုပ်ငန်း လည်ပတ်မှုများအပေါ် သင်၏ ကြိုးပမ်းအားထုတ်မှုကို အာရုံပြုလာနိုင်မည် ဖြစ်သည်။

 ၄။ မည်သည့်နည်းပညာများ (သိုလှောင်ရုံတွင် အသုံးပြုမည်ဆိုလျှင်) ကို ထည့်သွင်းစဉ်းစားသင့်ပါသနည်း ?

🔷 ယုံကြည်စိတ်ချအားထားရသည့် သိုလှောင်ရုံ စီမံခန့်ခွဲမှုစနစ် (Warehouse management system – WMS) တစ်ရပ် အသုံးပြုရခြင်းသည် အမှန်ကန်ဆုံး ရွေးချယ်မှုပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လက်ရှိနည်းပညာများ၏ ထိပ်ဆုံးတွင် ရပ်တည်နေသော Warehouse management system (WMS) သည် ကုန်စည်ဖြန့်ဖြူးရေးစင်တာ တစ်ခုကို ထိရောက်စွာ လည်ပတ်နိုင်ရေးအတွက် လိုအပ်သော အရေးပါဆုံးလက်နက်ကိရိယာ တစ်ရပ်ဖြစ်သောကြောင့်ပင် ဖြစ်သည်။ အလုပ်သမား စီမံခန့်ခွဲမှု လက်နက်ကိရိယာ (နည်းပညာ)များသည်လည်း အလုပ်သမားများ၏ ထုတ်လုပ်နိုင်မှုစွမ်းရည်အဆင့်ကို အကဲဖြတ်သုံးသပ်ရာတွင် အထောက်အကူပြုပေးနိုင်သည့် အဖိုးတန်နည်းပညာများပင် ဖြစ်သည်။ အဆိုပါ နည်းပညာများကို အသုံးပြုလျက် လူမှန်နေရာမှန်အဖြစ် အလုပ်သမားများကို တာဝန်ခွဲပေးချထားပေးနိုင်မည်ဖြစ်သည်။ အထွေထွေ အသုံးစရိတ်များ ကာမိစေရေးအတွက်လည်း အလိုအလျောက် ကိရိယာတန်ဆာပလာများကို အသုံးပြုနိုင်သည့် နည်းပညာများ ရင်းနှီးမြှုပ်နှံရေးကိုလည်း ထည့်သွင်းစဉ်းစားသင့်သည်။ သိုလှောင်ရုံ မန်နေဂျာတစ်ဦးအနေဖြင့် သင့်လုပ်ငန်း ပိုမိုတိုးတက်ကောင်းမွန်အောင် ပြုပြင်ရေး၊ လုပ်ငန်းတွင်ကျယ် ထိရောက်မှုမြင့်တက်လာစေရေးနှင့် ကုန်ကျစရိတ် ချွေတာနိုင်ရေးတို့အတွက် အခွင့်အလမ်း၊ အခါအခွင့်များကို အစဉ်အမြဲ ဖော်ထုတ်စိစစ်ဆောင်ရွက်နေရမည် ဖြစ်သည်။
အထက်တွင် တင်ပြခဲ့သည့် သိကောင်းစရာများ ၊နည်းပညာများနှင့် အတွေးအမြင်များကို သေချာစွာ ခွဲခြမ်းစိတ်ဖြာလေ့လာသုံးသပ်ပြီး သင့် သိုလှောင်ရုံလုပ်ငန်း ပိုမို လျင်မြန်ထိရောက်စေရေးအတွက် အကောင်းဆုံး အသုံးချနိုင်ရန် တင်ပြလိုက်ပါသည်။

#SuperLight #Logistics #Knowledge #4Popular_Warehouse_Manager_Questions

Share on facebook
Share
Share on linkedin
Share
Share on twitter
Twitter
en_USEN